Wednesday, July 30, 2014

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးနှင့် The Messenger Journal မှ အင်တာဗျူး



မြန်မာပြည်က ပြဿနာတွေအားလုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကနိုင်ငံရေးဆွေးနွေးပွဲပဲ

(မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးခရီးလမ်း အခြေအနေအပါအ၀င်ငြိမ်းချမ်းရေးကားပါမစ်၊ငြိမ်းချမ်းရေးအတွက်   ထောက်ပံ့ငွေကြေးများကိစ္စ၊မြန်မာနိုင်ငံရေးအခြေအနေကို ယခင်က အတိုက်အခံတစ်ယောက်၊ ယခု အစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေသူတစ်ဦး၏ အမြင်နှင့် ယခုလအတွင်း MPC ရှေ့တွင်သတင်းသမားများက သမ္မတကို ဆန္ဒပြသည့်ကိစ္စများနှင့် စပ်လျဉ်း၍မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးနှင့် The Messenger Media မှ တွေ့ဆုံမေးမြန်းထားသည်များကိုဖော်ပြထားခြင်းဖြစ်သည်။)

အခုလက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ၀င်ရောက်ညှိနှိုင်းပေးတဲ့အခါဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲ။

အခက်အခဲတွေ ပြောရမယ်ဆို နံပါတ်တစ် အခက်အခဲက နှစ်ဖက်လုံးက လွန်ခဲ့တဲ့နှစ်(၆၀) ကသူတို့ သီးသန့်ကမ္ဘာလေးမှာ နေကြတာ။ တိုင်းရင်းသားလက်နက်ကိုင်ဆိုလည်းသူတို့အမြင်နဲ့ တည်ဆောက်ထား တဲ့ကမ္ဘာ ထဲမှာရှိတယ်။ တစ်ဖက်က အစိုးရထဲမှာဆိုရင်လည်းသူတို့ရဲ့သီးသန့် အမြင်ဆိုတဲ့ ပုံစံရှိတယ်။ Paradigm လို့ပြောတဲပုံစံခွက်နှစ်ခုကမတူကြဘူး။ မတူတဲ့ဟာမှာ အချို့ ဟာတွေက အမြင်မတူတဲ့ ဟာတွေကိုတစ်ခုတည်းဖြစ်အောင် လုပ်ရတာတော့ တော်တော်ခက် တယ်။ နောက်ပြဿနာတစ်ခု ကစကားလုံးတစ်လုံးကို ပြောလိုက်ရင်တောင်မှ အဲဒီစကားကို နားလည်တဲ့ပုံခြင်းမတူကြဘူး။ ဥပမာ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့ စကားလုံးမျိုး ပြောလို့ရှိရင်အစိုးရ ထဲကတချို့ထင်တာ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာခွဲထွက်ခွင့်ဆိုပြီးထင်တဲ့ဟာရှိတယ်။ တိုင်းရင်းသား ဘက်က တချို့တွေကျတော့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ခွဲထွက်ခွင့် မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ရဲ့ပြည်နယ်တွေမှာ အကန့်အသတ်ရှိတဲ့ ဥပဒေပြုခွင့်ပေါ့နော်၊ ဆိုလိုတဲ့အဓိပ္ပါယ်ကစကားလုံး လေး တစ်လုံးမှာတောင် နားလည်မှုခြင်း မတူကြတဲ့ ပြဿနာတွေရှိတယ်။ ဒါကတော့ ကိုယ် ကျင်လည်ခဲ့ရတဲ့ နှစ်ခြောက်ဆယ်လောက် အသိုင်း အ၀ိုင်းတစ်ခုစီမှာသီးသန့်ကျင်လည်ခဲ့တဲ့၊ သိရတဲ့ အသိတွေချင်းလည်း မတူကြဘူး။ နောက်ပြဿနာတစ်ခုက တရားဝင်မှုပြဿနာ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ တချို့ကလည်းတက်လာတဲ့ အစိုးရပေါ်မှာ သံသယ တွေရှိနေတုံးပဲ။ တချို့ကျတော့လည်း အစိုးရတော့ပြောင်းတော့ပြောင်းနေပြီ၊ ဒါပေမဲ့ တကယ်ပဲ ထိထိမိမိ ပြောင်းတာမှဟုတ်ရဲ့လား။အပေါ်ယံပဲ ပြောင်းတာလားဆိုပြီး သံသယရှိတာလည်း ရှိတယ်။ ထိုနည်းလည်းကောင်းပဲအစိုးရထဲက တချို့ကလည်း တိုင်းရင်းသားတွေအပေါ်မှာ သံသယရှိတာတွေ ရှိတယ်။ တိုင်းရင်းသားတွေက တကယ်ပဲ ငြိမ်းချမ်းရေးကို လိုချင်သလား။ ဒါမှ မဟုတ်ဘဲနဲ့ငြိမ်းချမ်းရေးအပေါ်မှာပဲ အမြတ်ထုတ်မှာလား။ တကယ်ပဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းပြီးတော့ ဒီလက်နက်ကို စွန့်မှာလား။ အဓိကနိုင်ငံရေးပြဿနာ ရရင်ရောဒီလက်နက်ကိုင် ပဋိပက္ခတွေကို လုံးဝချုပ်ငြိမ်းသွားအောင် ဘယ်လိုလုပ်မလဲ စတဲ့စိုးရိမ်မှုတွေ၊ မယုံသင်္ကာတွေ ရှိတယ်။ ဒါကလည်း နှစ်(၆၀)လုံးမှာနှစ်ဖက်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအရ ပြောကြတာပဲ။

