ဝန်ထမ်းတစ်ယောက်၏ အခြေခံလစာ မည်မျှရှိသင့်သနည်းဆိုသည့် မေးခွန်းသည် ၀န်ထမ်းလောကတွင် အငြင်းပွားမှုအများဆုံး မေးခွန်းတစ်ခုဖြစ်သည်။
သို့သော်လည်း အငြင်းမပွားသူမရှိ၊ တညီတညွတ်တည်း သဘောတူကြသည်က လက်ရှိလစာများနှင့် ၀န်ထမ်းများ ရပ်တည်ရန်မဖြစ်နိုင်တော့ပါဆိုသည့် အချက်ပင်ဖြစ်သည်။
မလောက်မငလစာဖြင့် ကြံဖန်ရပ်တည်နေရသည့် နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ခလစာတိုးမည်ဆိုသည့် စိတ်ကူးယဉ်စရာကောင်းသော သတင်းက ၀န်ထမ်းများအတွက် တစ်ကျော့ပြန်လာပြန်သည်။
လစာတိုးရေးသတင်းများက ၀န်ထမ်းများအတွက် စိတ်ကူးယဉ်စရာကောင်းသည်ဟု ဆိုသော်လည်း အခြားတစ်ဖက်တွင်တော့ ၀န်ထမ်းလစာတိုးလာတိုင်းဖြစ်လာသည့် နောက်ဆက်တွဲပြဿနာများကို စိုးထိတ်မှုများလည်းရှိနေသည်။
နိုင်ငံ့ဝန်ထမ်းများလစာတိုးရေးအတွက် အစိုးရကို အစဉ်တစိုက် ဖိအားပေးခဲ့ကြသူများမှာ လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်များဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ်သိန်းနှစ်သောင်းမှ ကျပ်နှစ်သိန်းအတွင်း ဖြစ်သင့်ကြောင်း အစိုးရ၀န်ကြီးဌာနများအား တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါပမာဏသည် လက်ရှိရရှိနေသည့် ရာထူးအနိမ့်ဆုံးဝန်ထမ်းဝင်ငွေဖြစ်သော ကျပ် ၁၀၅,၀၀၀ ၏ ၁၄ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိမည့် သဘောဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ အလှမ်းဝေးနေဆဲဖြစ်သည်။
‘‘နှစ်သိန်းပေးမယ်ဆိုလည်း ဒေါ်လာနဲ့တွက်ရင် နှစ်ရာပဲရှိမယ်။ ဒေါ်လာနှစ်ရာဆိုတာ သူများနိုင်ငံနဲ့တွက်ရင် မုန့်ဖိုးပဲရှိမယ်။ သူတို့ဆီမှာက တစ်နှစ်လုပ်ပြီးရင် ကမ္ဘာတစ်ပတ်ပတ်နိုင်တယ်။ မြန်မာပြည်မှာက ၁၀ နှစ် လုပ်ပြီးတာတောင် မသေချာဘူး’’ဟု မြောက်ဥက္ကလာပစက်မှုဇုန်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကပြောသည်။
လက်ရှိရရှိသည့် အနိမ့်ဆုံးလစာ ကျပ် ၁၀၅,၀၀၀(လစာ+အပိုထောက်ပံ့ကြေး)သည်ပင် အစိုးရသစ်လက်ထက်ရောက်မှ ၀န်ထမ်းများခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများအား လစာနှင့် ထောက်ပံ့ကြေးတိုးပေးမှု သုံးကြိမ်ခန့်ပြုလုပ်ခဲ့ပြီး စုစုပေါင်းကျပ်ခုနစ်သောင်းအထိ အသားတင်တိုးမြှင့်ပေးခဲ့သည်။
အစိုးရသက်တမ်းလေးနှစ်ခန့်အတွင်း ၀န်ထမ်းလစာများ တိုးတက်လာသည်ဟုဆိုသော်လည်း တစ်ချိန်တည်းတွင် ကုန်ဈေးနှုန်းများသည်လည်း တိုးမြင့်လာခဲ့သည်။
ပြီးခဲ့သည့်လေးနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ၏ အနည်းဆုံးလစာနှင့် အခြားစရိတ်များရရှိသည့် ပမာဏသည် သုံးဆအထိ တက်လာခဲ့ပြီး အခြားတစ်ဖက်တွင်လည်း ပြီးခဲ့သည့်နှစ်များအတွင်း အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများက တိုးမြှင့်လာခဲ့သည်။
