Monday, July 7, 2014

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း



မန္တလေးတိုင်းဒေသကြီးတွင် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပြည်သူ (၂) ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ (၁၇) ဦး ရှိပြီး ဖမ်းဆီးခံထားရသူမှာ (၁၆)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များကြောင့် ယခုအခါ မန္တလေးတိုင်းဒေသကြီးမှ မြို့နယ် ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ- ၁၄၄ ကို ထုတ်ပြန်ကြေညာ ထားရသဖြင့် ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်က ပြည်တွင်း မီဒီယာများနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ဇူလိုင်လ ၅ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

မေး- ပျဉ်းမနားမှာ ပြစ်မှုကျူးလွန်တယ်လို့ ယူဆထားတဲ့ လူနှစ်ဦးကို ဖမ်းဆီးရမိထားပါပြီလား။ နောက်ပြီး မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ ဘယ်နှစ်ဦးကို ဖမ်းဆီး ရမိထားပါပြီလဲ။ လူသတ်မှုကျူးလွန်ခဲ့သူတွေကိုရော ဖမ်းဆီးရမိထားပြီး လားဆိုတာကို သိချင်ပါတယ်။

ဖြေ-။ ပြစ်မှုကျူးလွန်သူနှစ်ဦးရှိပါတယ်။ အဲဒီနှစ်ဦးကတော့ လက်ရှိ တိမ်းရှောင်နေဆဲပဲ ဖြစ်ပါတယ်။ ပထမတိုင်ချက်ဖွင့်တဲ့ အနေအထားအရ ဒီလူနှစ်ယောက်က  တရားခံဖြစ်ပြီးတော့  ဒါကိုလဲပဲ ကျွန်တော်တို့က တောက်လျှောက် သူတို့ရဲ့ သတင်းတွေကို စုံစမ်းဖော်ထုတ်ဆဲပဲ ဖြစ်ပါတယ်။ ဖြစ်တာကတော့ ပျဉ်းမနားမှာ ဆိုပေမယ်လို့် သူတို့က ဒီမှာ နေကြထိုင်ကြတာ ဖြစ်ပါတယ်။ အကုန်လုံးလည်း အချိတ်အဆက်တွေနဲ့ ဖော်ထုတ်ဆဲပဲ ဖြစ်ပါတယ်။ လောလောဆယ်တော့ မရသေးဘူး ဖြစ်ပါတယ်၊ နောက်တစ်ခုက  စဖြစ်တဲ့နေ့ကစပြီးတော့မှ မနေ့ကအထိ လက်ရှိစုစုပေါင်း ၁၆ ဦး ဖမ်းမိထားပါတယ်။ ၁၆ ဦးထဲမှာ  မြန်မာက ၁၁ ဦး၊ အစ္စလာမ်ဘာသာဝင်ထဲက ငါးဦး စုစုပေါင်း ၁၆ ဦး ဖမ်းမိထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအရ သေသေချာချာ ခိုင်ခိုင်မာမာနဲ့ တရားဥပဒေအကြောင်းအရ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က လက်ရှိဖျက်ဆီးတာ၊ လှုံ့ဆော်တာ ဒါတွေပါဝင်ပြီးတော့ နောက်တစ်ခါ လက်ဝယ်မှာ လက်နက်ပစ္စည်းတွေ ရရှိလို့ ဖမ်းဆီးတာတွေ ပါဝင်ပါတယ်။ လူသတ်မှုနဲ့ ပတ်သက်လို့တော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ အဲဒါကို ကျွန်တော်တို့ စုံစမ်းဆဲပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း  သံသယရှိနေတဲ့ အခြေအနေ သံသယရှိနေတဲ့လူကို ဆက်စပ်သတင်း အနေနဲ့ ဒါကို ဖော်ထုတ်ဆဲပဲ ဖြစ်ပါတယ်။