ဒီနေရာမှာ MPC ရဲ့ရပ်တည်မှုက ဘယ်လိုမျိုးရှိလဲ။

MPC ကို အစိုးရက ဖွဲ့တယ်ဆိုပေမယ့် ဒါ နိုင်ငံတော်သမ္မတ Mandate နဲ့ပေါ့နော်။ သူ့ Mandate ကို ကြည့်လိုက်မယ်ဆိုရင် MPC က ညှိနှိုင်းဆောင်ရွက်ပေးရတဲ့အဖွဲ့ဖြစ်တယ်။ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မှာ ကျွန်တော်တို့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ ဘာမှ အာဏာမရှိဘူး။ ကျွန်တော်တို့အလုပ်က ညှိနှိုင်းဆောင်ရွက်ပေးရတာ။ကျွန်တော်တို့က သွားပြီး မောင်ဖြူ ဘာလုပ် လိုက်၊ မောင်နီ ဘာလုပ်လိုက်ကျွန်တော်တို့ပြောလို့ မရဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူး။ ပြောစရာ အာဏာလည်းမရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကကို အစိုးရ၀န်ထမ်း မဟုတ်ဘူး။ MPC က၀န်ထမ်းတွေအားလုံး အစိုးရ၀န်ထမ်း မဟုတ်ဘူး။ Non Governmentအဖွဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ က လည်ပတ်တဲ့ပုံစံမျိုးပေါ့။ တစ်ဖက်ကလည်းဒီအစိုးရ နဲ့ အရပ်သား Hybrid ပေါ့၊ အရောပုံစံနဲ့လည်ပတ်တာ။ အလုပ်လုပ်ရတဲ့အခါ ဟိုအရင်တုန်းကတော့ဒီငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်တဲ့အခါ ကကလှမ်း ပေါ့၊ ဒီထောက်လှမ်းရေးက အဓိကလုပ်တယ်။ လုပ်တဲ့အခါ သူတို့မှာ သူတို့လုပ်တဲ့အချိန်ကငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ခွင့်၊ Policy အရ ဆုံးဖြတ်ခွင့်ကို သူတို့ဆုံးဖြတ်လို့ရတယ်။ သူတို့ကိုယ်တိုင်လည်း အောက်ခြေမှာရှိတဲ့ ၀န်ကြီးဌာနတွေကိုညွှန်ကြားချက်ပေးလို့ရတယ်။ အဲဒီ အချိန်တုန်းက လုပ်တဲ့ပုံစံနဲ့ အခုပုံစံနဲ့မတူဘူး။ အခုပုံစံကျတော့ အစိုးရထဲမှာတင် သူ့ရဲ့ Power Center တွေကကွဲသွားတယ်။ အရင်က ငြိမ်းချမ်းရေးလုပ်တုန်းက ကကလှမ်း ဆိုတာ အများကြီး သြဇာရှိတယ်။ သူပြီးရင် ပြီးတယ်ဆိုတဲ့ပုံစံနဲ့ ဆက်ဆံလို့ရတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ဆက်ဆံတဲ့အခါမှာ ခုကျတော့ ကျွန်တော်တို့ငြိမ်ချမ်းရေးလုပ်ငန်းစဉ်သစ်မှာကျတော့အစိုးရမှာ Executive Branch ရှိတယ်။ တပ်မတော်ဆိုတာလည်း Power Centerတစ်ခုအနေနဲ့ရှိတယ်။ လွှတ်တော်ဆိုတာလည်းရှိတယ်။ အစိုးရမှာတောင် ၀န်ကြီးဌာနတွေ ရှိတယ်။ငြိမ်းချမ်းရေးလုပ်တဲ့ အခါမှာ သမ္မတရုံးတစ်ခုတည်းနဲ့လုပ်လို့ပြီးတာမဟုတ်ဘူးလေ။ ငြိမ်းချမ်းရေး မှာဖြစ်လာမယ့်အကောင်အထည်ဖော်ရမယ့်ကိစ္စတွေကို ၀န်ကြီးဌာနက အကောင် အထည်ဖော်ရတာ။ ဥပမာ IDPကိစ္စလိုဟာမျိုးကို အဓိကအကောင်အထည်ဖော်ရတာ လူကယ်ပြန် (လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)ပေါ့။ ပြီးရင် ပြည်နယ်အစိုးရ ဆိုတာရှိလာ တယ်။အရင်တုန်းကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ Top Down အပေါ်အောက်စီးဆင်းရုံနဲ့လုပ်လို့ရတယ်။ အပေါ်ကနေ ကကလှမ်း လုပ်ပြီး အောက်ကလူတွေအကုန်လုံး ဒီအတိုင်းစီးဆင်းတဲ့ပုံစံနဲ့လုပ်လို့ရတယ်။ အခုကျတော့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အပေါ်အောက်ဆက်ဆံရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့က အပေါ်အောက် ဆက်ဆံရေးတင်မက ဘေးတိုက်ဆက်ဆံရေးပါအကုန်လုံး တည်ဆောက်ရတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ဝန်ကြီးဌာနတွေလည်း အများကြီးဖြစ်လာတယ်။ သူတို့တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးညှိနှိုင်းရတာတွေရှိတယ်။ ပြီးရင်ပြည်နယ်အစိုးရနဲ့ညှိနှိုင်းရတာရှိတယ်။ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ရတာတွေရှိတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း ကိုလုပ်နေတဲ့အစိုးရဘက်တစ်ခြမ်းတည်းမှာဘဲ ဒီလိုလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ Actorsတွေပေါ့။ လုပ်တဲ့ အဓိက အင်အားစုတွေအများကြီးဖြစ်လာတယ်။ အရင်တုန်းကလို တစ်ခု တည်းကလုပ်တဲ့ပုံစံမျိုးမဟုတ်တော့ဘူး။ အဓိကအင်အားစုတွေအများကြီးနဲ့အကုန်လုံးထိစပ်ပြီး Coordinate ပူးပေါင်းညှိနိုင်း လုပ်ရတာ။ညှိနှိုင်းဆောင်ရွက်ရတဲ့ကိစ္စတွေ၊ တိတိကျကျလုပ်ငန်းစဉ် တစ်ခု ပေါ်လာအောင် လုပ်ရတာအင်မတန်မှ ခက်တယ်။ အဲဒီပြဿ နကြီးတယ်။ နောက် တစ်ခုငြိမ်းချမ်းရေး လုပ်ငန်းတွေလုပ်တဲ့အခါကြုံတွေ့ရတဲ့ပြဿ နာ တစ်ခုက ယုံကြည်မှု။တိုင်းရင်းသား တွေနဲ့ ကျွန်တော်တို့နဲ့ကြားမှာ ယုံကြည်မှုက အတိုင်းအတာတစ်ခုအထိရလာပြီ၊ အထူးသဖြင့် ခေါင်းဆောင်ပိုင်းမှာ ရလာပြီ။ စားပွဲပေါ် လာဆွေးနွေးတဲ့သူတွေအချင်းချင်းမှာ ရလာပြီ။ NCCT နဲ့ ကျွန်တော် တို့ တွေ့ကြတာကျွန်တော်ထင်တယ် အခေါက်ပေါင်းရာနဲ့ချီနေပြီ။စားပွဲပေါ်လာတဲ့သူတွေအချင်းချင်းနားလည်မှုရလာပြီ။ ရှေ့ကိုဘယ်လိုဆက်သွား ကြမယ်ဆိုတာ ဆွေးနွေးကြတယ်။ ဒါပေမဲ့စကားဝိုင်းမလာနိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြား ထဲမှာလည်း အခုဖြစ်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ဆိုတာလည်း အခက်အခဲတော့ ရှိတာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေတဲ့ နှစ်ဖက်စလုံးမှာတစ်ဖက်က ကျွန်တော်တို့ MPC လို အစိုးရနဲ့ချိတ်ဆက်ပြီးလုပ်နေတဲ့အဖွဲ့ရှိသလို၊တိုင်းရင်းသားတွေမှာလည်း ချိတ်ဆက် လုပ်နေတဲ့ အဖွဲ့တွေရှိတယ်။ဒီနှစ်ဖွဲ့လုံးရဲ့ဒုက္ခက ဘာလဲဆိုတော့ နှစ်ဖက်စလုံးက ကိစ္စတွေကို နားလည်အောင်ဆွေးနွေးပြရတယ်။ နောက်ပြဿ နာတစ်ခုက ကိုယ့်အချင်းချင်း အထဲမှာ လည်းငြိမ်းချမ်းရေး ကိစ္စတစ်ခု လုံးကို နားလည်အောင် ပြန်ဆွေးနွေးပြရတယ်။တိုင်းရင်းသားတွေမှာဆို (၁၆) ဖွဲ့ရှိတယ်။ ဒါ အကုန်လုံးကို ညှိနှိုင်းရတယ်။နောက်ပြီး ဒီတစ်ဖွဲ့ချင်းမှာတောင် တစ်ခါတလေ အပေါ်နဲ့ အောက်နဲ့ က သဟဇာတမဖြစ်တဲ့ပြဿ နာတွေရှိတယ်။

