ရန်လိုခြင်းနှင့်
မေတ္တာထားခြင်း
လူမှန်လျှင်
ပြဿနာရှိသည်။ လူအများဖြင့် ဖွဲ့တည်ထားသော လူ့အဖွဲ့အစည်းတိုင်းတွင် ပြဿနာပေါင်း များစွာရှိသည်။
ထိုကဲ့သို့သော လူ့အဖွဲ့အစည်းတွင် မွေးဖွားရှင်သန်နေကြသည့် ကျွန်ုပ်တို့ထံတွင်လည်း ပြဿနာများ၊
အခက်အခဲများ ရှိသည်။ ထို့သို့ နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာများကို ကျွန်ုပ်တို့
မည်သို့ ရှုမြင်၊ ဖြေရှင်းနေကြသနည်း။
ချစ်ခင်စိတ်၊
မေတ္တာစိတ်ဖြင့် ချဉ်းကပ်ကြည့်ပါက ကိုယ်ချင်းစာခြင်း၊ နားလည်ပေးခြင်း၊ ခွင့်လွှတ်ကျေအေးခြင်းတို့ဖြင့်
ပြဿနာ၊ အခက်အခဲများ ပြေလည်သွားတတ်သည်။ ရန်လိုစိတ်၊ အမုန်းစိတ် အခံတို့ဖြင့် ချဉ်းကပ်ကြည့်ပါမူ
အပြစ်မြင်ခြင်း၊ အထင်သေးခြင်း၊ အပြစ်ပေးအရေး ယူခြင်းတို့ဖြင့် ပြဿနာ၊ အခက်အခဲများ ပိုကြီး၊
ပိုရှုပ်ထွေးကာ ပိုရှင်းရခက်သွားတတ်သည်။
ကျွန်ုပ်တို့
တစ်ဦးချင်းစီ၏ ပင်ကိုစိတ်အခံနှင့် ပတ်ဝန်းကျင်၏ တွန်းအားအပေါ် မူတည်ကာ ကျွန်ုပ်တို့ကိုယ်စီ
ရင်ဆိုင်ရသော ပြဿနာ အခက်အခဲများ ပြေလည်ခြင်း၊ ရန်မီးပွားခြင်း အဖြေများ ရတတ်သည်။ မေတ္တာစိတ်ဖြင့်
မကြည့်နိုင်လျှင်ပင် အကြောင်းအကျိုးသဘောဖြင့် လျစ်လျူရှုထားနိုင်ပါက ပြဿနာ ပိုမကြီးနိုင်ပေ။
သို့သော် အတ္တကိုအခြေခံသည့် အများစုသော လူ့သဘာဝကြောင့် နေ့စဉ်နှင့်အမျှ ပြဿနာများ ပိုများ၊
ပိုကြီးထွား လာခြင်း ဖြစ်သည်။
ကျင့်သုံးအုပ်ချုပ်သောစနစ်၏
ချို့ယွင်းချက်ကြောင့် ဆင်းရဲသောနိုင်ငံတို့တွင် အခြားနိုင်ငံများထက် ဖိအားပိုများသောကြောင့်
ရန်လိုစိတ် ပိုများတတ်သည်။ အထူးသဖြင့် ကြောက်စိတ်ယှဉ်တွဲနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့သည်
ပတ်ဝန်းကျင်ကိုတုံ့ပြန်ရာတွင် ရန်လိုစိတ်ကဲနေ တတ်သည်။ ကြောက်စိတ် ဆိုသည်မှာ အတ္တ၊ ကိုယ်ကျိုးစီးပွားမှ
ဖြစ်ပေါ်လာသော စိုးရိမ်သောကကို အခြေပြုထားသည်။ ယင်းကြောက်စိတ်ကို ပညာသတိချွန်းဖြင့်
စောစီးစွာ မအုပ်နိုင်ပါက မုန်ယိုသောဆင်ကဲ့သို့ ထိန်းရခက်တတ်သည်။
ယနေ့
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာ အရပ်ရပ်သည် လတ်တလော ရှင်သန်ရပ်တည်ရေးနှင့် အနာဂတ်
ဘဝလုံခြုံရေးအတွက် စိုးရိမ်သောကမှ ထွက်ပေါ်လာသော ကြောက်စိတ်ဖြင့် ချဉ်းကပ်ဖြေရှင်းနေသောကြောင့်
မီးကို မီးနှင့်ငြှိမ်းရန် ကြိုးစားနေခြင်းနှင့် အလားသဏ္ဌာန်တူသည်။ အခြားတစ်ဖက်တွင်လည်း
မူလကပင် ကြောက်စိတ်ရှိနေသူများကို ပို၍ စိုးရိမ်သောကကြီးသွားစေမည့် ဖိအားများဖြင့်
အကျပ်အတည်းတစ်ခုသို့ တွန်းပို့သကဲ့သို့ ဖြစ်နေပါလျှင် မီးတောက်ကို မီးထိုးပေးသကဲ့သို့သာ
ဖြစ်သွားတတ်ပေသည်။
လောင်မြိုက်ပူပြင်းတတ်သည့်သဘောရှိသည့် သောကမီး၊ လောဘမီး၊ ဒေါသမီးများကို အေးမြသည့်သဘောရှိသည့် မေတ္တာရေဖြင့် ငြှိမ်းပါမှ
ငြိမ်းနိုင်သည်။ ဤအချက်မှာ များစွာရိုးရှင်းသော်လည်း အတ္တနှင့် လောဘဖုံးနေပါက မမြင်နိုင်ပေ။
အတ္တနှင့် လောဘကို လျှော့ကြည့်ပါမှ မြင်နိုင်သည်။ လျှော့သည့် အတိုင်းအတာအပေါ် မူတည်ကာ
ငြိမ်းချမ်းသည့် မေတ္တာတရား၏အကျိုးကို ခံစားရရှိနိုင်သည်။ လူ့အဖွဲ့အစည်း တစ်ခုလုံးနှင့် ဆိုင်သော
ပြဿနာအခက်အခဲများ ပြေလည်ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ တစ်ဦးချင်းစီက လက်တွေ့စမှ
ရမည်ကို သိရပေမည်။
လူငယ်များအတွက်
No comments:
Post a Comment