မေး- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်များမှာ လှုံ့ဆော်သူတစ်ချို့ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပိုဖြစ်သွားတယ် လို့ ပြောနေကြပါတယ်။ ဥပမာ-လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြနေတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်အနေနဲ့ ပြည်သူတွေကို ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့က ဖြစ်စဉ်တစ်ခု ဖြစ်ပြီဆိုတာနဲ့  ပါဝင်ပတ်သက်တာတွေကတော့  အသေးစိတ်လေ့လာပြီးတော့ မှ ဖော်ထုတ်ရတာ ဖြစ်ပါတယ်။ အဲဒီတော့ အခုဒီမှာ ကျွန်တော်တို့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို အားလုံးသိပြီးတဲ့အတိုင်းပဲ။ ပျဉ်းမနားမှာ သွားဖြစ်တယ် လူတွေက မန္တလေးမြို့ပေါ်မှာ နေတယ်။ မန္တလေးမြို့ပေါ်က ပျဉ်းမနားမှာ သွားဖြစ်တယ်။ ဒီစာပေါ်မှာ မိန်းကလေးက မြန်မာ၊ ဟိုဘက်က အစ္စလာမ်ဘာသာဝင် အခြေအအနေ ပေါ်မှာလည်းပဲ ဒါလေးတွေက ဖြစ်ပေါ်နေတဲ့ အကြောင်းအရာလေးတွေပါတယ်။ အဲဒီတော့ လတ်တလောအနေနဲ့ ကတော့ ကျွန်တော်တို့ မန္တလေးမြို့ပေါ်မှာ ဒီကိစ္စကို ဒါလှုံ့ဆော်တဲ့ အနေအထားလေးတွေကလဲ သတင်းလေးတွေ ရှိပါတယ်။  ရှိတော့ ဒီသတင်းတွေကိုလဲပဲ  ကျွန်တော်တို့တွေက ဖော်ထုတ်ပေး ရမယ်။ ပြင်ပကဆိုတာလဲပဲ လောလောဆယ်တော့ ပြင်ပမှာ ဒီသတင်းက နယ်မှာ ပျံ့နေတာလေးတွေ ရှိပါတယ်။ Facebook တို့မှာ ကျွန်တော်တို့ မန္တလေးက သတင်းလေးတွေ ပျံ့နေတာ ရှိပါတယ်။ ဒါကိုလဲပဲ ကျွန်တော်တို့က နယ်တွေကို အချိန်မီ  ဖြစ်စဉ်အမှန်လေးတွေ ပြောပေးနေတာရှိတယ်။  နောက်တစ်ခါ တစ်ခြားသတင်းတွေ ကိုလည်း မယုံနဲ့ ဆိုပြီး ပြောဆိုပေးနေတာတွေရှိတယ်။    

 မေး- ပုသိမ်ကြီးမြို့နယ်မှာလဲ ပုဒ်မ -၁၄၄ ထုတ်ပြန်လိုက်ပြီဆိုတော့ ရဲတပ်ဖွဲ့တွေကိုရော တိုးမြှင့်ချထားဖို့ရှိလား။

ဖြေ -­ အခုကျွန်တော်တို့ဆီမှာ ရှိတဲ့ ရပ်တပ်ဖွဲ့ဝင်အင်အား အတိုင်းပဲ ဖြစ်ပါတယ်။ ဒီအင်အားနဲ့ ဆောင်ရွက်နိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ  နယ်မြေခံရဲတွေရှိပါတယ်။ အခုလုံခြုံရေး ရဲတပ်ဖွဲ့အင်အား ထပ်တိုးမြှင့်ချထားတာ ရှိပါတယ်။ ဒီအင်အားအနေနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။

မေး- မနေ့က နာရေးကိစ္စကို ကျုံးတစ်ပတ်ပတ်ခွင့်ပြုတဲ့ ကိစ္စကို မြို့ခံတော်တော်များများက ဝေဖန်ကြပါတယ်။ ဘာလို့ ကျုံးတစ်ပတ်ကြီိးကို ခွင့်ပြုသလဲဆိုတာကို သိချင်ပါတယ်။ နာရေး ထုတ်ပြန်မှပဲ မြို့က တော်တော်လေး အုန်းအုန်းကျွတ်ကျွတ်တွေ ဖြစ်ပြီးတော့ ညမှာလဲ ကျွန်တော်တို့ စစ်ကြောင်းနဲ့ လုံခြုံရေးလှည့်တယ်လို့ ကြားရပါတယ်။ လက်ရှိ မန္တလေးမြို့ရဲ့ လုံခြုံရေးကို ဘယ်လိုဆောင်ရွက်နေလဲ သိချင်ပါတယ်။

