တိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့တွင်လည်း ပါဝင်နိုင်မှသာလျှင် ပြည်နယ်၏အရေး ကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၄)တွင် ၀င်ရောက်ယှဉ်ပြိုင် မည့် ကယားလူမျိုးစုဒီမိုကရေစီပါတီမှ ဦးဒယ်နီယယ်က ဆိုသည်။
နိုင်ငံရေးအင်အားကြီးပါတီများမှာ ၂၀၁၅ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း၌ံပါတီများထက် ပိုမို များပြားစွာ ၀င်ရောက်ယှဉ်ပြိုင်မည့် အခြေအနေဖြစ်နေခြင်း၊ ပြည်နယ်အစိုးရဝန်ကြီးများမှ တသီးပုဂ္ဂလ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်း၊ ပြည်ထောင်စုဝန်ကြီးများမှ ကယားပြည်နယ်အတွင်း ပစ္စည်းပံ့ပိုးမှုများ ပြုလုပ်နေခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်နေသည့်အပေါ်တွင် ဒေသခံလွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးက ယခုကဲ့သို့ အကြံပြုပြောကြားလိုက်ခြင်းဖြစ်သည်။
“ တိုင်းရင်းသားလုပ်ဆောင်မယ့် အရေးကိစ္စက တိုင်းရင်းသားတွေ လုပ်ဆောင်ပိုင်ခွင့် မရှိတော့ဘူး။ အကုန်လုံး ၀င်နှိုက်သွားတာပေါ့။ အဲ့ဒီအတွက် တိုင်းရင်းသားအရေးကို လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲ တွေ များစွာရှိ တယ်။” ဟု ဦးဒယ်နီယာက ပြောသည်။
ဒေသတွင်းရှိ ပြည်သူများသည် နိုင်ငံရေးအမြင် အားနည်းသည့်အတွက် ပြည်သူလူထုများနှင့် ထိတွေ့ ဆက်ဆံရာတွင် အားရမှုမရှိသလိုကြောင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီမှ ခူသဲရယ်က ဆိုသည်။
ကယားပြည်နယ်မှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ဒေသခံလူမျိုးအတွက် ကိုယ်စားပြုနိုင်သည့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးခြယ်တင်မြောက်သင့်ကြောင်း စာရေးဆရာ ကျော်ရင်မြင့်ကလည်း အကြံပြုပြောကြားလိုက်သည်။
“ ကိုယ့်ဒေသခံကသာလျှင် ကိုယ့်ဒေသရဲ့အကျိုးကို ဆောင်ရွက်ပေးမှာပါ ဒါကိုဒေသခံများအနေဖြင့် မြင်စေ ချင်တယ်။ တကယ်တမ်းကျတော့ ဝေးလံခေါင်းပါးတဲ့နေရာတွေကို တနည်းပြောရရင် နေပြည်တော်တို့ ရန်ကုန်တို့ ဘက်ကနေလာတဲ့သူတွေ လူလည်တွေ အမြတ်ထုတ်တာမခံကြပါနဲ့ပေါ့။ သူတို့ကလာပြီးတော့ ကိုယ့် ဒေသဘက်မှာ လွယ်လွယ်နဲ့ အနိုင်ရမယ်ဆိုပြီး ဒီဒေသကလူတွေက ဘာမှန်းမသိမဲပေးကြမှာပဲ အ တယ် လာပြီးမဲပေးကြမှာပဲဆိုပြီး အချောင်နှိုက်တာကိုမခံကြပါနဲ့ ကိုယ့်ဒေသသားကိုပဲ ရွေးခြယ်ကြပါ။ ကိုယ့်သွေးကိုယ့်သားကပဲ ကိုယ့်ကို ပြန်ကြည့်မှာပါ။” ဟု ဆရာကျော်ရင်မြင့်က ဆိုသည်။
လာမည့်ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း၌ ဒေသခံပါတီအဖြစ် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီ တခြားဒေသမှ ၀င်ရောက် ယှဉ်ပြိုင်မည့်ပါတီများက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ကန္တာရ၀တီ(မြစ်မခ)
No comments:
Post a Comment