MPCရဲ့ဘတ်ဂျတ်သုံးစွဲမှုအပေါ် ပွင့်လင်းမြင်သာစွာချပေးဖို့ရှိလား။

ကျွန်တော်က ဘတ်ဂျတ်ကိစ္စမလုပ်တော့ အသေးစိတ်တော့မသိဘူး။ ကျွန်တော်တို့သိတာက ကျွန်တော်တို့က EU ကပေးတဲ့ဘတ်ဂျတ်ဖြစ်တာကြောင့် EU မှာ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း Procedureတွေရှိတယ်။ ဥပမာ EU ရဲ့ Funding အလှူ ငွေကို ယူတယ်ဆိုလို့ရှိရင်စာရင်းစစ်တွေ ဘယ်နှစ်ကြိမ်လုပ်ရတယ်ဆိုတာရှိတယ်။ သတ်မှတ်ထားတဲ့ပိုက်ဆံသုံးတဲ့ပုံစံတွေကို အရမ်းတင်းကျပ်တယ်။ ဥပမာဆိုရင် MPC က ပိုက်ဆံ တိုက်ရိုက်ကိုင်တာမဟုတ်ဘူး။ MPC ကို ရော့အင့် ဆိုပြီး ပိုက်ဆံလက်ထဲလာထည့်ပေးတာမဟုတ်ဘူး။ MPCနဲ့ EU ကြားမှာ ပိုက်ဆံကိုင်တဲ့ နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲဒီနိုင်ငံတကာအဖွဲ့က ပိုက်ဆံကိုင်ပြီးတော့ MPC က ဘာတွေလိုတယ်ဆိုမှ အဲဒီအပေါ်စိစစ်တယ်။ EU ရဲ့ Guideline တွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီလားဆိုတာကြည့်တယ်။ ကြည့်ပြီးညီတယ်ဆိုမှ လိုအပ်တဲ့ပစ္စည်းကိုဝယ်ပေးတာ။ MPC အနေနဲ့က တိုက်ရိုက်ပိုက်ဆံကိုင်တဲ့အလုပ်မရှိဘူး။ ဒီကိစ္စတွေကို ရေးကြ သားကြတဲ့အခါမှာ သေသေချာချာရေးချင်ရင်လွယ်လွယ်လေးဗျ။ သိချင်ရင် EU ကို သွားမေးလို့ရတယ်။ EU တို့ ဘာတို့ကနိုင်ငံတကာအဖွဲ့အစည်းတွေဆိုတော့ သူတို့ရဲ့ဘတ်ဂျတ်တွေ နဲ့ပတ်သက်ရင် ဘယ်အဖွဲ့အစည်းကိုဘယ်လောက်ပေးတယ်။ ဘယ်လိုသုံးစွဲတယ်၊ ဘယ်လိုစာရင်းစစ် တယ်ဆိုတာ Guideline တွေအကုန်ရှိပြီးသား။ အဓိကဘတ်ဂျတ်သုံးစွဲ တဲ့ကိစ္စက နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့သေသေ ချာချာလုပ်ရပါတယ်။ ကျွန်တော် Project တွေ အများကြီးလုပ်ဖူးတယ်။ EU Funding ကအကျပ်ဆုံးဘဲ။ EU Funding ရဖို့ကလဲ မလွယ်ဘူး။ ရလာရင် အဲဒီ Guideline နဲ့ ညီ မညီလုပ်ရတာတွေ၊ သူတို့က အရမ်းတင်းကျပ်တယ်။ ဥပမာ ကျွန်တော်တို့ ဒီမှာရှိတဲ့Staff ဝန်ထမ်း အရေ အတွက်ကအစ အကုန်လုံး ကြိုညှိပြီးမှ ခန့်လို့ရတယ်။ သူတို့ကအရမ်းတင်းကျပ်တယ်။ ကျွန်တော်တို့ ဒီမှာရှိတဲ့ Staff အရေအတွက်ကအစ အကုန်လုံးကြိုညှိရတယ်။ ကိုယ်ခန့်ချင် တိုင်း ခန့်လို့မရဘူး။ အခြေခံအားဖြင့် MPC ကတိုက်ရိုက်ပိုက်ဆံကိုင်ပြီးလုပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အခုအပြင် မှာ ရေးနေကြတဲ့သန်း (၁၃၀) တို့၊ အဲဒီနံပါတ်တွေ ဘယ်ကရမှန်း ကျွန်တော် မသိဘူး။ ရေးတဲ့သူတွေ ကိုယ်တိုင်ပဲ ရှင်းပြရင်ကောင်းတာပေါ့ဗျာ။ EU က ကျွန်တော်တို့ ပေးတဲ့ဘတ်ဂျတ်က MPC လည်ပတ်ဖို့ပေါ့။ ဒါပေမဲ့ ဥပမာဆိုပါစို့၊ ဂျပန်က ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ (၉၅)သန်းလားမသိဘူး။ သုံးမယ်ဆိုတာ။ ဒီပိုက်ဆံတွေက MPC ကို လာတာလည်းမဟုတ်ဘူး။ ဖြတ်တာလည်းမဟုတ်ဘူး။ ကျွန်တော်တို့  အနေနဲ့ ဒီငွေတွေ အဓိကဖြတ်လည်းမဖြတ်စေချင်ဘူး။ လာလည်း မလာစေချင်ဘူး။ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ကျွန်တော်တို့ ရဲ့ အဓိက အခန်းကဏ္ဍ Coordination ညှိနိုင်းဆောင်ရွက်ပေး တာဖြစ်တယ်။ ဒီCoordinate လုပ်တဲ့ဟာကို လုပ်ပေးမယ်။ ဥပမာ ဒီ (၉၅) သန်းကို အဖွဲ့၊ တစ်ခုကရတယ်ထား၊ဂျပန်အစိုးရက ဘယ်အဖွဲ့၊ ဘယ်အဖွဲ့ဆိုပြီး တစ်ဖွဲ့တည်း ဖြစ်ချင်ဖြစ်မယ်။သုံး၊လေးဖွဲ့ဖြစ်ချင် ဖြစ်မယ်။ ပေးလိုက်တယ်ပေါ့။ ပေးလိုက်ရင် အဲဒီအဖွဲ့အစည်း တွေကအဲဒီပိုက်ဆံကိုကိုင်မယ်။ သုံးစွဲတဲ့ပုံစံကို ကိုင်မယ်။ ကျွန်တော်တို့ဘက်က ၀င်ကူပေးရမှာက လက်နက်ကိုင်အဖွဲ့တွေရယ်၊ အဲဒီမှာရှိတဲ့ပြည်နယ်အစိုးရရယ်၊ ပြီးတော့ဝန်ကြီးဌာနတွေ ကြားထဲမှာ ညှိနှိုင်းပြီးတော့ ဥပမာ ဆိုပါစို့၊ ကျောင်းဆောက်မယ်။ဒါကိုကျောင်းဆောက်လို့ရအောင် ဘယ်မှာကျောင်းလိုလဲ၊ ဒါတွေကိုဝင်ညှိပေးမယ်။ တကယ်တမ်းအဲဒီ ပိုက်ဆံတွေကိုင်သွားပြီး လုပ်ငန်းအကောင်အထည်ဖော်တဲ့အဖွဲ့က ကျွန်တော်တို့မဟုတ်ဘူး။ ကျွန်တော်တို့အမြင်က ကိုယ့်ရဲ့အခန်းကဏ္ဍကို သေးနိုင်သမျှသေးတာ ကောင်းတယ်။ကျွန်တော်တို့အနေနဲ့ သူများလုပ်နိုင်နေ တာတွေကို မလုပ်ဖို့ဘဲ။ သူများလုပ်နိုင်ရင်လုပ်နိုင်သူကို လုပ်နိုင်အောင်ကူညီပေးတာ ကျွန်တော်တို့အလုပ်။ နဂို MPCစလုပ် ကတည်းက ရည်မှန်းချက်က သူများတွေ များများလုပ်နိုင်ဖို့လိုတယ်။ MPC ရဲ့ရည်ရွယ်ချက်ကMPC မရှိဖို့ဖြစ်တယ်။

