Wednesday, September 9, 2015

ကားနောက်မှန်များတွင် LED ကြော်ငြာဘုတ် တပ်ဆင်မှုများကို အရေးယူမည်

ကားနောက်မှန်တွင် အယ်လ်အီးဒီကြော်ငြာဘုတ်များတပ်ဆင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်လိုက်ခြင်းကြောင့် စက်တင်ဘာ ၉ ရက်မှစ၍ ယင်းကြော်ငြာတပ်ဆင်ထားသည့်ယာဉ်များကို မထသ (ဗဟို)က စတင်အရေးယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 

ရန်ကုန်မြို့တွင်းမောင်းနှင်သွားလာနေကြသည့် အချို့ယာဉ်များမှာကားနောက်ဘက်မှန်၌ အယ်လ်အီးဒီ ကြော်ငြာဘုတ်များတပ်ဆင်ထားသဖြင့် ယင်းယာဉ်နောက်မှမောင်းနှင်လာသည့်ယာဉ်ကို အမြင်အာရုံ အနှောင့်အယှက်ဖြစ်စေနိုင်ကာယာဉ်အန္တရာယ်ရှိနိုင်ခြင်းကြောင့် တားမြစ် လိုက်ခြင်း ဖြစ်သည် ဟုမထသ (ဗဟို)ဒုဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။ 

‘‘ကားရဲ့ နောက်ဘက်ကမှန်မှာ အယ်လ်အီးဒီကြော်ငြာတွေတပ်ထားရင်အဲဒီကားရဲ့နောက်မှာ မောင်းလာတဲ့ကားက လူကိုဖတ်စေမိပြီးအန္တရာယ်ကြုံတွေ့နိုင်တာကြောင့်ပါ။ တက္ကစီတွေ အများစု တပ်ဆင်ထားတာတွေ့ရတယ်။ အရေးယူမှုအပိုင်းအနေနဲ့ကတော့ စီးတီးတက္ကစီတွေဆိုရင် ယာဉ်မှတ်ပုံ တင်ထားတာဖျက်သိမ်းမယ်။ အဲဒီအခါကျ သူသည်တက္ကစီမဟုတ်တော့ဘဲ Without Taxi ဖြစ်သွားမယ်။ ဒီတော့ ယာဉ်ထိန်းကသူတို့ကိုအရေးယူလို့ရမယ်။ အဓိကကတော့ လိုက်နာအောင်လုပ်တာပါ’’ ဟု၎င်းက ပြောသည်။ 

ကားနောက်မှန်၌ အယ်လ်အီးဒီကြော်ငြာများ တပ်ဆင်ခြင်းအပြင် ယာဉ်များအားလုံးနောက်မှန်ကြီး၌ ‘‘အန္တရာယ်ကင်းစွာမောင်းနှင်ပါ’’စာတန်းမှအပ မည်သည့်စာတန်းမှ တပ်ဆင်ခွင့်မပြုကြောင်း သိရသည်။ 

ယခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ မထသလက်အောက်ရှိ ယာဉ်များယာဉ်မတော်တဆဖြစ်မှုမှာ ၁၇၃ ကြိမ်ရှိပြီး ၅၀ ဦးသေဆုံးကာ ၄၉၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မထသ (ဗဟို)မှ သိရသည်။ ‘‘ကားနောက် မှန်ကြီးမှာ အယ်လ်အီးဒီလို ကြော်ငြာဘုတ်တွေရော တခြားအာရုံရောက်စေမယ့် ကြော်ငြာစာတန်းတွေပါ ခွင့်မပြုတော့တာကောင်းတယ်။ ရှေ့ကားမှာ တစ်ခုခုအာရုံစူးစိုက် စရာ တပ်ဆင်ထားရင် နောက် ကားက မောင်းလာတဲ့သူကကြည့်ပြီး ရှေ့ကားကိုဝင်တိုက်မိနိုင်တယ်လေ။ အခုဆိုရန်ကုန်မှာ အဲဒီလို တပ်ဆင်ထားတဲ့ ကားတွေအများကြီးရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာလူကြီးတွေက တား မြစ်ပြီးရင်လည်း ထိထိရောက်ရောက်အရေးယူပေးဖို့ လိုအပ်ပါ တယ်’’ဟု တောင်ဥက္ကလာပမြို့ နယ်နေ အငှားယာဉ် မောင်းတစ်ဦး ကပြောသည်။ 

လက်ရှိတွင် မထသ (ဗဟို) လက်အောက်၌ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားသည့်ယာဉ် အစီးရေ ခြောက်သောင်းဝန်းကျင်ခန့် ရှိသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