Thursday, September 10, 2015

အင်ဒိုနီးရှားမှ ပြန်ရောက်လာသော မြန်မာရေလုပ်သားများက လူကုန်ကူးခံရမှုတိုင်ကြား

အင်ဒိုနီးရှားနိုင်ငံရှိကျွန်းများတွင် ပစ်ထားခံခဲ့ရသော မြန်မာရေလုပ်သား ၂၆ ဦးသည် စက်တင်ဘာ ၉ ရက်က ပြန်လည်ရောက်ရှိလာပြီး လူကုန်ကူးခံရမှု ဖြင့်တိုင်ကြားသူများရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ သတင်းရရှိသည်။

မြန်မာရေလုပ်သားများသည်လူကုန်ကူးခံရကြောင်း စက်တင်ဘာ၉ ရက်ကတိုင်ကြားသ ဖြင် တရားခံများကို ဖမ်းဆီးနိုင်ရန် အင်တာပိုနှင့်ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးရဲဝင်းအောင်က ပြောသည်။

‘‘ဧပြီလလောက်ကတည်းက အင်ဒိုကျွန်းပေါ်ရောက်နေတဲ့သူတွေရှိတယ်ကြားလို့ အေပီသတင်းဌာနက သတင်းနဲ့ပေါင်းစပ်ပြီး ဂျကာတာက မြန်မာသံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်။ လူကုန်ကူးသူတွေကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တိတိကျကျတိုင်ကြားလာရင် ပြည်ပကလူကုန်ကူး သူတွေကိုအင်တာပိုနဲ့ ချိတ်ဆက်ပြီဖမ်းဆီးပေးမယ်’’ဟု ရဲမှူး ရဲ ၀င်းအောင်က ပြောသည်။

ကော့သောင်းမြို့တွင်နေထိုင်သော မြန်မာရေလုပ်သားကိုဇင်ကိုသည် စက်တင်ဘာ၉ ရက်က လေယာဉ် ပေါ်မှ ဆင်းဆင်းချင်း ၎င်းအားရောင်းစားခဲ့သည့် လူပွဲစားနိုင်ဝင်း၏ဓာတ်ပုံကိုပြသကာ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့သို့တိုင်ကြား ခဲ့သည်။

‘‘နိုင်ဝင်းက ကျွန်တော်တို့ကိုရောင်းစားလိုက်တယ်။ရောင်းစားပြီးလှေထဲရောက်သွားတယ်။ ကျွန်တော် အပါအ၀င်လူ၃၀၀ ပါတယ်။၂၀၁၄ နှစ်တုန်းကဖြစ်ခဲ့တာ။အခုကျွန်တော်တို့ ရဲကိုတိုင်လိုက်တယ်’’ဟု လူကုန် ကူးခံရသည့် အသက် (၂၁) နှစ်အရွယ် ကိုဇင်ကိုကပြောသည်။

လူကုန်ကူးခံရသူများသည် ငါးဖမ်းလိုင်စင်အတုဖြင့် ငါးခိုးဖမ်းသည့် ထိုင်းနိုင်ငံသားပိုင်ငါးဖမ်း စက်လှေပေါ် သို့ ရောက်ရှိပြီး အင်ဒိုနီးရှားရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေစဉ် အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံရကြောင်း ၎င်းတို့က ပြောသည်။

‘‘ကော့သောင်းကနေ သူငယ်ချင်းတစ်ယောက်က အလုပ်ကောင်းတယ်ဆိုတာနဲ့ ပွဲစားနဲ့ ချိတ်ပြီး လှေပေါ်ရောက်တော့ ထိုင်းလှေကလိုင်စင်အတုဖြစ်နေတယ်။ အင်ဒိုရဲကဖမ်းပြီး ပဲ့နင်းကို ထောင်လေးနှစ် ချလိုက်တယ်။ ကျွန်တော်တို့ ထောင်မှာအကျယ်ချုပ်ကျတုန်း သံရုံးကလာဆက်သွယ်လို့ ပြန်ရောက်လာ တာ’’ဟု ၁၇ နှစ်ကြာ အိမ်နှင့်ခွဲခွာနေရသည့် အသက် (၃၁) နှစ်အရွယ် ပဲခူးတိုင်းဒေသကြီး ဇောင်းတူမြို့ နယ်မှ ကိုချစ်စမ်းမောင်က ပြောသည်။ အမျိုးသမီးနှင့်ကလေးများကို လူကုန်ကူးပါကလူကုန်ကူးမှု ဥပဒေ ပုဒ်မ- ၂၄ အရ ထောင်ဒဏ်(၁၀) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး အမျိုးသားများကိုလူကုန်ကူးပါက လူကုန်ကူးမှုဥပဒေပုဒ်မ- ၂၅ အရ ထောင်ဒဏ်ငါးနှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