ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မက်လုံးပေးမဲဆွယ်မှုများကိုမကြည့်ဘဲ နိုင်ငံ့အကျိုးအတွက်ဆောင် ရွက်မည့်ပါတီကိုသာမဲထည့်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြား လိုက်သည်။
‘‘ကျွန်မ ဒီလာတဲ့အခါမှာတကယ့်ကိုအသစ်ကျပ်ချွတ်မီးတိုင်ကြီးတွေတွေ့တယ်။ ရွေးကောက်ပွဲနီးရင်တော့ ဟိုဟာ လုပ်ပေး၊ ဒီဟာလုပ်ပေးကတော့လုပ်နေကျပဲ။ ကျွန်မပြောချင်တာက ဒီလိုရေတိုတွေကိုမကြည့် ပါနဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။စက်တင်ဘာ၁၀ ရက်က ကယားပြည်နယ်ဘော်လခဲမြို့ တွင်ပြု လုပ်ခဲ့သော ၎င်းအတွက်ပထမဆုံးမဲဆွယ်စည်းရုံးရေး လူထုဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပထမဆုံးမဲဆွယ်စည်းရုံးရေးခရီးကို ကယားပြည်နယ်ရှိဒီးမော့ဆိုမြို့ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဖရူဆိုမြို့၊ ဘော်လခဲမြို့သို့လည်း ဆက်လက်သွားခဲ့သည်။
‘‘အပစ်အခတ်ရပ်စဲရေးဆိုတာ ငြိမ်းချမ်းရေးရဲ့အစပါ။ အပစ်အခတ်ရပ်စဲရေးဟာတိုင်းရင်းသားအားလုံး သဘောတူလက်ခံနိုင်မယ့်အပစ်အခတ်ရပ်စဲရေးတစ်ခုဖြစ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက် ငြိမ်းချမ်းရေး တံခါးပွင့်သွားပြီလို့ပြောရမှာပါ။ ဒါကိုကျွန်မအင်မတန်မှလိုလားပါတယ်။ ရေရှည်ငြိမ်းချမ်းရေး ကိုကြည့် ဖို့ ဆိုရင်တော့ အစတုန်းကတည်းကကျွန်မတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဘာကြောင့်ပျက်ပြားခဲ့တယ်ဆိုတာ စဉ်းစား ရမှာဖြစ်ပါတယ်’’ ဟု ဒီးမော့ဆိုမြို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ပြောသည်။
ထို့အတူ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍လည်းအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေး ထိုးပြီး နောက်ထာဝရငြိမ်းချမ်းရေးရရှိရန် ငြိမ်းချမ်းရေးအတွက်ငြိမ်းချမ်ရေးဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်ကာ ယင်းဆွေးနွေးပွဲများကို ဦးဆောင်ရမည်မှာရွေးကောက်ပွဲတွင်ပြည်သူလူထုကရွေးချယ်မည့် အစိုးရသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကပြောကြားသည်။
‘‘အခုအပစ်အခတ်ရပ်စဲရေးကိုမကြာမီ လက်မှတ်ရေးထိုးကြတော့မယ်လို့မျှော်လင့်နေကြပါတယ်။ ဘယ်လောက်ပဲ မြန်မြန်လက်မှတ်ထိုးနိုင်၊ထိုးနိုင်အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးပြီးတဲအခါမှာ နောက်ဆက်လုပ်ရမယ့်ကိစ္စကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးဆောင် ရမှာနောက်အစိုးရပါပဲ’’ ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲတွင်မဲပေးခြင်းနှင့်ပတ်သက်၍ ‘‘ဒီတစ်ခေါက်ရွေးကောက်ပွဲမှာကျွန်မတို့ ပြည်သူတွေရွေးချယ်ပေးရမယ့် ကိုယ်စားလှယ်တွေက၇၅ရာခိုင်နှုန်းပဲရှိတာမို့ ပြည်သူ့မဲတွေက၁၉၉၀ရွေး ကောက်ပွဲကပြည်သူ့မဲတွေထက်ပိုပြီးတန်ဖိုးရှိတယ်လို့ ပြောရင်မမှားပါဘူး’’ဟုပြောကြားသည်။ ဒေါ်အောင် ဆန်းစုကြည်ဟောပြောခဲ့သည့် ဘော်လခဲမြို့နယ်သည်သမ္မတဦးသိန်းစိန်အားထားရသော သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းတစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင် ရောက်ယှဉ် ပြိုင် မည့် မဲဆန္ဒနယ်ဖြစ်သည်။
ကယားပြည်နယ်ရှိရွာများသည်ရွေးကောက်ပွဲနှင့်ပတ်သက်၍ခြိမ်းခြောက်မှုများရှိနေသည်ကိုကြားသိရကြောင်း၊ ရွေးကောက်ပွဲတွင်မဲပေးမှုသည်လျှို့ဝှက်မဲပေးခြင်းဖြစ်သဖြင့်မိမိတို့မဲပေးခဲ့သည့်သူကိုမည်သူမှမသိရှိရ၍ စိုးရိမ်စရာမလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအားပြောကြားခဲ့သည်။
လာမည့်ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသည့် အချိုးအကွေတစ်ခုဖြစ်၍ ပြည်သူများအနေဖြင့် နိုင်ငံအနာဂတ်ကို ကြည့်ပြီး မဲပေးကြရန်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
ကယားပြည်နယ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည်သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ရှားတောမဲဆန္ဒနယ် သို့လည်းမဲဆွယ်စည်းရုံးမှုဟောပြောပွဲသွားရောက်ဦးမည်ဖြစ်သည်။ ကယားပြည်နယ်ရှိမဲဆန္ဒ နယ်အချို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့ကမက်လုံးပေးမဲဆွယ်မှုများရှိနေသည်ဟု ဒေသခံ ကယားတိုင်းရင်းသားပါတီများက ပြောကြား ထားကြသည်။
ကယားပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း၂၂၅ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ မဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေသည် တစ်သိန်းခွဲကျော်သာရှိသည်။ ဦးစိုးသိန်းဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင်မဲဆန္ဒရှင်ခြောက်ထောင်ကျော်၊ဦးအောင်မင်းဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်တွင် မဲဆန္ဒ ရှင်သုံးထောင်ကျော်သာရှိသည်ဟု ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိ သည်။
ဦးစိုးသိန်းသည် ဘော်လခဲမြို့နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၉)နှင့်ဦးအောင်မင်း သည် ရှားတောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၇)တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

No comments:
Post a Comment