အဖွဲ့အစည်းတိုင်း၏ဦးဆောင်မှု အခန်းကဏ္ဍကိုတာဝန်ယူကြရသော
ခေါင်းဆောင်ပိုင်းတွင် မရှိမဖြစ်တာဝန်ယူရသော တာဝန် (၉) ရပ်ရှိသည်ကို တွေ့ရှိရသည်။
ယင်းတို့မှာ-
(၁) ယုံကြည်သက်ဝင်စေခြင်း
(၂) ကိုယ်တိုင်တတ်ကျွမ်းသိရှိနားလည်ခြင်း
(၃) တာဝန်ယူလိုစိတ်နှင့် တာဝန်ယူတတ်ခြင်း
(၄) စွမ်းဆောင်ရည်တိုးတက်လာခြင်း
(၅) စံနမူနာပြသနိုင်ခြင်း
(၆) တာဝန်ရှာဖွေယူခြင်း
(၇) စေခိုင်းတတ်ခြင်း
(ဂ) မေတ္တာထားခြင်း
(၉) အသိပညာပေးခြင်းတို့ဖြစ်သည်။
ခေါင်းဆောင်ဖြစ်လာသူတစ်ဦးသည်ရည်မှန်းချက်ပန်းတိုင်ချမှတ်ရမည်။လက်အောက်ကို ဆောင်ရွက် ကြရမည်။ အလုပ်တာဝန်များညွှန်ကြားရမည်။ လုပ်ဆောင်ပါဝင်ချင်အောင်
စည်းရုံးလှုံ့ဆော်ရမည်။ လုပ်ငန်းအကောင်းအထည်ဖော်နေဆဲကာလမှာပင် မိမိတို့အဖွဲ့အစည်းကို
ပိုမိုထိရောက်ပြီး စွမ်းအားကြီးမား အောင်မြင်အောင် ဖွံ့ဖြိုးတိုးတက်စေရမည်။ ဖြေရှင်းတတ်အောင်လေ့ကျင့်သင်ပြနေရမည်။
ထို့အတွက် အောက်ဖော်ပြပါ တာဝန် (၉) ရပ်ကို စဉ်ဆက်မပြတ်ထမ်းရွက်နေရပါမည်-
(၁) ယုံကြည်သက်ဝင်စေခြင်း
ခေါင်းဆောင်က မိမိတို့လုပ်ဆောင်နေကြသောလုပ်ငန်းစဉ်ထဲ
မွန်မြတ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊ တန်းဖိုးရှိမှု၊ အကျိုးကျေးဇူးပြုမှုတို့ကို အဖွဲ့ဝင်များလည်း
ခံယူသဘောပေါက်စေရပါမည်။ စိမ့်ဝင်စွဲမြဲစွာလက်ခံ ယုံကြည်အောင်မျှဝေနိုင်ရမည်။ ပြသနိုင်ရပါလိမ့်မည်။
မိမိနည်းတူ အဖွဲ့ဝင်များ (သို့မဟုတ်) အသင်းသူ၊ အသင်းသားများ၏ခံယူချက်၊ ယုံကြည်ချက်အဖြစ်
ယုံကြည်သက်ဝင်စေရမည်။
(၂) အလုပ်ကို ကျွမ်းကျင်ခြင်း
ခေါင်းဆောင်ကိုယ်တိုင်လေ့လာမှု၊ လေ့ကျင့်မှု၊
အတွေ့အကြုံရင့်ကျက်မှုတို့ဖြင့် မိမိတို့ဆောင်ရွက် ကြရ မည့် အတတ်ပညာ၊ နည်းပညာနှင့် လုပ်ငန်းစဉ်တို့ကို
တတ်မြောက် ကျွမ်းကျင်ရပါမည်။ မသိသေးလျှင် သိအောင်မေးရမည်။ မတတ်သေးလျှင် တတ်မြောက်အောင်လေ့ကျင့်နေရမည်။
သို့မှသာ အဖွဲ့ဝင်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိပါမည်။
(၃) တာဝန်ယူတတ်ခြင်း
တာဝန်ခံထားသောမိမိ၏အဖွဲ့အစည်း၊ အသင်းအတွက်
ခေါင်းခံရမည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရရှိလာသောအဖြေကို မိမိ၏တာဝန်အနေနှင့်တာဝန်ယူရဲရမည်။