အစိုးရသစ်တက်ခါစ ၂၀၁၁ တွင် ဆန်တစ်ပြည်၏ အနိမ့်ဆုံးလက်လီဈေးမှာ ကျပ်ခြောက်ရာခန့်ရှိခဲ့ရာမှ နောက်လေးနှစ်ခန့်အကြာတွင် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
လွန်ခဲ့သည့်လေးနှစ်ခန့်က စားသုံးမှုများပြားသည့် မွေးမြူရေးကြက်သား တစ်ပိဿာဈေးနှုန်းသည် ငါးထောင်ကျပ်ခန့်ရှိခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ကြက်သားဈေးနှုန်းသည် လွန်ခဲ့သည့်လေးနှစ်ကထက် တစ်ပိဿာလျှင် ၄ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။
သူရဦးရွှေမန်း တိုက်တွန်းသည့်အတိုင်းသာ အမှန်တကယ်ဖြစ်လာမည်ဆိုပါက ပျော်ရွှင်ရမည့်သူများရှိသကဲ့သို့ လစာတိုးခြင်းကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို စိုးရိမ်သူများလည်းရှိသည်။
ထိုသူများထဲတွင် စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များလည်း အပါအ၀င်ဖြစ်သည်။
စက်ရုံနေရာအတွက် မြေဈေးကြီးမြင့်မှုများ၊ လျှပ်စစ်မီးလုံလောက်စွာမရရှိမှုများအကြားတွင် ရုန်းကန်နေရသည့် မြန်မာနိုင်ငံမှ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များက အစိုးရ၀န်ထမ်းများ လစာတိုးမြင့်ပေးချိန်တွင် အလုပ်သမားများကလည်း လုပ်ခလစာတိုးတောင်းမည့်အရေးကို စိုးရိမ်လျက်ရှိသည်။
‘‘ဘာမှမတတ်တဲ့သူကို အခြေခံလစာနှစ်သိန်းပေးမယ်ဆိုရင် ဘယ်လိုအလုပ်သွားလုပ်မလဲ။ လုပ်ငန်းခွင်ပညာလည်း မတတ်သေးဘူး။ အဲဒီလိုလူတွေကို ဒီလောက်ပေးရမယ်ဆိုရင် ပုဂ္ဂလိကစက်ရုံတွေ ပိတ်သွားနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်အတွင်းမှ အမည်မဖော်လိုသူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အထည်ချုပ်စက်ရုံများရှိ ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏လစာသည်ပင် ကျပ် ၁၈,၀၀၀၀ ၀န်းကျင်သာ ပေးချေနေရကြောင်း လုပ်ငန်းရှင်များကပြောသည်။
လက်ရှိအချိန်တွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား အနည်းဆုံးအခကြေးငွေနှုန်းထားအတွက် ဘုံသဘောတူညီချက်မရဘဲ အကြိတ်အနယ်ငြင်းခုံနေကြဆဲဖြစ်သည်။
အလုပ်သမားကိုယ်စားလှယ်များက အလုပ်ချိန် ၈ နာရီအတွက် တစ်ရက်လျှင် ငွေကျပ်သုံးထောင်မှ ကျပ်ခုနစ်ထောင်အထိ လုပ်ငန်းအလိုက် သတ်မှတ်ကာ အနိမ့်ဆုံးလစာအဖြစ်ပေးရန် တောင်းဆိုထားသည်။
သို့သော်လည်း အလုပ်ရှင်ဘက်မှ ကုန်ထုတ်စွမ်းအား၊ အမှာစာအတက်အကျနှင့် လုပ်သားများကျွမ်းကျင်မှု အားနည်းခြင်းတို့ကြောင့် အလုပ်သမားများဘက်က တောင်းဆိုသည့်နှုန်းထားအတိုင်းပေးရန် ခက်ခဲကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ထိုအချိန်တွင် နိုင်ငံ့ဝန်ထမ်းများ လစာတက်လာခဲ့ပါက စက်မှုဇုန်များမှ အလုပ်သမားများလည်း လစာတိုးတောင်းလာနိုင်သည့် ယင်းအချိန်တွင် ညှိနှိုင်းမှုများမပြေလည်ပါက အလုပ်သမားသပိတ်များ တစ်ဖန်ပြန်လည်ထွက်ပေါ်လာမည်ကိုလည်း စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များက စိုးရိမ်လျက်ရှိသည်။
