Friday, September 11, 2015

ကယားပြည်နယ်ရှိ မဲရုံအတွက် လုံခြုံရေး တပ်မတော် တာဝန်ယူမည်

ရွေးကောက်ပွဲကာလတွင် ကယားပြည်နယ်အတွင်း မဲရုံ ၃၂ ရုံအတွက် လုံခြုံရေးကို တပ်မတော်က တာဝန်ယူသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးဇော်မျိုးတင်က စက်တင်ဘာလ(၁၀)ရက်က ပြည်နယ်အစိုးရုံးခန်းမတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ အေးဆေးတည်ငြိမ်သောနေရာတွေ ရှိသလို ကျနော်တို့ တပ်မတော်ရဲ့ အကူအညီကို ရယူပြီးတော့ မတည်ငြိမ်မအေးချမ်းတဲ့နေရာလို့ သတ်မှတ်ထားခဲ့တဲ့ နေရာတွေမှာ ကျနော်တို့ တပ်ရဲ့အကူအညီကို ရယူပြီးတော့ မဲရုံလုံခြုံရေးများကို ဆောင်ရွက်ဖို့အတွက် စီမံဆောင်ရွက် ထားတယ်။” ဟု ပြောသည်။

ဝန်ကြီးက ပြည်နယ်အစိုးရရုံးခန်းမတွင် စက်တင်ဘာ ၁၀ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လုံခြုံရေးစီမံချက်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ် သည်။

ကယားပြည်နယ်တွင် မဲရုံပေါင်း (၂၂၉)ရုံရှိပြီး ဆက်သွယ်ရေးအရသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း တပ်မတော်အကူအညီဖြင့် လုံခြုံရေးရယူရန် လိုအပ်သော မဲရုံများသည် လွိုင်ကော်မြို့နယ်တွင်း (၅)ရုံ၊ ဒီမော့ဆိုမြို့နယ်တွင်း (၉)ရုံ၊ ဖရူဆိုမြို့နယ်တွင်း (၁၀)ရုံ၊ ရှားတောမြို့နယ်တွင်း (၃)ရုံ နှင့် ဖားဆောင်းမြို့နယ်တွင်း (၅)ရုံ စုစုပေါင်း (၃၂)ရုံဖြစ်သည်။ 

ထိုကဲ့သို့ ပြည်နယ်တွင်းတွင် မဲရုံ (၃၂)ရုံကို တပ်မတော်အကူအညီဖြင့် လုံခြုံရေးရယူရန် စီစဉ်ဆောင်ရွက်ခြင်းကြောင့် ရွေးကောက်ပွဲ တရားမျှမှု ရှိမည်မဟုတ်ကြောင်း ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒယ်နီယာက ဝေဖန်လိုက်သည်။

“အခုက တပ်ကပါလာတယ်ဆိုတော့ တရားမျှတမှာ မဟုတ်တော့ဘူး။ အဲလိုပဲ ပြတ်ပြတ်ပြောမှာပဲ။ ဘာလို့လဲဆိုရင် ဒီလုပ်ငန်းက တပ်မတော်နဲ့မှ မဆိုင်တာ။ မဲရုံလုပ်ငန်းဟာ ကော်မရှင်နဲ့ပဲ ဆိုင်တဲ့ကိစ္စလေ။ ကော်မရှင်နဲ့ပဲ ဆိုင်တယ် ကော်မရှင်ပဲလုပ်ရမှာပေါ့။”ဟု ပြောသည်။

ရွေးကောက်ပွဲ လုံခြုံရေး အထူးရဲတပ်ဖွဲ့ အင်အားအတွက်ကိုလည်း ဝန်ထမ်းများ ခေါ်ယူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ပြည်သူအချိုးကျဖြင့် ချရာတွင် ရဲတစ်ဦးလျှင် ပြည်သူ ၅၀၀ ကျော်နီးပါးခန့် တာဝန်ယူ ရသည့်အတွက် ရဲတပ်ဖွဲ့ဝင် အင်အားထပ်ဖြည့်ရမည်ဖြစ်သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်က ပြောသည်။

“ဒီလိုတာဝန်ယူရတဲ့အခါမှာ ဒီရွေးကောက်ပွဲ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့သည် လုံခြုံရေးကို ကျနော်တို့မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ ဆောင်ရွက်မယ်ဆိုရင် လိုအပ်ချက်များ ရှိလာနိုင်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးထံ ဌာနရဲ့ အစီအမံနဲ့ အထူးရဲကို ရွေးချယ်ပြီးတော့ ဖွဲ့စည်းတာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။”ဟု ဗိုလ်မှူးကြီး ဇော်မျိုးတင်က ပြောသည်။

အထူးရဲများရွေးချယ်ရာတွင် အခြေခံပညာအထက်တန်း အောင်မြင်သူများဖြစ်ခြင်း၊ ရွေးကောက်ခံသည့် နယ်မြေခံများဖြစ်ခြင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းသူများဖြစ်ခြင်း နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်ခြင်း စသည့်အချက်များအပေါ် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့များ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စနစ်တကျ ရွေးချယ်သွားမည်ဟု ဆိုသည်။

လုံခြုံရေးအတွက် သင်တန်းများကို အဆင့်ဆင့်ပေးသွားမည်ဖြစ်သလို အထူးရဲများသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးကဲ့သို့ တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်သော လုံခြုံရေးဆောင်ရွက်ရာတွင် မဲပြားများစတင်ပို့ဆောင်သော အချိန်ကစပြီး ပြန်ပြီးတော့ သယ်ဆောင်သွားသည့် အချိန်၊ အမည်စာရင်းများ ထုတ်ပြန်သည့်အချိန်အထိ အားလုံးပြီးစီးသည်အထိ လုံခြုံရေးတာဝန်ယူသွားရမည်ဖြစ်သည်ဟု သိရသည်။ မဲရုံတစ်တွင် အထူးရဲနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် (၁)ဦးကနေ (၅)ဦးအထိ လုံခြုံရေးတာဝန်ယူရမည်ဟုလည်း သိရသည်။

လက်ရှိ မဲဆွယ်စည်းရုံးရေး ကာလမှစတင်ကာ ရွေးကောက်ပွဲကာလတစ်လျောက်လုံး လုံခြုံရေးကို စီမံချက်များဖြင့် ချမှတ်သွားမည်ဟု ဗိုလ်မှူးကြီး ဇော်မျိုးတင်က ပြောဆိုသွားသည်။

ရွေးကောက်ပွဲတွင် မဲရုံများကို စောင့်ကြည့်လေ့လာလိုသော နိုင်ငံတကာ စောင့်ကြည့်လေ့လာသူ အဖွဲ့အစည်းများက မဲရုံမှူးထံ သတင်းပို့ပြီး တာဝန်အရ ဆောင်ရွက်မှုများကို လိုက်နာကာ သတင်းအချက် အလက်ရယူခြင်း၊ မဲပေးခြင်းကို စောင့်ကြည့်ခြင်း၊ မဲရလဒ်ကို စောင့်ကြည့်ခြင်း၊ မဲရုံးကို လေ့လာစောင့်ကြည့်ခြင်းတို့ ပြုလုပ်နိုင်သည်။

http://mizzimaburmese.com

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