တာဝန်ယူလိုစိတ်ရှိပြီး တာဝန်ခံရဲသော သတ္တိရှိရပါမည်။ ကွပ်ကဲခြင်း၊ ညွှန်ကြားခြင်း၊ ကြီးကြပ်ခြင်း၊
ဆက်သွယ်မှုပြုခြင်း၊ ထိတွေ့နေခြင်း၊ စစ်ဆေးခြင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် လိုက်နာအကောင်အထည်ဖော်ပြီး၊
မပြီးထပ်မံ၍ စစ်ဆေးခြင်းတို့ဖြင့် တာဝန်ယူကြရသည်။
(၄) စွမ်းဆောင်ရည်တိုးတက်စေခြင်း
တစ်ဦးချင်း လေ့ကျင်မှု၊ အစုအဖွဲ့လေ့ကျင်မှု၊
လုပ်ငန်းခွင်သင်ကြားပြသမှု၊ ဆွေးနွေးပွဲ၊ သင်တန်း၊ စာတမ်းဖတ်ပွဲ စသည်တို့ဖြင့် အစဉ်မပြတ်လုပ်ရည်ကိုင်ရည်နှင့်စွမ်းဆောင်ရည်ကို
တိုးတက်နေအောင် စီမံကြပ်မတ်ရပါမည်။
(၅) စံနမူနာပြသနိုင်ခြင်း
ခေါင်းဆောင်သူအစစ်အမှန်သည် စံနမူနာပြသပြီး
အောင်မြင်စွာ ခေါင်းဆောင်ဦးစီးနိုင်သကဲ့သို့ လွဲမှားသောခေါင်းဆောင်သည် ငါပြောသလိုလုပ်၊
သို့သော် ငါလုပ်သလိုမလုပ်နှင့်ဟု အမိန့်ပေးပြီး ဖရိုဖရဲဖြစ်စေတတ်လေသည်။မိမိကိုယ်တိုင်ကစံပြရှေ့ဆောင်မှသာ
ခေါင်းဆောင်ကောင်းပီသပြီး အောင်မြင် မှုရစေပါသည်။
(၆) တာဝန်ရှာဖွေယူခြင်း
မိမိ၏တာဝန်များက လေးလံနေပြီဖြစ်သော်လည်း
အားနည်နေသောအဖွဲ့ဝင်တစ်ဦး၏ပစ္စည်းပစ္စယ၊ အသုံးအဆောင်များကို
ကူညီသယ်ပိုးပေးရသည်။ ခေါင်းဆောင်သည်အနစ်နာခံတတ်ခြင်း၊ တာဝန် ကိုရှာဖွေ ယူတတ်ခြင်းဖြင့် လေးစားမှုကိုခံရသည်။
(၇)ခိုင်းစေတတ်ခြင်း
လူတစ်ဦး၏အားသာချက်နှင့်အားနည်းချက်များကို
အသေးစိတ်သိရှိအောင်လေ့လာအကဲဖြတ်ကာ ဆူးနေရာဆူး၊ ဆောက်နေရာဆောက် အသုံးချတာဝန်ခွဲဝေပေးတတ်ရပါမည်။
(၈) မေတ္တာထားခြင်း
အဖွဲ့ဝင်များအပေါ်ချစ်ခင်ကြင်နာခြင်း၊တစ်ဦးချင်းအပေါ် လေးစားစွာဆက်ဆံပြောဆိုခြင်း၊ အောင်မြင် စွာလုပ်ဆောင်မှုတစ်ခုချင်းအတွက်ချီးမွမ်းခြင်း၊
ဆုပေးခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုကို အားပေးခြင်း၊ အပြန်အလှန်နားလည်မှုရှိစေပြီး
အစေးကပ်အောင်လုပ်ဆောင်တတ်ခြင်းတို့ကို တာဝန်တစ်ရပ် အနေနှင့်ဆောင်ရွက်နေရပါမည်။
(၉) အသိပညာပေးခြင်း
အဖွဲ့ဝင်သို့မဟုတ်အသင်းသူ၊ အသင်းသားများကို အသိပေးသင်သောအချက်များကို အချိန်နှင့်
တစ်ပြေညီစွာအသိပေးနေရမည်။ လုပ်ငန်းခွင်အတွင်းလှည့်လည်စစ်ဆေးကြည့်ရှုကာ လိုအပ်ချက်များကို