ဖြေ- မနေ့က နာရေးကိစ္စကို သာမန်အားဖြင့် ကျွန်တော်တို့လဲ ပထမသိထားတာကတော့ ထွက်လာမယ့် ၁၉ လမ်းပြီးတော့ ကျုံးမြောက်ဘက် ထွက်သွားမယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့်မို့လဲပဲ ကျွန်တော်တို့က ရဲအင်အားတွေနဲ့ စနစ်တကျ ယာဉ်ထိန်းရဲတွေပါ အကုန်လုံး အကူအညီပေးထားတယ်။ လမ်းတွေမှာ ယာဉ်ပိတ်ဆို့မှုတွေ မဖြစ်အောင်၊ ဒီကြားထဲမှာမှ ရုတ်တရက် ပထမပိုင်းက ကားတွေကတော့ ပုံမှန်ပေးထားတဲ့ လမ်းအတိုင်း ထွက်သွားတယ်လို့ သိရတယ်။ နာရေးယာဉ်က ရုတ်တရက်ကြီး ဖြတ်ဝင်သွားတဲ့ အနေအထားဖြစ်ပါတယ်။ လူအင်အားကလည်း များတဲ့အတွက် တချို့ဟိုဘက်ကို လွန်လဲလွန်သွားပြီးရော ဒီလိုမျိုးနောက်ထပ် မဖြစ်ရအောင်လို့ မြို့ထဲလမ်းတွေကို ပိတ်ပြီးတော့ မြောက်ဘက်ကို ပြန်သွားအောင် လုပ်ရပါတယ်။ ဒီကနေ ဖြတ်သွားပြီဆိုတဲ့ သတင်းတစ်ခု အပေါ်မှာရော၊ လူတွေများတယ်ဆိုတဲ့အပေါ်မှာရော နောက်တစ်ခါ ပြန်လာတဲ့အခါမှာ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ဖြစ်သွားတယ်။ ဖြစ်သွားတဲ့အတွက်ကြောင့် ကျွန်တော်တို့က လုံခြုံရေးကို သေသေချာချာ ချလိုက်ပါတယ်။ ချလိုက်တယ်ဆိုတာက သူတို့ မူလလိုက်ပို့တဲ့နေရာကို ရောက်အောင်၊ မြို့ထဲကို ဝင်လို့မရအောင် အစီအစဉ်တကျနဲ့ ချထားပေးခဲ့ပါတယ်။ အဲဒီလို ချထားပေးလျက်နဲ့ လမ်းတွေက လမ်းလွှဲပေးလိုက်ပေမယ့်လို့ အဲဒီမှာက တခြားဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စရပ်တွေက ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါကျတော့ ကျွန်တော်တို့ကလဲပဲ လုံခြုံရေးအင်အား ပြည့်ပြည့်ဝဝရှိတော့ အမြန်ဆုံး လွှတ်လိုက်ပြီးတော့ လုံခြုံရေး အနေနဲ့ တစ်နေရာထွက်သွား၊ တစ်နေရာထွက်သွားနဲ့  လုံခြုံရေးအင်အားကို ပြည့်ပြည့်ဝဝနဲ့ပဲ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ လူလေးဦး ဖမ်းနိုင်ခဲ့ပါသေးတယ်။ ဖျက်ဆီးဖို့ လုပ်တဲ့လူတွေ၊ လုံခြုံရေးရောက်လဲရောက်၊ ဖမ်းလဲဖမ်း ဒါတွေကို လုပ်ခဲ့ပါတယ်။

မေး- အစိုးရအဖွဲ့အနေနဲ့ ဒီပဋိပက္ခဖြစ်စဉ်တွေမှာ ပတ်သက်မှုရှိတယ်ဆိုပြီး ပြောဆိုနေတာတွေ ရှိတယ်။ အရေးယူအားနည်းမှုတွေ ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်အနေနဲ့ ဘာများ ပြောစရာ ရှိပါသလဲ။