ကိုမင်းဇော်ဦးကဒီပဋိပက္ခရပ်စဲရေးမှာ တာဝန်ယူထားရတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရအောင်လုပ်မယ်။ ပြီးရင် အားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ခု လုပ်မယ်လို့ပြောထား တာကလက်ရှိအစိုးရသက်တမ်းမှာ တကယ်ပဲဖြစ်ပေါ်လာနိုင်မလား။



လောလောဆယ်အစိုးရဘက်မှာအဲဒီ Policy ရှိပြီးသား။ အစိုးရဘက်က နံပါတ်တစ် အပစ်အခတ် ရပ်စဲရေးလုပ်၊ ပြီးရင်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားဆိုတဲ့မူဝါဒက အစိုးရမှာ ချပြီးသား။ လုပ်ချင်တဲ့ဆန္ဒလည်းရှိတယ်။ ဒါပေမဲ့ ဒါက နှစ်ဖက်စလုံးနဲ့မူတည်တယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဘယ်လောက်ထိ Time Line အချိန်ဇယား တွေကိုချမှတ်ရာမှာ တူဖို့လိုတယ်။အစိုးရဘက်က ၂၀၁၄ မတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲ စစေချင်တယ်။ အဓိကစဉ်းစားထားတာကတော့ ဒီအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်အုတ်မြစ်ချခဲ့ဖို့လိုတယ်။ ဒီအစိုးရ သက်တမ်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အကုန်ပြီးသွားမှာ မဟုတ်ဘူး။ နောက် (၁၀)နှစ်ကြာရင်ကြာမယ်။ (၁၅) နှစ်လည်းကြာရင်ကြာမယ်။ ဒါပေမဲ့ အုတ်မြစ် တစ်ခုကို အခြေခိုင်နိုင်အောင်ချပေးနိုင်ခဲ့တယ်ဆိုရင် နောက်အစိုးရတက်လာတဲ့အခါမှာ ဘယ်အစိုးရပဲ တက်တက်၊ဘယ်သူပဲတက်တက် လက်ရှိချထား တဲ့ အခြေခံအုတ်မြစ်ပေါ်ကနေ လက်ဆင့်ကမ်းပြီး ဒီငြိမ်းချမ်းရေး လုပ်သွားလို့ရတယ်။ ကျွန်တော် တို့ဝင်ပြီး ဒီငြိမ်းချမ်းရေးမှာမပါဝင်လာကတည်းက၂၀၁၁ ခုနှစ်လောက်မှာ စဉ်းစားတာမိတာက ဒီအစိုးရ လက်ထက်မှာအားလုံးပြီးသွားမယ်လို့ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ မမြင်ခဲ့ဘူး။မြန်မာပြည်မလာခင် ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်တော့မယ်ဆို အနည်းဆုံး (၁၀)နှစ်၊ (၁၅) နှစ်တော့ အချိန်ယူရမယ်လို့စဉ်းစားခဲ့ဖူးတယ်။ ဒီအစိုးရလက်ထက်မှာ အဓိကအရေးကြီးဆုံးကအချက် နှစ်ခုကို အခြေခံအုတ်မြစ်ချခဲ့ဖို့ ဖြစ်တယ်။ နံပါတ်တစ်အနေနဲ့အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့ နှစ်ဘက် လိုက်နာရမယ့်စည်းမျဉ်း၊စည်းကမ်း၊တပ်နေရာချထားရေးကိစ္စတွေ၊ အပစ်အခတ်ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးဆိုင်တဲ့ကိစ္စတွေ၊အရပ်သားတွေ ကို နှစ်ဘက်စလုံးက ဘယ်လိုစောင့်ရှောက်မလဲ၊ ဘာတွေကိုမလုပ်ရဘူးလဲ။ဒါတွေကို ရှင်းရှင်းလင်းလင်း သဘောတူထားဖို့လိုတယ်။ နံပါတ်နှစ် အချက်ကနိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ အာမခံချက်ရှိတဲ့ အခြေခံ အုတ်မြစ်တစ်ခုချပေးခဲ့ ရမယ်။ ဒါမှ ဒီအစိုးရပြီးလို့၊ နောက်အစိုးရတက်ရင်လည်းနိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက် လုပ်သွားဖို့လိုတယ်။ အဲဒီနှစ်ခုကိုမချနိုင်ရင် နောက်အစိုးရ တက်လာရင်အားလုံးကို စလုံးရေ စက ပြန်စရလိမ့်မယ်။ကျွန်တော်တို့ စိုးရိမ်တာက နောက်အစိုးရတက်လာလို့ရှိရင် အစကနေပြန် စရလို့ငြိမ်းချမ်းရေးဖြစ်စဉ်က လည်ထွက်သွားတာမျိုးမဖြစ်ရအောင် ခုချိန်ကတည်းကအခြေခံအုတ်မြစ်ချရမယ်။ အဲဒီစဉ်းစား ချက်ကို ယေဘုယျအားဖြင့်တိုင်းရင်းသားအဖွဲ့အစည်းတော်တော်များများ လက်ခံ တယ်။ နှစ်ဖက် စလုံးက ကြိုးစားကြတဲ့အခါအရင်တုန်းကတော့ ဈေးဆစ်တဲ့ ပုံစံနဲ့ ဆွေးနွေး ကြတာကို။ မင်း ဘာပေးမလဲ၊ ငါဘာပေးမလဲ၊ပုံစံမျိုးနဲ့ ဆွေးနွေးကြတာ။ အခုအချိန်မှာ အဲဒီလိုဆွေးနွေးတဲ့ အဆင့် မဟုတ်တော့ဘူး။နှစ်ဘက်စလုံးက ဘာကိုလက်ခံနိုင်မလဲဆိုတဲ့ဟာကို နှစ်ဖက်စလုံးက ထိုင်စဉ်းစားတဲ့ အဆင့်ဖြစ်သွားပြီ။ ကျွန်တော်တို့အတွေ့အကြုံအရ အခုလုပ်တဲ့ဆွေးနွေးပွဲကအပြု သဘောဆောင်ပါတယ်။ ၂၀၁၅ မတိုင်ခင် ခုနကပြောတဲ့ နှစ်ချက်ကိုတော့အုတ်မြစ်ချနိုင်မယ် ထင်တယ်။