တည့်မတ်ပြုပြင်ရမည်။ ပညာပေးရပါမည်။
လွန်ခဲ့သည့် ၁၉၅၄ ခုနှစ်က ဗီယက်နမ်သမ္မတဖြစ်ခဲ့သူ ငိုဒင်ဒင်း (Ngo Diuh
Diem) သည် ရဲရင့်ထူးချွန်သော ခေါင်းဆောင်ကောင်းတစ်ယောက်၏ သူရသတ္တိခံယူချက်နှင့် စွန့်လွှတ်အနစ်နာခံရဲသော
ဇွဲ၊ လုံ့လကို “ Follow me if I advance:
Kill me if I retreat: Revenge me if I die” ဟု ရဲရင့်ပြတ်သားစွာ ပြောဆိုဖော်ထုတ်ခဲ့ပါသည်။
အဓိပ္ပာယ်မှာ “ကျွန်ုပ်သည် ရှေ့သို့ဦးတည်ကြိုးစား ချီတက်နေလျှင် ကျွန်ုပ်နောက်သို့ ညီညီညာညာလိုက်ခဲ့ကြပါ။
အကယ်၍ကျွန်ုပ်သည်နောက်ဆုတ် လာပြီဆိုလျှင် ကျွန်ုပ်ကိုသတ်လိုက်ပါ။ ကျွန်ုပ်သေဆုံးသွားလျှင်ကလဲ့စားချေခြင်းဖြင့်
တုံ့ပြန်ပါ” ဟူ၍ ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ခုသည်အမြုတေပါတီဘ၀မှ
နိုင်ငံအကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရင်း ပြည်သူ့ပါတီဘ၀သို့ရောက်အောင်
ကြိုးပမ်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။ နိုင်ငံရေး ပါတီ၏ဦးဆောင်မှုနေရာယူထားကြသော ပါတီခေါင်းဆောင်များသည်
ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် များဖြစ်လာအောင် စနစ် တကျလေ့ကျင့် ကြိုးပမ်းနေကြရမည်ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ရပ်၏လုပ်ငန်းစဉ်များ ကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်နေကြသောပါတီဝင်
များနှင့် ပါတီ၏လက်ရွေးစင်ကေဒါများသည်စည်းရုံးတည်ဆောက်ရေးအတွေ့အကြုံများ၊ နိုင်ငံနှင့်ပြည်သူ့အကျိုး
ပြုလုပ်ငန်းများမှရရှိသော အတွေ့အကြုံများကို သင်ခန်းစာများအဖြစ်ရယူတတ်ကြရမည်ဖြစ်သည်။
ယင်းသို့ရရှိလာသော သင်ခန်းစာနှင့်အတွေ့အကြုံ များသည် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်
အကောင် အထည်ဖော်လျက်ရှိနေကြမည်ဖြစ်သော ပါတီဝင်အသီးသီးနှင့် ပါတီကေဒါအသီးသီးတို့ အဖို့
အောင်ပွဲ များကို ဆက်လက်ရရှိအောင် အထောက်အပံ့ပြုလိမ့်မည်ဖြစ်သည်။
လက်တွေ့လုပ်ငန်းရပ်များမှရရှိလာသော
အတွေ့အကြုံများ၊ သင်ခန်းစာများကို အကြောင်းပြု ၍ နိုင်ငံရေးပါတီ၏စည်းရုံးရေးစွမ်းရည်၊
နိုင်ငံရေးဦးဆောင်မှုစွမ်းရည်နှင့် သဘောထားခံယူချက် ထက်မြက်မှု စွမ်းရည်တို့သည်လည်း ပို၍ပို၍မြင့်မားလာမည်သာဖြစ်သည်။
