Monday, July 7, 2014

မူဆလင် ညီနောင်များ အဖွဲ့ခေါင်းဆောင် နှင့် နောက်လိုက် (၃၆) ဦးတို့ ထောင်ဒဏ် တစ်သက်ချမှတ်ခံရ



အီဂျစ် တရားရုံးတစ်ရုံးသည် စနေနေ့ တွင် မူဆလင် ညီနောင်များအဖွဲ့ ခေါင်းဆောင် နှင့် အပေါင်းအပါ (၃၆) ဦးတို့အား ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ပြီး အခြားလူ (၁၀) ဦးတို့ကိုမူ သေဒဏ်များ ချမှတ်ကြောင်း အတည်ပြု ခဲ့သည်ဟုသိရသည်။ သေဒဏ် ချမှတ် ခံခဲ့ရသူများအနက် အများစုမှာ ထွက်ပြေးနေသူများ ဖြစ်ကြသည်။ မူဆလင် ညီနောင်များ အဖွဲ့ခေါင်းဆောင် မိုဟမ္မဒ်ဘာဒီ သည် အခြားအမှု နှစ်ခုဖြင့်လည်း သေဒဏ်ချမှတ် ခံထားရသူ ဖြစ်သည်။ ၎င်းသည် ယမန်နှစ်က အီဂျစ်သမ္မတဟောင်း မော်ရ်စီ ရာထူးမှ ဖြုတ်ချ ခံရပြီးချိန်မှ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြောင်း ၀န်ခံထားသည်။ အီဂျစ်စစ်တပ် ကျောထောက် နောက်ခံ ပြုထားသည့် အစိုးရအဖွဲ့သည် မူဆလင်ညီနောင်များ အဖွဲ့ဝင်များအား ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ အီဂျစ်တရားရုံးတို့သည် မူဆလင်ညီနောင်များ အဖွဲ့ဝင်များအား သေဒဏ် ချမှတ်မှုများ ပြုလုပ်ခဲ့ပြီး သေဒဏ် ချမှတ်ခဲ့သည့် အမှုပေါင်း (၂၀၀) ကျော် ရှိခဲ့ကြောင်း သိရသည်။ အီဂျစ်တရားရုံးတို့၏ သေဒဏ် ချမှတ်မှုများကြောင့် နိုင်ငံတကာ၏ ဝေဖန် ပြစ်တင်ခြင်းကို ခံခဲ့ရသည်။

မော်ရ်စီ ဖြုတ်ချခံရ အပြီးတွင် မူဆလင်ညီနောင်များ အဖွဲ့သည် လမ်းမများထက်တွင် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ အတိုက်အခိုက်ခံများ နှင့် ထိပ်တိုက် တွေ့ဆုံကာ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အစ္စလာမ်ဝါဒီ (၁၄၀၀) ဦးခန့် သေဆုံးခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုခဲ့သည်။

ယခုနှစ် မေတွင် အီဂျစ်သမ္မတအဖြစ် ရွေးကောက် ခံခဲ့ရသည့် အီဂျစ်စစ်တပ် အကြီးအကဲဟောင်း စီစီက မူဆလင် ညီနောင်များ အဖွဲ့အား အမြစ်ပြတ် ချေမှုန်းသွားမည် ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့သည်။

အောင်ပိုင်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