အဲဒီလိုအုတ်မြစ်ချမယ်ဆိုတဲ့နေရာမှာ ဒီ ၂၀၁၅ ခုနှစ်မတိုင်ခင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ရေးထိုးသွားနိုင်မှာလား၊ အားလုံးပါဝင်တဲ့နိုင်ငံရေး ဆွေးနွေးပွဲကိုသွား နိုင်မှာလား ဆိုတဲ့ဟာကို တိတိကျကျ သိချင်ပါတယ်။
 
  နှစ်ခုလုံးပေါ့၊တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ တကယ်တမ်းတော့ အပစ်အခတ် ရပ်စဲရေး မရှိလို့လုပ်တာမဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးက ရှိပြီးသား၊ အခုဆိုရင်အစိုးရက ပြောထားတဲ့ (၁၆)ဖွဲ့မှာ (၁၄)ဖွဲ့နဲ့ကအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားပြီးသား၊တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်လုပ်တဲ့ရည်ရွယ်ချက်က အပစ်အခတ်ရပ်စဲရေးခိုင်အောင် လုပ်ဖို့ လိုတဲ့အချက်တွေကို ပါသွားအောင် ကျွန်တော်တို့က လုပ်ရတာ။နောက်ဒီတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာလည်းနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပါမယ်ဆိုတဲ့ အာမခံချက် တွေ ထည့်ထားမယ်။ ဒါဆိုရင်ဒီစာချုပ်ကြီးကို လက်မှတ်ရေးထိုးလိုက်လို့ရှိရင် အပစ်အခတ်ရပ်စဲရေးကို ခိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို စလုပ်လို့ရပြီ။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိလာပြီ။ ဒီတစ်ဆင့်ကို လက်မှတ်ထိုးပြီး နောက်တစ်ဆင့်က နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဒါကို ညှိမယ်။ ညှိတဲ့အခါမှာ Agenda တွေ၊ ဘာ Issueတွေဆွေးနွေးမှာလဲ။ ဘယ်သူတွေပါမှာလဲ။ ဘယ်လိုအမျိုးအစားနဲ့ပါမှာလဲ။ဆုံးဖြတ်ချက်တွေဘယ်လိုချမှာလဲ။ အားလုံး ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူညီချက်ကြီးထွက်လာပြီဆိုရင် အဲဒါကြီးကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ စတဲ့ Frameworkမူဘောင်ကိုဆွေးနွေးသဘော တူရဦးမယ်။ ပြီးရင်နိုင်ငံရေးဆွေးနွေးပွဲကြီးလုပ်ရဦးမယ်။ နိုင်ငံရေးဆွေးနွေးပွဲဘယ်လောက် ကြာမလဲ ဆိုတာတော့ ကျွန်တော်တို့လည်း ခုအချိန်မှာပြောလို့မရဘူး။ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လောက်ကြာကြာ သဘောမတူတာတွေကိုစားပွဲဝိုင်းမှာရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ခုကို တည်ဆောက်နိုင်ဖို့ လိုတယ်။အောက်ခြေက သေနတ်ကိုထားတဲ့သူတွေကို ခင်ဗျားတို့ ပစ်စရာမလိုတော့ဘူး။ အပေါ်မှာနိုင်ငံရေး ဆွေးနွေးနေပြီဆိုတဲ့ အနေအထားမျိုးရောက်အောင်တည်ဆောက်ထားနိုင်ဖို့လိုတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုနိုင်ငံတကာမှာ ပြုပြင်ပြောင်းလဲရေးရဲ့ ICON တစ်ဦးအနေနဲ့ သုံးနှုန်းနေတာ ရှိပါတယ်။နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း သူ့လက်ထက်မှာ ဒီငြိမ်းချမ်းရေးကိုရသွားချင်တယ်လို့ ပြောတာရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နိုင်ငံတော်သမ္မတကအပစ် အခတ်ရပ်စဲရေးမူကြမ်းအပေါ် NCCT ရဲ့ တင်ပြချက်တွေထဲက အချို့အချက်တွေကိုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကိုခေါ်ပြီးဖြေလျှော့ပေးခဲ့တယ်လို့သိရပါတယ်။ ဘယ်အချက်တွေ ကို ဖြေလျှော့ပေးခဲ့တာလဲ။ အချက် ဘယ်နှစ်ချက်လောက်ရှိမလဲပြောလို့ရမလား။