ထိုသို့မြင့်မားလာသည်နှင့်အမျှ ပါတီနှင့်ပြည်သူတို့၏တစ်သားတည်းညီညွတ်မှု၊ နက်ရှိုင်းခိုင်မြဲသော
ဆက်သွယ်မှုတို့ကိုလည်း ပို၍ပို၍ရရှိလာမည်မှာလည်း ဧကန်အမှန်ပင်ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်အေးချမ်းသာယာပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးကို ပုံတူကူးမချဘဲ နိုင်ငံနှင့်လူမျိုး၏ပကတိအခြေအနေများ၊
ရေခံမြေခံ၊ လူမျိုးစရိုက်များ၊ ယဉ်ကျေးမှုနှင့်လျော်ကန်ညီညွတ်စွာ အသွင်ကူးပြောင်းရေးလုပ်ငန်းဟူသမျှသည်
ပြည်သူနှင့်အတူ တစ်သားတည်းလှုပ်ရှားလုပ်ကိုင်ရသော နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းရပ်များဖြစ်သောကြောင့်ပင်ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်သူလူထုနှင့်ခိုင်မြဲစွာ
တစ်သားတည်းဆက်စပ်လျက်ရှိနေသမျှ ကာလပတ်လုံး ချမှတ်အကောင်အထည်ဖော်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်ဟူသမျှသည်အောင်မြင်ကာ
အစဉ်အောင်လံလွှင့်ထူလျက်ရှိနေမည်သာဖြစ်သည်။ပါတီဝင်တိုင်းသည် ဤအချက်ကို အလေးအနက် သတိပြုရန်လိုအပ်လှပေသည်။
ပြည်သူ့ပါတီတစ်ရပ်၏လေးနက်သောအနှစ်သာရသည်
ပြည်သူလူထုကို မှန်ကန်စွာ အလုပ် အကျွေးပြုရန်ပင်ဖြစ်သည်။ယင်းသို့အလုပ်အကျွေးပြုရာ၌
ပြည်သူတို့၏စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ရေးကို ရှေ့ရှုရပေမည်။ ပြည်သူတို့၏အကျိုးစီးပွားကိုပေးဆောင်မည့်
ဒီမိုကရေစီ လူ့အဖွဲ့အစည်း (Democratic Society)
ဆိုသည်မှာလည်း ပြည်သူတို့၏ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက် များကို
မတောင့်မတ မကြောင့်မကြပြည့်ဝနေစေခြင်းပင်ဖြစ်ပေသည်။
ထို့ကြောင့် ပါတီဝင်များသည် ပြည်သူတို့၏ခံးစားချက်ဟူသမျှနှင့်
လိုအပ်ချက်ဟူသမျှကို အမြဲတစေသိရှိနားလည်နေအောင်ကြိုးပမ်းနေကြရပေမည်။ ပြည်သူတို့၏ဘ၀ကိုသိရှိအောင်ကြိုးပမ်းကြရာ၌
ပါတီဝင်တို့သည် ပြည်သူတို့၏အတွင်းတွင်တစ်သားတည်းဖြစ်အောင်ဆက်စပ်နေထိုင်ကြရမည်။ ပြည်သူတို့၏
ဆန္ဒသဘောထားများကို နားလည်သိမြင်ရမည်။ ပြည်သူတို့၏အကြောင်းအရာအဖြစ်အပျက်ဟူသမျှကို သိရှိ ရ ည်။