ဖြေ- ကျွန်တော်တို့ ဆောင်ရွက်ချက်တွေကို လေ့လာကြည့်ရင် ဒါကိုသိလာလိမ့်မယ်။ ကျွန်တော်တို့ အားနည်းချက်ရှိလား၊ မရှိလား၊ နောက်တစ်ခါ ဥပဒေအရ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်အောင် ကြိုးစားပြီးတော့မှ အရေးယူ အပြစ်ပေးတာရှိလား၊ မရှိလား၊ ဒါတွေက ကျွန်တော်တို့ အထွေအထူး ပြောစရာမရှိပါဘူး။ နောက်တစ်ခုကတော့ ဒီလိုဖော်ထုတ်မှု အားနည်းတယ်ဆိုတာ ခုနက ပြောဆိုသွား သလိုပါပဲ။ ကျွန်တော်တို့က ဖော်ထုတ်မှုဆိုတဲ့နေရာမှာ သွေးထိုးလှုံ့ဆော်မှု တစ်နေရာမှာ လုပ်သွားပြီးသွားပြီ၊ လက်ပူးလက်ကြပ်နဲ့ ထင်ထင်ရှားရှား ဆိုရင်တော့ ကျွန်တော်တို့က ချက်ချင်းလက်ငင်း ဖမ်းဆီးရမိတာရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့  တစ်နေရာကနေ ပြောသွား၊ တစ်နေရာကနေ ပြောသွားဆိုရင်၊ အခုဆိုရင် ဆိုင်ကယ်နဲ့ကျွန်တော်တို့ မတော်မတရား ကျင့်ခံရပါတယ် ဆိုပြီး လိုက်အော်နေတာတွေရှိတယ်လို့ သတင်းရပါတယ်။ ဒါတွေကလဲ ဆင့်ကဲဆင့်ကဲ သတင်းပို့မှုစနစ်နဲ့ သတင်းရမှုစနစ်နဲ့ ကျွန်တော်တို့အမြန်ဆုံး ဖမ်းမိနိုင်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့က မိအောင်မဖမ်းနိုင်ဘူးဆိုတဲ့ အားနည်းချက်ရှိတယ် ဆိုတဲ့ ဝေဖန်တာ၊  သုံးသပ်တာကိုလဲ အထွေအထူးတော့ မရှိပါဘူး။ ဖော်ထုတ် ဖမ်းဆီးရမိအောင်ကတော့ အမြဲတစေ ကျွန်တော်တို့ကတော့ ဆောင်ရွက်နေဆဲပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အစိုးရအဖွဲ့အနေနဲ့ ပါဝင်ပတ်သက်မှုရှိတယ် ဆိုလို့ရှိရင် အဲဒီလိုကိစ္စရပ်များကိုတော့ တည့်သာပြောပါ။ ကျွန်တော်တို့ဖြေရှင်းလို့ သိပ်ကောင်းတာပေါ့။ အခုကတော့ ဒီကိစ္စတွေမှာဟာ အစိုးရအဖွဲ့က ပါဝင်ပတ်သက်နေတယ်လို့ ဆိုတာကတော့ သတင်းတစ်ခုအနေနဲ့ စကားလုံးတစ်ခု အနေနဲ့ ပြောနေတဲ့ စကားရပ်ပေါ်မှာ ကျွန်တော် ကတော့ ထွေထွေထူးထူး မပြောလိုပါဘူး။ အထောက်အထား ပြည့်ပြည့်စုံစုံ နဲ့သာပြောပါ။ ဖြေရှင်းပေးရတာ အင်မတန် လွယ်ပါတယ်။


မေး- ပဋိပက္ခဖြစ်စဉ် စတင်ဖြစ်ပွားစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင်ဝန်ကြီးချုပ်လဲ မလာပါဘူး။ အဲဒီတော့ ကွပ်ကဲမှုမရှိဘူးပေါ့။ အဲဒါဘယ်လို အခက်အခဲတွေကြောင့်ပါလဲ။ တကယ်လို့သာ ဝန်ကြီးချုပ်ရောက်လာခဲ့ရင် ပိုပြီးတော့များ ထိန်းသိမ်းနိုင်မလားပေါ့။

ဖြေ- ကျွန်တော်တို့အဲဒီနေ့ညမှာ ဖြစ်စဉ်ဖြစ်ရပ်ရှိလာတဲ့အခါမှာ လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး ဒီလိုဒီလိုဖြစ်နေလား ဖြစ်နေတယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သွားကြည့်ခိုင်းလိုက်ပါတယ်။ ဖြစ်စဉ်ဖြစ်ရပ် အမှန်နဲ့ အခြေအနေအမှန်ကို တင်ပြပေးပါ။ ပြီးရင် ဆောင်ရွက်နိုင်မယ့် အခြေအနေအားလုံးကို တင်ပြပေးပါဆိုပြီး အဆက်အသွယ်ရှိပါတယ်။ အားလုံးကိုတစ်ခုချင်း တစ်ခုချင်းဆောင်ရွက်သွားတာမျိုး ရှိပါတယ်။ ဘယ်နေရာမှာပဲမဆို လိုအပ်ရင် လိုအပ်တဲ့အလျောက် ကျွန်တော်တို့က ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ ဆောင်ရွက်တာမျိုး ရှိပါတယ်။ ခုနကကိုယ့်ညီပြောသွားတဲ့ နေရာမှာပိုပြီးတော့ အားရှိမလားဆိုတာလဲပဲ အခြေအနေတစ်ခုအပေါ်မှာ မူတည်ပြီးတော့ မေးသွားတယ်လို့ပဲ ဒီလိုပဲထင်ပါတယ်။

