ဖိလစ်ပိုင်နိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး မိုးလုံလေလုံ အားကစားရုံကြီး တစ်ခုကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ဒေါ်လာ (၁၇၅)သန်း အကုန်အကျခံ ဆောက်လုပ်ထားသည့် Philippine Arena သည် ပရိသတ် (၅၅၀၀၀)ထိ ဝင်ဆံ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး မိုးလုံလေလုံ အားကစားရုံကြီး ဖြစ်လာခဲ့သည်။ ဇူလိုင်(၂၁)ရက်တွင် အားကစားရုံ ဖွင့်လှစ်မှု အခမ်းအနားကို ကျင်းပရာ ဖိလစ်ပိုင် သမ္မတ ဘင်နစ်နို အကွီနိုကိုယ်တိုင် ဦးစီးခဲ့သည်။
အဆိုပါ အားကစားရုံကြီးတွင် အားကစားပွဲများကို လက်ခံကျင်းပသွားမည် ဖြစ်သလို အားကစားရုံကို ပိုင်ဆိုင်သည့် ခရစ်ယာန် ဘာသာရေးအသင်း Iglesia ni Cristo ၏ ပင်မ အစည်းအဝေး ခမ်းမအဖြစ်လည်း အသုံးပြုသွားမည်ဟု သိရှိရသည်။
“ဖိလစ်ပိုင်ဟာ မြင့်မြင့်မားမား ရည်မှန်းချက်တွေကို လက်လှမ်းမီတယ်ဆိုတာ ခင်ဗျားတို့ သက်သေပြလိုက်နိုင်ပြီ။ ကျွန်တော်တို့ဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မယ့် ဘယ်အရာကိုမဆို လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်းရှိတယ်”ဟု Iglesia အသင်းဝင်များကို ရည်ရွယ်ပြီး သမ္မတက ပြောကြားခဲ့သည်။
၎င်းက (၁၅)ထပ် အဆောက်အအုံကြီးသည် အမေရိကန် နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ Staples Centre ထက်ပင် လူဦးရေ (၂)ဆမျှ ဝင်ဆံ့ကြောင်းလည်း ချီးကျူးခဲ့သည်။ Staples Centre သည် အားကစားနှင့် ဖျော်ဖြေရေးဆိုင်ရာ ပွဲတော်များ ကျင်းပသည့် အထင်ကရ အဆောက်အအုံ တစ်ခုဖြစ်သည်။
Philippine Arena ကို (၂၀၁၁)ခုနှစ်၊ မေလကုန်က စတင်ဆောက်လုပ်ခဲ့ပြီး စုစုပေါင်း အကျယ်အဝန်းသည် စတုရန်းမီတာ (၉၉၀၀၀)ရှိသည်။ (၆၂)မီတာ မြင့်မားသော အဆောက်အအုံကြီးကို ယခုလအတွင်း အပြီးသတ်နိုင်ခဲ့သည်။ အဆောက်အအုံကြီးသည် မနီလာမြို့နှင့် မလှမ်းမကမ်းရှိ ဘိုကာအူမြို့တွင် တည်ရှိပြီး ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် အထူး ဒီဇိုင်းထုတ် ဖန်တီးတည်ဆောက်ထားကြောင်း သိရှိရသည်။
7Day
No comments:
Post a Comment