ပြည်သူကို နားလည်ရမည်။ ပြည်သူကိုမှန်ကန်စွာချဉ်းကပ်နိုင်ရမည်။ ပြည်သူတို့၏ ယုံကြည် ကိုးစားမှုကို
အပြည့်အ၀ရရှိနေရမည်။ ဤသို့အားဖြင့်သာလျှင် ပါတီကေဒါ၊ ပါတီဝင်တို့၏နိုင်ငံရေး ဦးဆောင်မှုစွမ်းရည်သည်
အစဉ်ထက်မြက်နေမည်ဖြစ်ပေသည်။
ပါတီကေဒါ၊ပါတီဝင်များသည် ပြည်သူတို့၏အကြားတွင်စိမ့်ဝင်နစ်မြုပ်ကာ
ပြည်သူတို့၏ခံစားမှု၊ ပြည်သူတို့၏ဆန္ဒသဘောထားများနှင့် ပြည်သူတို့၏လိုအပ်ချက်များကိုသိမြင်ခြင်းဖြင့်
ပါတီဝင်တို့သည် ပြည်သူတို့၏ယုံကြည်အားကိုးမှုကိုခံယူရရှိလာကြမည်ဖြစ်သည်။ ပြည်သူတို့၏ဆန္ဒ၊
ပြည်သူတို့၏အတွေးအမြင်၊ ပြည်သူတို့၏ခံစားချက်၊ ပြည်သူတို့၏လိုလားတောင့်တချက်များနှင့်
ပြည်သူတို့၏အကြောင်းအရာဟူသမျှတို့ကို အမှန်အတိုင်းသိရှိနားလည်နိုင်ရန်မှာလည်းလုပ်ရိုးလုပ်စဉ်အစည်းအဝေးများ၊လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေး ပွဲများ၊ ဟောပြောပွဲများသက်သက်ဖြင့် ရရှိနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ပါတီကေဒါနှင့် ပါတီဝင် များသည် ပြည်သူတို့၏အကြောင်းကိုအမှန်အတိုင်းသိမြင်ရန်မှာ
ပြည်သူတို့၏ နေ့စဉ်ဘ၀လှုပ်ရှားမှုများနှင့် နေရာဒေသအသီးသီး၊ အဖြစ်အပျက်အသီးသီး၊လှုပ်ရှားမှုအသီးသီးတို့ကိုထိတွေ့လေ့လာနေခြင်းအားဖြင့်လည်းကောင်း၊ ပြည်သူတို့၏အသံကို ထာဝစဉ်နားစွင့်လျက်ရှိခြင်းဖြင့်
လည်းကောင်း ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်သည်။
ပါတီဝင်တို့သည် ပြည်သူ့တို့အပေါ် မောက်မာခြင်း၊အာဏာပြခြင်းစသော မေတ္တာခန်းခြောက်စေမည့် ဆက်ဆံနည်းများကို လုံးဝရှောင်ကြဉ်ကြရပေမည်။
သို့မှသာ ပါတီဝင်တို့သည်ပြည်သူတို့၏ ချစ်ခင်အားထား ကြည်ညိုလေးစားမှုကို ရယူကြရမည်သာဖြစ်သည်။
ပါတီဝင်တို့သည် ပြည်သူတို့နှင့် တစ်သားတည်း ဆက်စပ်၍ နေနိုင်ရန်မှာ ပြည်သူတို့၏အခက်အခဲများနှင့်
ပြည်သူတို့၏လူမှုဒုက္ခများပြေပျောက်အောင်နည်းမှန်လမ်းမှန် ကူညီဆောင်ရွက်ဖြေရှင်းဖြည့်ဆည်းပေးခြင်းအားဖြင့်သာလျှင်
ရရှိနိုင်မည်ဖြစ်သည်။ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်းတစ်သားတည်းဆက်စပ်ကာ စည်းရုံမှုအသွင်ဖြင့်
နိုင်ငံရေးဦးဆောင်မှု ကို ပြုနေကြရမည်ဖြစ်သည်။
မောင်သမ္မာသိဋ္ဌိ
No comments:
Post a Comment