မေး- မန္တလေးရဲ့ အခုအခြေအနေက ဘယ်လိုရှိနေပြီလဲ။ ဝန်ကြီးချုပ်တို့ အနေနဲ့ အကြမ်းဖက်မှု တွေကိုထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိပြီလား။ ရှေ့ဆက်ပြီးတော့ ဘယ်လိုအလား အလာရှိလဲ။ ပုဒ်မ- ၁၄၄ကို ဘယ်ရက်လောက်ထိ ထုတ်ပြန်ထားမလဲ။

ဖြေ- လက်ရှိအနေအထားအတိုင်း ပြောပါမယ့်။ ကျွန်တော်တို့ရရှိထားတဲ့ အခြေအနေကတော့ ထိမ်းနိုင်တယ်လို့ ယူဆပါတယ်။ ပုဒ်မ-၁၄၄ထုတ်တဲ့ အချိန်မှာလဲပဲ တချို့သော ၁၄၄ တွေ ကြည့်လိုက်ပါ။ အချိန်ကာလအားဖြင့် ၂၄ နာရီထုတ်တာတွေလဲ ရှိပါတယ်။ ကျွန်တော်တို့က ညမှာပဲ ထုတ်ပါတယ်။ ဒါကိုကြည့်ရင် ကျွန်တော်တို့ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အခြေအနေမှာရှိပါတယ်။ ရရှိထားတဲ့အခြေအနေပေါ် မူတည်ပြီးတော့ နေ့စဉ်လှုပ်ရှားမှု၊ သွားလာမှု ကိစ္စရပ်တွေကို လေ့လာသုံးသပ်နေတာလေးတွေ ရှိပါတယ်။ ရရှိတဲ့ သတင်းတွေ အကုန်စုပြီးတော့မှ လုံခြုံရေးအခြေအနေအရ စိတ်ချရတဲ့အနေအထားရှိလာပြီး လျှော့ချဖို့အနေအထား ရှိလား သုံးသပ်ရမှာ ဖြစ်ပါတယ်။ သုံးသပ်ရမယ့် အခြေအနေကတော့  အချိန်ကာလကတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် မူတည်ပြီး ဖြစ်လာနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ရက်ကတော့မသတ်မှတ်ရသေးပါဘူး။ အချိန်တန်ရင်တော့ ဖြုတ်ပေးမှာပဲဖြစ်ပါတယ်။

မေး- ကျွန်တော်တို့အမြင်အရ မနေ့ကဆိုရင် လုံခြုံရေးတွေက ဟိုနားဖြစ်ရင် ဟိုနားပြေးလိုက်၊ ဒီနားကဖြစ်ရင် ဒီနားပြေးလိုက်ဆိုတော့ လုံခြုံရေးကိုလဲ ဝန်ကြီးချုပ်တို့ကထိန်းနိုင်တယ်ဆိုတော့ ဝန်ကြီးချုပ်အနေနဲ့ တစ်ဖက်အဖွဲ့ကို အင်အား ဘယ်လောက်လဲလို့ ခန့်မှန်းထားသလဲ။ တစ်ဖွဲ့တည်းလို့ထင်လား၊ ဒါမှမဟုတ် အဖွဲ့တွေများတယ်လို့ထင်လား။