NCCT နဲ့ ကျွန်တော်တို့သဘောတူထားတဲ့ အထဲမှာတော့ လက်ရှိညှိနှိုင်းနေဆဲအချက် တွေကို တချို့အချက်တွေကိုတော့ပြောတာပြောလို့ရတယ်။ဒါပေမဲ့အဲဒါတွေအားလုံးကိုတော့  နှစ်ဖက်ညှိနှိုင်းတဲ့အချိန် မှာ အပြင်ကို မထုတ်ပါနဲ့လို့ ပြောထား တာရှိတယ်။ လောလောဆယ် အဲဒီဟာကြီးကိုအပြင်ကိုထုတ်ပြန်ဖို့ မရှိသေးဘူးပေါ့ဗျာ။ ဒါကတော့ ကျွန်တော်တို့တင် မဟုတ်ပါ ဘူး။တခြားနိုင်ငံတွေမှာလည်း လုပ်ရိုးလုပ်စဉ်ပါ။ ညှိနှိုင်းတဲ့အချိန်မှာနှစ်ဖက်စလုံးမှာလည်း ခုနကပြောသလို သဘောထားတင်းမာ တဲ့သူရှိရင်ရှိမယ်။ ဟာ ခင်ဗျားကလျှော့လှချည်လား၊ ခင်ဗျားက တင်းလှချည်လားလို့ ဖြစ်တာတွေရှိတယ်။ ညှိရတဲ့သူတွေမှာအခက် အခဲတွေ အများကြီးရှိတယ်။ ညှိနေတဲ့အချိန်မှာ ဒီကိစ္စကြီးကို မထုတ်ပြန်ပါဘူး။ဘာကြောင့်လဲဆို ညှိနှိုင်းတယ်ဆိုတာ အင်မတန်သိမ်မွေ့ပါတယ်။ ကျွန်တော် ပြောပြလို့ရတာက တိုင်းရင်းသားတွေ ဘက်က အစိုးရကို နိုင်ငံရေးဆွေးနွေးပွဲတွေ မရောက်ခင်မှာအာမခံချက်ကြိုလိုချင်တယ်။အစိုးရဘက်ကလည်းခင်ဗျားတို့က နိုင်ငံရေးဆွေးနွေးပွဲကျမှယူရ မယ့်ဟာကို ဘာဖြစ်လို့အခုကတည်းက ချည်တုတ်ပြီး တောင်းနေသလဲဆိုတဲ့ အမြင်ရှိတယ်။ဒါကို ကျွန်တော်တို့က ဟိုဘက် ဒီဘက် လက်ခံနိုင်တဲ့ဟာဖြစ်အောင် ညှိရတာပေါ့။နောက်တစ်ခု တပ်ပိုင်းဆိုင်ရာလေးတွေ ညှိရတာရှိပါ တယ်။

ငြိမ်းချမ်းရေးကားပါမစ်တွေနဲ့ပတ်သက်ပြီးကိုမင်းဇော်ဦး တို့အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးတာလဲ။



ကျွန်တော်တို့ MPC ကတော့ဘာပါမစ်မှပေးလို့ မရပါဘူး။ အစိုးရဖက်က စဉ်းစားတဲ့ပုံစံကတော့ တိုင်းရင်းသား တွေမှာငြိမ်းချမ်းရေးလုပ်ပြီဆိုတော့ မြို့ပေါ်တွေလာကြမယ်။ ရန်ကုန်၊ မန္တလေး ၊နေပြည်တော်ပေါ့ဗျာ။ တိုင်းရင်းသားတွေ နယ်စပ်ကလာတော့ လိုင်စင်မဲ့ကားတွေပါလာတော့ခဏခဏပြဿ နာ တက်ကြတယ်။ ရဲကလည်း ဒီကားတွေဖမ်းတယ်။ ဥပဒေအရလိုင်စင်မဲ့မို့လို့ဖမ်းတာ။ ဒါကို ကျွန်တော် တို့က သွားထုတ်ပေးလို့မရဘူး။ဒါပွင့်ပွင့်လင်းလင်းပြောတာ။ အရင်တုန်းကတော့ဗျာ၊ ကကလှမ်း ဆိုတာမျိုးကတော့ချက်ခြင်းလုပ်ပေးလို့ရမှာပေါ့။ ဒီဘက်ခေတ်တော့ ခင်ဗျားတို့ မီဒီယာတွေလည်း ရှိတယ်။ အဲဒီလိုအချိန်မှာကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက်လာတာပါ၊ ထုတ်ပေးပါဆိုပြီး သွားပြောလို့မရဘူး။ အဲဒီပြဿ နာတွေကိုကျော်လွှားနိုင်ဖို့ဆိုရင်တိုင်းရင်းသားခေါင်းဆောင်တွေ သွားရေး လာရေးအဆင်ပြေအောင် ကားပါပစ်အချို့ပေါ့၊ဒါကလည်း ခင်ဗျားတို့ရှိတဲ့ကားတွေကို မှတ်ပုံတင် ခွင့်ပေးမယ်ဆိုတာမျိုး လုပ်တာ။ကျွန်တော်တို့ နားလည်တာကတော့ အဲဒီလိုနားလည်တာပါ။ ကားတင်သွင်းခွင့် ပါမစ်မဟုတ်ဘူး။ အပြင်မှာ တစ်မျိုးဖြစ်တာ။ အဓိကကတော့ ခင်ဗျားတို့ စီးတဲ့ လိုင်စင်မဲ့ကားတွေယူလာ၊မှတ်ပုံတင်လုပ်ပေးမယ်။ အချို့တွေဆို အခွန်လွတ်မှတ်ပုံတင်ပေးလိုက် တယ်။အလုပ်လုပ်နိုင်အောင် ခွင့်ပြုခဲ့တာလို့ ကျွန်တော်တို့နားလည်တယ်။ အပြင်မှာ ဖြစ်တာကတော့ တစ်မျိုးပေါ့ဗျာ။ ဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူးဗျ။

တန်ဖိုးကြီးတဲ့ကားတွေတင်သွင်းမှုတွေရှိတယ်၊ ကားပါမစ်တွေသွင်းဖို့အတွက် MPC က တစ်စုံ တစ်ရာပါဝင်ပက်သက်မှုတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုရော ဘာပြောချင်လဲ။



ဝေဖန်တာကတော့ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်က ဒါကို သိပ်သိချင်တယ်။ ကျွန်တော် သိရင်ဘယ်သူလုပ်လုပ် ဂုတ်သွားဆွဲမှာ။ ဥပမာ- မောင်ဖြူ ၊ မောင်နီ ၊ ဘယ်သူကတော့အဲဒီလိုမျိုး လုပ်နေတယ်ဆိုတာမျိုး ပြောလို့ရတယ်။ ဒီခေတ်မှာတိုင်လို့ရတယ်၊ပြောလို့ရတယ်၊ ငြိမ်းချမ်းရေး စင်တာ ကဖြင့် ဘယ်သူက ကားကိစ္စတွေပါတယ်ဆိုတာသွားတိုင်လိုက်ပေါ့။ ကျွန်တော် နားလည် တာ ကျွန်တော်ပြောပြမယ်။ကားမှတ်ပုံတင်ခွင့်တွေထုတ်ပေးတာမှာ ဘယ်အဖွဲ့ စသည်ဖြင့်ပေါ့။ တိုင်းရင်းသားတွေအဖွဲ့ တစ်ခုခုကို စာရွက်ပေးလိုက်တယ်။ ခင်ဗျားအဖွဲ့က ကားဘယ်နှစ်စီး ကိုမှတ်ပုံတင်လို့ရပါတယ် ဆိုပြီး ရေးထားတယ်။ ဘာကြားပွဲစားမှ မလိုဘူး။ အဲဒီ စာရွက်ရရင် ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ်မှတ်ပုံတင်လို့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်ကားလက်မှတ်နဲ့ပတ်သက်လို့ နှစ်စောင်၊ သုံးစောင်ပဲ၊ သူများက ကော်ပီပြလို့မြင်ဖူး တာ။ နောက်တစ်ခုကငြိမ်းချမ်းရေး အဖွဲ့အစည်းက စာရွက်ရသွားလို့ သူတို့ဘယ်လိုလုပ်တယ်ဆိုတာ အဲဒီအဖွဲ့အစည်းနဲ့ပဲဆိုင်တာ။ အဲဒီကိစ္စတွေမှာ ကြားက ဘာလုပ် ပေးရမလဲ၊ ကျွန်တော်သိတာက ဒီစာရွက်တွေ တစ်ချို့ ကော်ပီလောက်ပဲ မြင်ဖူးတာပါ။ သိတယ်ဆိုတဲ့ လူတွေကို အကြံပေးချင်တာကတော့ လာပြောပါလို့။ ရဲလည်းတိုင်လို့ရတယ်ဗျာ။

