ဒေါ်အောင်ဆန်းစု ကြည်ကို နေပြည်တော်ကောင်စီ နယ်မြေအတွင်း လက်ကမ်းစာစောင်များနှင့် ပိုစတာများချိတ်ဆွဲ၍ ကြိုတင်မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၆ ရက်တွင် လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နှင့် လယ်ဆည်ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်ဝင်းတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုတင်မဲဆွယ်သည်ဟုဆိုကာ ဒီချုပ်က ဒက္ခိဏသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့်သော်လည်း ရဲအရေးပိုင်သည့်အမှု မဟုတ်၍ ပယ်ချခံခဲ့ရသည်။
ထို့နောက် ဒီချုပ်ကစက်တင်ဘာ ၇ ရက်တွင် ယခင်လယ်ဆည်ညွှန်ချုပ် ဦးကျော်ဝင်းနှင့် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်တို့ ကြိုတင်မဲဆွယ်သည်ဟုဆိုကာ ကော်မရှင်သို့ လာရောက်တိုင်ကြားပြီး မကြာမီဦးကျော်ဝင်းက ကိုယ်စားလှယ်တစ်ဦးကိုစေလွှတ်၍ ဒီချုပ်ဥက္ကဋ္ဌအား ပြန်လည်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရွှေခဲအင်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း စသည့်နေရာများတွင် ‘‘ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ NLD ကိုမဲပေးစို့’’ စသည့် ပိုစတာများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဖြင့် မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့သည်ဟု ဦးကျော်ဝင်းကတိုင် ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကိုယ်စားလှယ်နှစ်ဦးအပြန်အလှန်တိုင်ကြတာပါ။ လက်ရှိနေပြည်တော်မှာတော့ ဒီတိုင်ကြားမှုနှစ်ခုပဲ ရှိပါသေးတယ်’’ဟု ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဋ္ဌ ဦးအောင်ထက်ကျော် ကပြောသည်။
‘‘တိုင်တဲ့သူက ဥပဒေနားမလည်လို့ ပြောတဲ့သူတွေပါ။ ဒါက ပါတီအတွက် မဲဆွယ်တာပါ။ ပုဂ္ဂိုလ်အတွက် မဲဆွယ်တာမဟုတ်ပါဘူး။ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင် တရားဝင်ကြေညာထားတာဖြစ်တယ်’’ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကပြောသည်။ တိုင်ကြားခဲ့သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ဦးကျော် ၀င်းကို 7 Day Daily ကဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
နိုင်ငံရေးပါတီအသီးသီးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၀၆အရ နိုင်ငံတော်အတွင်း လွတ်လပ်စွာ စည်းရုံးခွင့် ရှိပြီး ဥပဒေနှင့်မဆန့်ကျင်ဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီများက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်၊ ဟောပြောခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
တရားဝင်မဲဆွယ်စည်းရုံးမှုများကိုမူ ရွေးကောက်ပွဲမတိုင်မီ ရက် ၆၀ ဖြစ်သည့် စက်တင်ဘာ ၈ ရက် (ယနေ့) မှစ၍ ပြုလုပ်နိုင်ပြီ ဖြစ်သည်။
http://www.7daydaily.com

No comments:
Post a Comment