ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် ပျက်စီးသွားသောနေအိမ် ၄၀ နီးပါးကို ဆယ်ရက်အတွင်း ပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးလှထွန်းဦးကပြောသည်။
ကွမ်းခြံကုန်းမြို့နယ် သောင် ခုံကျေးရွာတွင် ဇူလိုင် ၁၉ ရက်ည လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် အသက် (၅၉)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး နေအိမ် ၃၈ လုံးပျက်စီးသွားသည်။
လေဆင်နှာမောင်းဒဏ်ခံ လိုက်ရသည့်နေအိမ် ၃၈ လုံးမှ မိသားစုများကိုကျေးရွာအတွင်းရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီး ကျောင်းတွင် ယာယီခိုလှုံခွင့်ပေး ထားပြီး အနီးကျေးရွာများမှ လာ ရောက်လှူဒါန်းသော ငွေကြေး၊ စားသောက်ကုန်အချို့ဖြင့်ရပ် တည်နေကြရသည်။
‘‘ဦးခင်ရွှေ(ဇေကမ္ဘာ)လှူတဲ့ ၁၀၆ သိန်းထဲကနေ လေထဲပါပြီး လုံးဝပျောက်သွားတဲ့အိမ် ၁၀ လုံး ကို အိမ်တစ်လုံး ငါးသိန်းနှုန်းနဲ့ ပေးမယ်။ အမိုးလန်တာတို့ဘာတို့ က နှစ်သိန်းနှုန်းနဲ့လှူတယ်’’ဟု အုပ်ချုပ်ရေးမှူးကဆိုသည်။
ကွမ်းခြံကုန်းသည် ဇေကမ္ဘာ ဦးခင်ရွှေ၏မဲဆန္ဒနယ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မိုးကာလတွင်လည်း အိမ်ခြေ ၅၅၂ လုံးနှင့် လူ ၁၃၀၀ ကျော်နေထိုင်ကြသည့် သောင်ခုံ ကျေးရွာသည် လေဆင်နှာမောင်း တိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရပြီး အိမ်ခြေခုနစ်လုံး ပျက်စီးသွား သော်လည်း ယခုနေအိမ် ၃၈ လုံးဆုံးရှုံးမှုမှာ ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်သည်။
ကုန်လမ်းမှတစ်ဆင့် ရေ လမ်းကြောင်းဖြင့်သွားရပြီး သွား ရေးလာရေးခက်ခဲသော ယင်း ကျေးရွာသို့ အငြိမ်းစားဒုဗိုလ်ချုပ် ကြီးတစ်ဦးကလည်း ငွေကျပ် ၁၀ လှူဒါန်းထားပြီး စုစုပေါင်းအလှူ ငွေသိန်းတစ်ရာကျော်ရရှိထား သည်။ ယင်းငွေများကို အုပ်ချုပ်ရေးပိုင်းမှတာဝန်ယူ၍ နေအိမ်များပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်သည်။
7Day
No comments:
Post a Comment