ငြိမ်းချမ်းရေးစင်တာကိုကကလှမ်းနဲ့နှိုင်းယှဉ်ရေးသားဖော်ပြတာတွေကို ဘယ်လိုဖြေရှင်းပေးချင်လဲ။



ဒါဖြေရှင်းစရာမလိုဘူး။ ကျွန်တော်ကတော့ Eleven က ရေးတာကို နိုင်ငံတကာ မီဒီယာ တွေကို ပို့ပို့ပေးတယ်။ သူတို့လည်းကြည့်ပြီး မြန်မာပြည်က မီဒီယာတွေက အဲဒီလောက်ပဲလားဆိုပြီး သူတို့လည်း စိတ်ညစ်ကြတယ်။ ဒါဖြေရှင်းစရာ မလိုပါဘူး။

တစ်ချိန်ကဒီနိုင်ငံမှာ လူတွေကြောက်လန့်ရတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ကကလှမ်းနဲ့ နှိုင်းယှဉ်ရေးခံရတာကို ဘာပြောချင်လဲ။

မီဒီယာတွေကသူ့ရဲ့အလုပ်ပေါ့နော်။ ငါမြင်တာ ငါရေးမယ်။ အချက်အလက်အရ ရေးတာ ဒါမီဒီယာပေါ့ဗျာ။ကိုယ်ကြိုက်ချင်လည်းကြိုက်မယ်၊မကြိုက်ချင်လည်းမကြိုက်ဘူး။ ကောင်းတာရေးချင်ရေးမယ်၊ ဆိုးတာ ရေးချင်လည်း ရေးမယ်။ အချက်အလက်မှန်ရင် ရေးတာပဲ။ အရေးခံရတဲ့အဖွဲ့အစည်းက အရေးခံရတာ မှားတယ်ဆိုရင် ဒီအချက်အလက်ကတော့ မှားပါတယ်ဆိုပြီးရှင်းပြရတယ်။ အဲဒီတော့ မီဒီယာက Reporting လုပ်ချင်တယ်ဆိုပြီး ရေးတဲ့အခါမှာတော့တစ်ဖက် က တလေးတစားနဲ့ ခင်ဗျားတို့ Reporting လုပ်တဲ့ အချက်အလက်တွေမှားနေပါတယ်ဆိုပြီး ပြောရတာပေါ့ဗျာ။ ဒါပေမဲ့ မီဒီယာက လူထုသိအောင် ရေးတဲ့ရည်ရွယ်ချက်မဟုတ်ဘဲ သက်သက် တိုက်ခိုက် တဲ့ပုံစံ၊ ဝါဒဖြန့်ချီတဲ့ ပုံစံဆိုရင်တော့တစ်ဖက်ကလည်း အဲဒီအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရှိတာပေါ့။ ဒီဝါဒဖြန့်ချီတဲ့ကိစ္စတွေတစ်ဖက်နဲ့တစ်ဖက် ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ကိစ္စတွေကို ဘယ်လိုတုန့်ပြန် ရမှာလဲ?။ တုန်ပြန်တဲ့နေရာမှာမီဒီယာကျင့်ဝတ်နဲ့ရေးထားပေမယ့် အချက်အလက်က မှားနေတယ်ဆိုရင်အချက်အလက်ကို ကိုယ့်ဘက်က ရှင်းပြနိုင်တယ်ဆိုရင်တော့ မီဒီယာက သူ့ကျင့်ဝတ်အရကျွန်တော်ရေးတာ မှားသွားပါတယ်လို့ ပြောမှာပဲ။ သက်သက်ဆင်ပြီး တိုက်ခိုက် တဲ့ကိစ္စမျိုးကျတော့ ခင်ဗျားဘာသာ ခင်ဗျား တစ်ရာရာခိုင်နှုန်းမကလို့ နှစ်ရာရာခိုင်နှုန်းပြောပြလည်းတိုက်ခိုက်မယ့်သူကတော့ တိုက်မှာပဲ။ အခုလိုရေးသားမှုတွေကိုတော့ ကျွန်တော်တို့ကစဉ်းစားရတာ ပေါ့ဗျာ။ မီဒီယာအနေနဲ့ရေးတာလား၊ အခြားနိုင်ငံရေးရည်ရွယ်ချက်တွေဘာတွေရှိလဲဆိုတာတော့ စဉ်းစားရတာပေါ့ဗျာ။ ကျွန်တော်ကတော့ နိုင်ငံတကာသူငယ်ချင်းဂျာနယ်လစ်တွေဆီ ပို့ပေးတယ်။ သူတို့မှတ်ချက်တွေ ဖတ်လို့ရတာပေါ့ဗျာ။

MPC ရှေ့မှာသတင်းထောက်တွေ အသံတိတ်ဆန္ဒပြခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး ဓါတ်ပုံအထောက် အထားတွေ ရှိတယ်။တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ ပြောတယ်။ နိုင်ငံအတွင်းမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခတွေကျတော့ အဲဒီလောက် တိတိကျကျ အရေးမယူနိုင်တာတွေ တွေ့ရတယ်။အဲဒီအပေါ်ဘယ်လိုမြင်လဲ။

