Sunday, September 6, 2015

ညောင်တုန်းရှိ နေအိမ်တစ်အိမ်၌ ကျိုက်ထီးရိုးပုံစံငယ် စေတီထူးခြားသည်ဟုဆိုကာ ဖူးမြော်သူ များနေ

ညောင်တုန်းမြို့ နယ် ဆားမလောက်ကျေးရွာရှိ အိမ်တစ်အိမ်တွင် ပူဇော်ထားသည့် ကျိုက်ထီးရိုးစေတီ ပုံစံငယ်သည် အောက်ခင်းနှင့် တစ်လက်မခွဲခန့်လွတ်၍ မှန်အမိုးနှင့် ထိပြီး ထူးခြားသည်ဟုဆိုကာ နေ့စဉ် လာရောက်ဖူးမြော်သူများရှိနေကြောင်း သတင်းရရှိသည်။

စေတီမှာ ဉာဏ်တော်ငါးလက်မခန့်နှင့် လုံးပတ်ခုနစ်လက်မခွဲခန့်ရှိပြီး စေတီတော်မှန် ကျောင်းဆောင် ရှေ့မျက်နှာစာ၊ လက်ဝဲလက်ယာသုံးဘက်လွှတ်​၍ နောက်ဘက်၌ အနည်းငယ်ကပ်နေကာ ငှက်မြတ်နားမှာ အပေါ်အမိုးနှင့်ထိသဖြင့် ကျိုးပဲ့နေသည်။ ထိုစေတီငယ်လေးကို မှန်ကိုကော်ဖြင့်ကပ်၍ ပြုလုပ်ထားသော မှန်ကျောင်းဆောင်အတွင်းထားကာ ပူဇော်ထားခြင်းဖြစ်သည်။ 

ထိုနေအိမ်တွင် သြဂုတ်လ ၁၈ ရက် ညနေ ၆ နာရီခွဲ၌ အိမ်ပိုင်ရှင်ဦးပေါ်ဆန်းက နေအိမ်ဘုရားစင်ရှေ့တွင် ဘုရားဝတ်ပြုရန် အမွှေးတိုင်ထွန်းမည်ပြုစဉ်ထိုသို့ အမှတ်မထင် ဖူးမြင်လိုက်ရသည်ဟုဆိုသည်။ မိမိသည် ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူဖြစ်သည်ဟု ၎င်းကပြောသည်။ 

ထို့နောက် အိမ်နီးချင်းအချို့နှင့် ကျေးရွာနေသူများသိရှိသွားပြီး လာရောက်ဖူးမြော်ကြခြင်းဖြစ်သည်။ ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်း၊ ပုသိမ်၊ မအူပင်၊ ဓနု ဖြူ၊ ပန်းတနော်၊ မော်ကျွန်း၊ ၀ါးခယ်မနှင့် မကွေး၊ ပြည်၊ ထန်းတပင်၊ရန်ကုန်ရှိ ကမာရွတ်၊ တောင်ဒဂုံ၊ သာကေတ၊ လှိုင်သာယာ၊ ရွှေပြည်သာ စသောမြို့နယ်များ နှင့်အနီးဝန်းကျင်ရွာများကလည်း လာရောက်ဖူးမြော်ခဲ့ကြသည်။ 

အဆိုပါ ထူးခြားဖြစ်စဉ်ဖြစ်နေသော ကျိုက်ထီးရိုးစေတီပုံစံငယ်ကို လွန်ခဲ့သော၁၈နှစ်ခန့်က ကျိုက်ထီးရိုးစေတီ၊ ဘုရားဖူးခရီး စဉ်တွင် အိမ်၌ကိုးကွယ်ရန် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာ ၆ ရက်တွင်ထိုအိမ်သို့ အနီးဝန်းကျင်မှ ဘုရားဖူးများလာရောက်ဖူးမြော်နေကြသည်မှာ ၁၈ ရက်ပြည့်ပြီဖြစ်ပြီး လာရောက်ဖူးမြော်သူထောင်ချီရှိနေပြီဖြစ်သည်။ လာရောက်သူများက လှူဒါန်း ထားငွေကျပ်သိန်း ၄၀ ခန့်ရရှိနေပြီး ဆက်လက်၍လည်းလာရောက်သူအနည်းငယ်ရှိနေသေးသည်။ အလှူငွေများကို ကျေးရွာမှ ၁၅ ဦး ကော်မတီဖွဲ့၍ လက်ခံနေပြီး အလှူငွေများလာပါက စေတီတော် တစ်ဆူတည်ရန် ရည်ရွယ်ထားကြောင်းသတင်းရရှိသည်။ 

‘‘ဘုရားစင်ရှေ့ ၀ါးလုံးတားထားတယ်။ အနီးကပ်ကြည့်ခွင့်မရှိဘူး။ ဓာတ်ပုံတော့ရိုက်လို့ရတယ်။ ဘုရားစင် နားကပ်ပြီးဓာတ် ပုံရိုက်ခွင့်မပေးတာတော့ သဘောမကျဘူး’’ဟု သွားရောက်ဖူးမြော် လေ့လာခဲ့သူ အမျိုးသားတစ်ဦးကပြောသည်။ 

