ဘန်ကောက်ဗုံးပေါက်ကွဲမှု တရားခံကိုရှာဖွေစစ်ဆေးရင်း တရားမ၀င်မြန်မာလုပ်သားတစ်ရာ ကျော် ဖမ်းဆီး ခံရကြောင်း သတင်းရရှိသည်။
ဘန်ကောက်မြို့ ဗုံးဖောက်ခွဲ မှုတရားခံကို ထိုင်း-မြန်မာနယ် စပ်မြို့ဖြစ်သောမယ်ဆိုင်မြို့ရှိအလုပ်ရုံများ၊ နေအိမ်များသို့ စက်တင်ဘာ၈ရက်နှင့် ၉ရက်တို့တွင် ထိုင်းနိုင်ငံစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်နှစ်ရာခန့်ဖြင့် ရှာဖွေ ဖမ်းဆီးရာ တရားမ၀င်နေထိုင်သော မြန်မာလုပ်သားတစ်ရာကျော်ဖမ်းဆီးခံရခြင်းဖြစ်သည်။
ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ သည် စက်တင်ဘာ၈ရက်တွင် မယ်ဆိုင်မြို့၌ရှာဖွေစစ်ဆေးရာတွင် တရားမ၀င် နေထိုင်သော မြန်မာလုပ်သား၈၁ဦးဖမ်းဆီးခံရပြီးစက်တင်ဘာ၉ရက်တွင် ထပ်မံရှာဖွေရာတရားမ၀င် မြန်မာ လုပ်သား၅၀ကျော်ဖမ်းဆီးခံရကြောင်း မယ်ဆိုင်မြို့၌နေထိုင်သော မြန်မာလုပ်သားများက ပြောသည်။
‘နယ်စပ်မြို့တွေမှာ ရဲအရာရှိတွေကိုအလွယ်တကူငွေပေးပြီး ၀င်ထွက်သွားလာနေတဲ့ဂိုဏ်းတွေရှိနေလို့ အခုဘန်ကောက်ဗုံးဖောက်တဲ့တရားခံကလည်းအဲဒီလို ထွက်သွားမှာကြောက်လို့ စစ်ဆေးတာမှာ မြန်မာ တွေအဖမ်းခံရတာပဲ။ ထိုင်းမှာတစ်ခုခုဖြစ်ပြီဆိုရင် အဲဒီလိုမျိုးအလုပ်ရုံတွေ အများစုမြန်မာတွေနေထိုင်တဲ့ နေရာတွေကို ရှာဖွေကြတာပေါ့။ အဲဒီလိုရှာပြီဆိုရင်တော့ တရားမ၀င်နေတဲ့သူတွေက အနည်းနဲ့အများ အ ဖမ်းခံရတာပဲ’’ဟု မယ်ဆိုင်မြို့နေ ဦးသန်းညွန့်က ပြောသည်။
ဘန်ကောက်မြို့ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မြန်မာလုပ်သားများအနေဖြင့်သတိထားသွားလာနေထိုင် ကြရန်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက သတိပေးချက်များထုတ်ပြန်ထားခဲ့သည်။
‘‘ထိုင်းနိုင်ငံမှာ ရာဇ၀တ်မှုတစ်ခုခုဖြစ်လို့ရှာဖွေရေးကိစ္စတွေလုပ်ရင်အဓိကအားဖြင့် ရွှေ့ ပြောင်းအလုပ် သမားတွေ၊ နိုင်ငံခြားသားတွေများတဲ့ နေရာတွေမှာ ရှာဖွေလေ့ရှိပါတယ်။ အဲဒီပြဿနာတွေဖြစ်မှာစိုးလို့ နီးစပ်ရာ မြန်မာအလုပ်သမားတွေကို အတတ်နိုင်ဆုံးသတိဝီရိယနဲ့နေဖို့အကြောင်းကြားထားပါတယ်’’ဟု ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း(FED)ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

No comments:
Post a Comment