အဲဒီနှစ်ခုကို ကျွန်တော်နှိုင်းယှဉ်ပြီးပြောတာထက်စာရင် တစ်ခုချင်းစီပြောတာပိုကောင်း မယ်။ မီဒီယာကိစ္စပေါ့ဗျာ။ ခင်ဗျားတို့လည်း ကြားမှာပေါ့။ မီဒီယာတွေကိုကျွန်တော်ကနေ ဖမ်းခိုင်းတယ်ဆိုတဲ့ ကိစ္စပေါ့ဗျာ။ ကျွန်တော် ပြောတဲ့သူကိုမေးတော့လည်းအဲဒီလူက သူပြောတာ မဟုတ်ဘူးလို့ ပြောတယ်။ ဘယ်သူက ဖွလိုက်လဲတော့ မသိဘူးဗျာ။ အဲဒီလိုကိစ္စမျိုးဆို ကျွန်တော့် အမြင်ပြောရရင် ဂျာနယ်လစ်တွေအနေနဲ့ ဆန္ဒပြတဲ့ကိစ္စမျိုးမှာဂျာနယ်လစ်တွေကို ဓါတ်ပုံရိုက် တယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြလို့ရိုက်တာပေါ့ဗျာ။ပုဒ်မ-၁၈ နဲ့ အရေးယူမယ်ဆိုတာ သတင်းတွေမှာ တွေ့ရတယ်။ ကျွန်တော် စဉ်းစားတာကတော့ကျွန်တော်တို့မှာအခုမှစပြီးပွင့်လင်းလာတာ။ ပွင့်လင်းလာတယ်ဆိုလို့ဒီမိုကရေစီ ဆိုလားဆိုတော့လည်း မဟုတ်သေးဘူး။ အခုကနိုင်ငံရေးဖြေလျှော့တဲ့အဆင့်လောက်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေကျတော့လည်း နှစ်ရှည်လများ မကျေနပ်ချက်တွေ အရမ်းများနေတော့ ဒီဖြေလျှော့မှုအဆင့်နဲ့ဒီမိုကရေစီရတယ်ဆိုတဲ့ အဆင့်မှာ နည်းနည်းကွာနေမယ်။ ဖြေလျှော့တဲ့အဆင့်မှာ ငါတို့တော့ဒါတွေလုပ်ရပြီဆိုပြီး လုပ်ကြတယ်။ပြဿနာက ဘာလဲဆိုတော့အစိုးရက လည်း ဖြေလျှော့တယ် ၊ဖြေလျှော့တယ်ဆိုပြီး ထိန်းမရတာမျိုးတွေဖြစ်မှာ စိုးတယ်။ နောက်တစ်ချက်က ပြည်သူတွေကလည်း မကျေနပ်ချက်တွေများနေတယ်။ တိုင်းပြည်ဆင်းရဲနေတယ်၊ မီးမလာဘူး၊ ရေမလာဘူး၊ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ မကျေနပ်တာတွေ အများကြီးပဲ။ဖြေလျှော့လိုက်တဲ့ အတွက် နိုင်ငံရေးလှုပ်ရှားဖို့ အခွင့်အလမ်းတွေရလာတယ်။ မီဒီယာဆိုရင်လည်းရေးလို့ရလာ တယ်။ အတိုက်အခံဆိုရင်လည်း လူထုဆန္ဒပြပွဲတွေလုပ်လို့ရလာတယ်။ရလာတဲ့အခွင့်အရေး တွေနဲ့ မျှော်လင့်ချက်တွေ ပေါင်းမိလို့ အကြီးကြီး ဖြစ်သွားမှာကိုအစိုးရဘက်ကစိုးရိမ်တယ်။ဒီလိုစိုးရိမ်ပြီးတော့  နောက်ကြောင်း ပြန်လှည့်တဲ့ပုံစံမျိုး ၊ပြန်တင်းကြပ်တာမျိုး မဖြစ်သင့်ဘူးလို့ တင်တယ်ဗျ။ တစ်ဖက်ကျလည်းမီဒီယာဆိုတာကတော့ သူ့သဘောက ဝေဖန်မှာပဲ။ မီဒီယာနဲ့ အစိုးရ တည့်တယ်ဆိုတာ ရှားတယ်။ဝေဖန်နေတဲ့အပေါ်မှာ အစိုးရအမြင်ကတော့ မီဒီယာက ငါတို့ ချတယ်လို့ပဲထင်မှာပေါ့။ဒီလိုမြင်တဲ့အခါမှာ အစိုးရအနေနဲ့ မီဒီယာကို သည်းခံဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့မီဒီယာကအရမ်းနုနယ်သေးတယ်။ အမှားတွေကတော့ လုပ်မိမှာပါ။ ဥပမာ ယူနတီ လိုမျိုးပေါ့ဗျာ။အမေရိကန်လိုနိုင်ငံမျိုးမှာ ကန့်သတ်နေရာ Restricted Area ကိုဝင်တယ်ပေါ့ဗျာ။အချက်အလက်ကို ကန့်သတ်နေရာမှာ လုပ်နေသူတစ်ဦးက လာပေးရင် ရေးလို့ရတယ်။ ဒါပေမယ့်သူ့ကို သတင်းပေးသူကတော့ ပြစ်မှုမြောက်တာပဲ။ အမေရိကန် လိုနိုင်ငံမှာတော်အကာအကွယ်ပေးတာက ဂျာနယ်လစ်ကိုပဲ ပေးတာ။ သတင်းလာပေးသူကို ခွင့်လွှတ်ပေးတာ မဟုတ်ဘူး။ကာကွယ်ပေးတာ မဟုတ်ဘူး။ ဂျာနယ်လစ်ဆိုတာ ကန့်သတ်နယ်မြေထဲ ကိုဝင်ပြီး ဓါတ်ပုံရိုက်လို့မရဘူး။ ဒီကိစ္စတွေက ဥပဒေအရလည်း ကျွန်တော်တို့ဆီမှာရှင်းရှင်းလင်းလင်း မရှိသေး ဘူး။ ကျွန်တော်တို့ဆီမှာရှိတဲ့သတင်းထောက်တွေ အတွေ့အကြုံနည်းတဲ့အခါ ဥပဒေတွေနဲ့ စွဲလိုက်တော့ (၁၀)နှစ်တို့ ဘာတို့ဖြစ်သွားတာ။ဒါကိုကျော်လွှားဖို့ဆိုရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိ တယ်။ အထူးသဖြင့်ဂျာနယ်လစ်တွေကို အကာအကွယ်ပေးတဲ့ မီဒီယာဥပဒေတစ်ခု ထုတ်ပြန် သင့်တယ်။ဂျာနယ်လစ်တွေဘက်ကလည်း ငါ့ရဲ့အခွင့်အရေးနဲ့ ဒါလုပ်လို့ရတယ်၊ ဒါကတော့ လုပ်မရဘူးဆိုတာသိဖို့လိုတယ်။ မီဒီယာတွေနဲ့အစိုးရကြားမှာတော့ အဆင်မပြေမှု အမြဲတမ်း ရှိနေမှာပဲ။ဒါပေမဲ့ မီဒီယာက မရှိမဖြစ် လိုအပ်တယ်။ မီဒီယာဆိုတာ မရှိဘဲနဲ့၊ စတုတ္ထမဏ္ဍိုင် ကောင်းကောင်းမရှိဘဲဒီမိုကရေစီကို သွားလို့မရဘူး။ အစိုးရဘက်ကလည်း သည်းခံဖို့ လိုလိမ့် မယ်။မီဒီယာဘက်ကလည်း သတင်းထောက်တစ်ယောက်ရဲ့ ကျင့်ထုံးကျင့်နည်းတွေ သိသင့် တယ်။
Min Zaw Oo
 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