ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးနယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီးအစားထိုးခန့်အပ်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေး က ကန့်ကွက်ဆွေးနွေးခဲ့သဖြင့် ဆိုင်းငံ့ထားရကြောင်း သိရှိရသည်။
လက်ရှိဧရာဝတီတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဗိုလ်မှူး မောင်မောင်ဝင်းနေရာတွင် ဗိုလ်မှုးကျော်စွာလှိုင်အား အစားထိုးခန့်အပ်ရေး ဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို တစ်နာရီသာ အချိန်ပေးခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ဂုဏ်သိက္ခာနှင့် ခန့်အပ်ခံရသည့် ၀န်ကြီးအသစ်၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ရာကျသည့်လုပ်ရပ်ဖြစ်သည်ဟုဆိုကာ ဒေါက်တာလှမြတ်သွေးက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့အနေနဲ့ ဒီအကြောင်းအရာကို သိရတာတစ်နာရီပဲရှိတယ်။ အချိန်မလုံလောက်ဘူး။ ကြိုတင် အကြောင်းကြားထားတာမျိုးမရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကိုတစ်ပတ်လောက်တော့ ခန့်အပ်မယ့် သူရဲ့ ကိုယ်ရေးအချက်အလက်တွေ ကြိုပေးထားသင့်တယ်။ဒါကြောင့် လွှတ်တော်ဥက္ကဌနဲ့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ဆက်ဆုံးဖြတ်သွားရင်လည်းဖြစ်တယ်။ ဒါပေမယ့် ကျွန်မအနေနဲ့တော့ ကြားနေ မယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အတွင်းဆွေးနွေးရာတွင် ဒေါက်တာလှမြတ်သွေးက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် ကန့်ကွက်ရခြင်းမှာအချက်နှစ်ချက်ရှိကြောင်း သမ္မတမှဖြစ်စေ ကာကွယ်ရေးဦးစီးချုပ်မှဖြစ်စေ တိုက်ရိုက်ခန့် အပ်ပါက လက်ခံပါကြောင်း၊ သို့သော်လွှတ်တော်မှ တရားဝင်ဆုံးဖြတ်ရမည်ဆိုပါက လွှတ် တော်တွင် ဂုဏ်သိက္ခာရှိကြောင်း၊ အချိန်မပေးဘဲဆုံးဖြတ်ရခြင်းမှာ လွှတ်တော်၏ဂုဏ်အင်္ဂါနှင့် မညီညွတ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုသို့မေးမြန်းပြီးနောက် အချို့လွှတ်တော်ကိုယ်စားလှယ်များက ဒေါက်တာလှမြတ်သွေးအား အစားထိုး တင်သွင်းသည့် ၀န်ကြီး၏ နောက်ကြောင်းရာဇ၀င်များ စုံးစမ်းပြီးပြီလားဟု နောက်ပြောင်မှုများရှိခဲ့ကြောင်း ထိုသို့မေးမြန်းသည့်ကိုယ်စားလှယ်များမှာ လွှတ်တော်၏ ဂုဏ်အင်္ဂါ၊ လွှတ်တော်ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာ ၊ လုပ်ရမည့်အလုပ်များကိုနားလည်မှု လွဲနေသေးသည်ဟု ထင်မြင်ပါကြောင်း ဒေါက်တာ လှမြတ်သွေးက ဆက်လက်ဝေဖန်ပြောကြားခဲ့သည်။
“ဒါဆိုရင် ဒီအဆိုကိုခဏရပ်ထားမယ်။ ဒီလွှတ်တော်ကျင်းပမယ့်ရက်က သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၇ ရက်နေ့ အထိရှိမှာဆိုတော့ ဒီကာလအတွင်းမှာဆက်လက်ဆွေးနွေး ဆုံးဖြတ်သွားမယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်စိုးက ပြောသည်။
အဆိုပါဧရာဝတီတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးအစားထိုးခန့်အပ်သည့် လွှတ်တော် အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်လည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဗိုလ်မှူး မောင်မောင်ဝင်းသည် လေးမျက်နှာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးချယ်ခံရန် တာဝန်မှ နှုတ်ထွက် သွားသဖြင့် ၎င်းနေရာတွင် အစားထိုးခန့်အပ်ရန်လိုအပ်လာခြင်းဖြစ်သည်။
http://myitmakhamediagroup.com
No comments:
Post a Comment