ဖြေ- သူတို့ဘက်က အင်အားဆိုတာကတော့ ပြောလို့က မရနိုင်ဘူးလေ။ ပြောလို့မရနိုင်ဘူးဆိုတာက မနေ့ညကဆိုရင် လူအင်အား ၂၀၀ လောက်ဖြစ်တယ်။ လူအင်အား များများနဲ့ လုံခြုံရေးအရ ကျွန်တော်တို့ရဲ့ဆောင်ရွက်နိုင်စွမ်းဆိုတာ ရှိပါတယ်။ အဲဒီဆောင်ရွက်နိုင်စွမ်းပေါ် မူတည်ပြီးတော့ ရဲတပ်ဖွဲ့ကို အလုံအလောက် ချထားတာဖြစ်ပါတယ်။ သူအင်အားများသလား၊ အင်အားများတယ်ဆိုရင် ဥပမာ- ၁၀၀ ဆိုပါစို့။ အင်အား၁၀၀ကိုထိန်းနိုင်တဲ့ အင်အားရှိတယ်။ နည်းလမ်းတွေအများကြီးပဲ ရှိပါတယ်။ ဒီလမ်းထဲမှာအင်အား ၁၀၀ ဝင်သွားပြီဆိုပါစို့၊ ကျွန်တော် တို့ဘာလုပ်မလဲ၊ ထိန်းနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ လူအင်အား ၁၀၀ပေါ်လာမှ ၂၀၀ပေါ်လာမှဆိုတဲ့ ကိစ္စရပ်က မဟုတ်ပါဘူး။

မေး- လက်ရှိမန္တလေးတိုင်း ဒေသကြီးမှာ တာဝန်အရှိဆုံးဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ဒီပဋိပက္ခဖြစ်စဉ်ကို အချိန်ဘယ်လောက်လောက် ယူပြီးတော့ လုပ်ရပါမလဲ။

ဖြေ- ဒီလိုအခြေအနေကတော့ ဖြစ်ကို မဖြစ်ချင်ပါဘူး၊ မဖြစ်အောင်လဲ တောက်လျှောက်ကို ကြိုးစားခဲ့ကြတာ ပါပဲ။ တောက်လျှောက် ကြိုးစားတယ်ဆိုတာက နယ်မြေဒေသ တည်ငြိမ် အေးချမ်ရေး ဆိုတာ ကျွန်တော်တိုရဲ့ မူလတာဝန်မှာ နံပါတ်တစ်အနေနဲ့ ပါဝင်ပါတယ်။ အဲဒီတော့ ဖြစ်လာပြီဆိုတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အမြန်ဆုံး ဖြေရှင်းပေးရမှာပဲ ဖြစ်ပါတယ်။ ပထမတစ်ချက်ကတော့ လတ်တလောဖြစ်နေတဲ့ ကိစ္စပေါ်မှာ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ နောက်တစ်ခေါက် ရေရှည်မှာ မဖြစ်ဖို့ လုပ်သွားမှာပဲ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတာကလဲ ခုနက ရှင်းပြသွားသလိုပါပဲ။ ရေရှည်မှာကလဲ အခုလိုပဲ ပဋိပက္ခ မဖြစ်ရလေအောင် အခုကတော့ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှု၊ စော်ကားမှုတွေ အမြင်ရှင်းနေအောင်ကော အားလုံးကျွန်တော်တို့ လုပ်ရမှာပါ။ တရားဥပဒေ စိုးမိုးမှု အပိုင်းကိုရော ပိုပြီးတော့မှ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ရေရှည်အတွက်လဲ မျှော်မှန်းပြီးတော့ လုပ်ရမှာပါ။

မေး- အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ ပြည်သူတွေကိုရော ဝန်ကြီးချုပ်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ- စိုးရိမ်စိတ်ဆိုတာ ရှိဦးမှာပါ။ သို့သော် သူတို့ အခုမျှော်မှန်းထားတဲ့ ကိစ္စတစ်ခုကို မဖြစ်လာလို့ ဝမ်းသာသွားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ သတင်းဆိုတာ အကုန်လုံးယူရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီပေါ်လဲ ကျွန်တော်တို့ က ကျေနပ်မနေပါဘူး။ ကျေနပ်မနေဘူးဆိုတာ စိုးရိမ်တဲ့အရာတွေကို ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပြနိုင်ပါတယ်။ ဥပဒေစိုးမိုးရေးကို အဓိကထားပြနိုင်တယ်။ ဥပဒေစိုးမိုးမှုအတွက် လက်ရှိဖမ်းဆီးဆောင်ရွက်မှုတွေရော  နောက်တစ်ခါ ရှေရည် အတွက် ဆောင်ရွက်မှုတွေရော အချိန်ကာလဆိုတာ  လတ်တလောကတော့ ပြောလို့မရနိုင်ဘူး။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