သဘာဝဘေးအန္တရာယ်ဆိုးရွားစွာ ကျရောက်နေသော ချင်းပြည်နယ်၌ ရွေးကောက်ပွဲ နောက်ဆုတ်ပေးရန် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စက်တင်ဘာ ၁ ရက်တွင် စာဖြင့်တရားဝင်ပေးပို့တောင်းဆိုခဲ့သည်။
‘‘ဒီလောက် သဘာဝဘေးအန္တရာယ်ကျရောက်နေတာ ပြည်သူတွေက ရွေးကောက်ပွဲကို ဘယ်စိတ်ဝင်စား မတုံး။ ပြည်သူ့ဆန္ဒ မဲစစ်စစ်ရဖို့ ခက်မယ်’’ဟု CNDP ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
နာဂစ်မုန်တိုင်းကျရောက်စဉ်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရန် ဆန္ဒခံယူသည့် အလားသဏ္ဌာန်မျိုး ဟု ၎င်းက ခိုင်းနှိုင်း သည်။ မိုးကုန်မှသာ ရွေးကောက်ပွဲကျင်းပပေးရန် CNDP က ဆန္ဒရှိသည်။
ဇူလိုင် ၂၆ ရက်မှစတင်ကာ ချင်းပြည်နယ်တွင် မိုးကြီး၍မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး ဟားခါးမြို့ရှိ လူနေ ရပ်ကွက်ခြောက်ခုအနက် ငါးခုကျော်သည် မြေပြိုကျမှု ကြုံတွေ့ခံစားခဲ့ရသည်။
မြေပြိုမှုဒဏ်ခံရသော ချင်းပြည်နယ် ဟားခါးမြို့ရှိ နေအိမ် ၈၀၀ ကျော်ကို ဒေသခံများတောင်းဆိုသည့် လုံဖွန်တောင်သို့ ယခုနှစ်မကုန်မီအပြီး ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ကတိ ပေးထားသည်။
‘‘တကယ်လို့ နောက်ဆုတ်ပေးမယ်ဆိုရင် ပြန်ကျင်းပပေးမယ့်ရက်ကို တနင်္ဂနွေနေ့မဖြစ်စေချင်ဘူး။ တနင်္ဂနွေနေ့က မဲဆန္ဒရှင်တွေ ဘုရားကျောင်းသွားကြမယ့်နေ့ဖြစ်လို့ ရွေးကောက်ပွဲအပေါ် အာရုံစူးစိုက်မှု လျော့နည်းစေပါ တယ်’’ဟု ဦးဇိုဇမ်က ပြောသည်။
ရွေးကောက်ပွဲနောက်ဆုတ်ပေးရန် တောင်းဆိုသည့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည် ချင်းပြည်နယ် ရှိ မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုဖြစ်သည်။
ရွေးကောက်ပွဲဥပဒေများအရ ကော်မရှင်သည် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များတွင် ယင်းဘေးအန္တရာယ်ကင်းရှင်းပြီးသည်အထိ ရွေးကောက်ပွဲကို ရွှေ့ ဆိုင်းနိုင်သော အခွင့်အာဏာရှိသည်။
7daydaily.com
No comments:
Post a Comment