စေတီလုံးပတ်မှာ သစ်သား ဖြစ်နိုင်ပြီး အောက်အထိုင်အခွံမှာ ကော်ဖြစ်နိုင်ကာ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊တိုင်းအဆင့်မှ တာဝန်ရှိသူများက လာရောက်စစ်ဆေး သွားကြောင်း အိမ်ရှင်ဦးပေါ်ဆန်း ကပြောသည်။သို့သော် ထိုသို့လာ ရောက်စစ်ဆေးသွားသော်လည်း ဖြစ်စဉ်အပေါ် အဖြေမထုတ်နိုင်ခဲ့ ဟုဆိုသည်။ 

ညောင်တုန်းတောရ ဗောဓိကျောင်းဆရာတော်က မည်သူ့မှကိုင်ခွင့်မပေးခိုင်းထားဘဲ ၀ါတွင်း ၌ နေအိမ်တွင် ပူဇော်ရန် ညွှန်ပြထားကြောင်းအိမ်ရှင်ဦးပေါ်ဆန်းကပြောသည်။ 

ဘုရားအားနေ့စဉ်ဆွမ်းကပ်ရာတွင် သက်တော်ထင်ရှားဘုရား အားရည်မှန်းကာပန်းကန်ကြီးကြီး ဖြင့်ထည့်ပြီး သောက်ရေ၊ လက်သုတ်ပ၀ါတို့ဖြင့် ကျကျနန ကပ်လှူကြောင်း၊ သုံးနာရီကြာသည့်တရား ခွေကို နေ့စဉ်ဖွင့်သည်မှာ ၂နှစ်ရှိ ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ထူးခြားခြင်းဖြစ်နိုင်ကြောင်း အိမ်ရှင်ဦးပေါ်ဆန်းကဆိုသည်။ 

‘‘ဘုရားကတော့ ပရိနိဗ္ဗာန်စံပြီးပြီမို့ တန်ခိုးမပြတော့ပါဘူး။ တကယ်ထူးခြားတာဆိုရင်တော့ အ စောင့် အရှောက်နတ်တွေကလုပ် ဆောင်တာဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဖြစ်နေတာက တကယ်စုံစမ်းလို့ အဖြစ်မှန်ပေါ်ခဲ့တာတွေက လူတွေဖန်တီးပြလုပ်ကြတာများပါတယ်’’ဟု ကျောက်တန်းမြို့ ဓမ္မသိင်္ဂီပရိယတ္တိ စာသင်တိုက်ဆရာတော်အရှင်သူရဓမ္မက ဖြစ်စဉ်အပေါ် သုံးသပ်မိန့်ကြား သည်။ 

ဦးပေါ်ဆန်းနှင့် ဒေါ်နီလာတို့ 

နေအိမ်၏ ဘုရားစင်ကို ရွှေသင်္ကန်းကပ်ရန်ပြုလုပ်ပေးနေကြောင်း၊ ကျိုက်ထီးရိုးစေတီ ပုံစံငယ်ကိုမူရွှေသင်္ကန်းကပ်ရန် မရှိသေးကြောင်း နတ်စင်တစ်ရာ ဆရာတော်ကျောင်းတွင် ဘုရားဆင်းတု တော်များ ရွှေသင်္ကန်းကပ်ပေးနေ သူတစ်ဦးက စက်တင်ဘာ ၄ရက် နေ့လယ်တွင် ထိုနေအိမ်၌ တွေ့ဆုံစဉ်ပြောသည်။ 

‘‘မှန်သား မှန်သားချင်းကိုကော်နဲ့ ကပ်ထားတာ။ ဒီမှန်ကို ခွာပြီဆိုတာနဲ့ အကုန်ကွဲမယ်။ခွာတာနဲ့ မှန်ကွဲမယ်။ မှန်ကွဲတာနဲ့ စေ တီပျက်စီးသွားမယ်’’ဟု အိမ်ရှင်ဦး ပေါ်ဆန်းက စေတီတော် ထည့်သွင်းထားသော မှန်ကျောင်းဆောင်နှင့် ပတ်သက်၍ ပြောသည်။ 

မှန်ကျောင်းဆောင်အတွင်းရှိ ကျိုက်ထီးရိုးစေတီတော် ပုံစံငယ်မှာ လေထဲတွင် လွတ်နေသည်ဟုဆိုသော်လည်း စေတီတော်၏အောက်ခံအပြားသည် မှန်ကျောင်းဆောင်နှင့် ညှပ်နေ၍ လွတ်နေသည်မျိုးဖြစ်နိုင်ကြောင်း မြင်တွေ့ခဲ့သူ တစ်ဦးကမှတ်ချက်ပေးသည်။ သို့သော် ဦးပေါ်ဆန်းက စေတီပုံစံငယ်အောက်ခံပြားနှင့် မှန်ကျောင်းဆောင်မှာ ဓာတ်မီးဖြင့်ထိုးကြည့်ပါက အနည်းငယ်လွတ်နေသည်ဟု ဆိုသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