Tuesday, September 1, 2015

ပညာရေးဝန်ထမ်းများ၏ လစာထုပ်အတွင်း ငွေစက္ကူအဖြူများ ပါဝင်သည့်ကိစ္စ မသင်္ကာသူ မူလတန်းပြဆရာကို ဖမ်းဆီးစစ်ဆေးနေ

မအူပင်မြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား လစာထုတ်ပေးရန် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်သိန်းနှစ်ထောင်ခန့်ထုတ်ယူရာတွင် ငွေကျပ်သိန်းငါးဆယ်ထုပ်အတွင်း၌ စက္ကူအဖြူများ ပါဝင်နေသည့် ကိစ္စနှင့်ပတ်သက်၍ မသင်္ကာသူ မူလတန်းပြဆရာတစ်ဦးကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ) က ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

မသင်္ကာသူ မူလတန်းပြ ဆရာသည် လစာငွေသွားရောက် ထုတ်ယူသော မအူပင်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမြင့်စိုးဦးဆောင်သည့်အဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ၎င်းကို မသင်္ကာသောကြောင့် သြဂုတ် ၂၃ ရက်၌ ပုသိမ်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့ခွဲက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)မှ ရဲမှူး တစ်ဦးက ပြောသည်။

‘‘အမှုကို ပုသိမ် စီအိုင်ဒီတပ်ဖွဲ့က စစ်ဆေးပြီးတော့ မသင်္ကာ သူလို့ စွပ်စွဲခံရတဲ့ မူလတန်းပြ ဆရာတစ်ဦးကို သြဂုတ် ၂၃ ရက် က ဖမ်းပြီးတော့ စစ်ဆေးနေ တယ်။ ပြစ်မှုထင်ရှားတယ်ဆိုရင် မအူပင်မှာပဲ အမှုဖွင့်ပြီး တော့ တရားစွဲဆိုသွားမယ်။ ဒီအမှုနဲ့ပတ် သက်ပြီးတော့ ဆက်စပ်တဲ့ ဘဏ်၊ပညာရေးဌာနတို့ကို စစ်ဆေးပြီး တော့မှ မူလတန်းပြဆရာကို ဖမ်း ပြီးစစ်တာပါ’’ဟု မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)မှ ရဲမှူးတစ်ဦးက ပြော သည်။

မအူပင်မြို့နယ်ရှိ ဆရာ၊ ဆရာမ၀န်ထမ်း ၁,၅၁၄ ဦးကို လစာထုတ်ပေးရန် မအူပင်မြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်စိုးနှင့် ဆရာ၊ ဆရာမငါးဦးတို့သည် မြန်မာ့စီးပွားရေးဘဏ်(မအူပင်) မှ ငွေကျပ် သိန်းနှစ်ထောင်ခန့်ကို ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ယူခဲ့ရာ ယင်းအနက် ကျပ်သိန်းငါး ဆယ်ထုပ်တွင် စက္ကူဖြူများပါလာ၍ ငွေလျော့နေသောကြောင့် လစာခွဲဝေပေးရမည့် ဆရာ၊ ဆရာမ ၁,၅၁၄ ဦးအား တစ်ဦး လျှင် ၃,၃၀၃ ကျပ်စီ လျော့နည်း ၍ ထုတ်ယူခဲ့သည်။

အဆိုပါ လစာငွေများကို သွားရောက်ထုတ်ယူခဲ့သည့် ဒုမြို့နယ်ပညာရေးမှူးဦးမြင့်စိုးက အဆိုပါ လစာငွေ များကို ဖေဖော်ဝါ ရီ ၂၈ ရက်၌ ခေတ္တစိုက်လျော် ခဲ့ပြီး အဖြစ်မှန်ပေါ်ပေါက်စေရန် မအူပင်ရဲစခန်းသို့ အမှုဖွင့်တိုင် ကြားခဲ့သည်။

‘‘တာဝန်ရှိတဲ့ အဖွဲ့ကနေ အတည်ပြုပြီးတော့ မထုတ်ပြန်သေးတော့ ပြောဖို့ခက်တယ်။ စီအိုင်ဒီအဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီးတော့ စစ်တာဆိုတော့ ကျွန်တော်တို့ကို လာတွေ့တာတို့၊ ကျွန်တော်က သွားတွေ့ရ တာတို့၊ တချို့သိချင်တာဆို လှမ်းမေးတာတို့ ရှိပါတယ်’’ဟု ဒုမြို့နယ် ပညာရေးမှူးဦးမြင့်စိုးက ပြောသည်။

မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသည့် မူလတန်းပြဆရာကို ရာထူးမှ ခေတ္တရပ်စဲထားပြီး အမှုပြီး ပြတ်သွားချိန်မှ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

‘‘ကာယကံရှင်ကို ဖမ်းချုပ်ထားတယ်ဆိုတော့ သူ့ကိုရာထူးက ခဏရပ်စဲထားတယ်။ စီရင်ချက် ချပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်။ အမှုက ကွင်းလုံးကျွတ်လွတ်တယ်ဆိုရင် အလုပ် ပြန်ခန့်ပေးရမယ်။ ထောင်ကျတယ်ဆိုရင်တော့ အလုပ်ကနေထုတ်ပယ်ရမှာပါ’’ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ ငွေကျပ်သိန်းငါး ဆယ်ထုပ်အတွင်း စက္ကူအဖြူများ ပါဝင်ခဲ့သည့် ဖြစ်စဉ် မအူပင်မြို့ နယ်၌ ဖေဖော်ဝါရီအတွင်း ဖြစ်ပွားခဲ့ပြီး ခြောက်လကြာပြီးနောက် မှုခင်းရဲတပ်ဖွဲ့(စီအိုင် ဒီ) က မသင်္ကာသူ မူလတန်းပြ ဆရာတစ်ဦးကို သြဂုတ်အတွင်း ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

7Day  Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