‘‘အခုပေးထားတဲ့ဟာနဲ့ မလောက်နိုင်ဘူးဆိုတာ လူတိုင်းလည်းသိတယ်။ တစ်ဖက်ကလည်း လစာမြင့်လာရင် စက်ရုံ၊ အလုပ်ရုံတွေဘက်က ပေးနိုင်၊ မပေးနိုင်ဆိုတာလည်း ရှိသေးတယ်။ ဒါပေမဲ့ ဒါတွေကြောက်နေပြီး တိုးမပေးရင် မဖြစ်နိုင်ပြန်ဘူး’’ ဟု မြောက်ဥက္ကလာပစက်မှုဇုန်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကပြောသည်။
အစိုးရ၏ လစာတိုးပေးရေးစီမံချက်၏ နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ပြဿနာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် လာမည့် ၂၀၁၅ ဧပြီနောက်ဆုံးပတ်နှင့် မေလပထမပတ်တွင် ရင်ဆိုင်ရနိုင်ကြောင်း ခန့်မှန်းထားကြသည်။
အကြောင်းက ၁၉၄၈မှ ၂၀၁၄ အတွင်း အစိုးရ၏ နိုင်ငံ့ဝန်ထမ်းများအပေါ် လုပ်ခလစာတိုးပေးခဲ့သည့် ၁၃ ကြိမ်တွင် ရှစ်ကြိမ်သည် ဧပြီလကုန်လစာငွေများတွင် ထည့်သွင်းပေးထားခြင်းကြောင့်ဖြစ်သည်။ ယင်းကဲ့သို့ အစိုးရ၀န်ထမ်းများ လစာတိုးပြီး နောက်တစ်ရက်ဖြစ်သည့် မေလ ၁ ရက်သည် နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)ဖြစ်သောကြောင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများလည်း ပြင်းထန်နေချိန်နှင့် တိုက်ဆိုင်နေသည်။
‘‘မေလလောက်ဆိုရင် တောင်းဆိုမှုတွေ တက်လာနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။
အလုပ်သမားလှုပ်ရှားမှုများ ပြင်းထန်လာပါက နောက်ဆက်တွဲအဖြစ် နိုင်ငံခြားမှ လာရောက်သည့် စက်ရုံ၊ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားမည့်အရေး စိုးရိမ်နေသူများလည်း ရှိကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်းက မြန်မာနိုင်ငံတွင်း အလုပ်သမားအရေး မတည်မငြိမ်မှုများကြောင့် စက်ရုံ၊ အလုပ်ရုံအချို့ ပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များကပြောသည်။
လက်ရှိအခြေအနေအရ စက်မှုဇုန်များရှိ အလုပ်သမားများ၏ လုပ်ခလစာမှာ ဘ၀ရှင်သန်ရေးအတွက် အကျပ်အတည်းများဖြစ်နေပြီး စက်မှုဇုန်များအတွင်း အလုပ်သမားများ ဆန္ဒပြသည့် အဓိကအကြောင်းရင်းများမှာလည်း လုပ်ခလစာပြဿနာများပင်ဖြစ်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ဒေါ်မျိုးမျိုးအေးကပြောသည်။
အစိုးရ၀န်ထမ်းများ လစာတိုးပေးရေးအတွက် စဉ်းစားမည်ဆိုပါက အစိုးရမဟုတ်သည့် ၀န်ထမ်းများအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း ၎င်းကပြောသည်။
‘‘လုပ်ခလစာပြဿနာက အရမ်းအရေးကြီးတယ်။ မငြိမ်သက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ နိုင်ငံရေးကစားကွက်လည်း ဖြစ်လာနိုင်တယ်’’ဟု ဒေါ်မျိုးမျိုးအေးကပြောသည်။
အစိုးရ၀န်ထမ်းအဖြစ် ၃၂ နှစ်ကျော်ကြာ အမှုထမ်းခဲ့သည့် ဦးအောင်ကျော်နိုင်ကတော့ အစိုးရ၀န်ထမ်းများသည် ခက်ခဲစွာရုန်းကန်နေရပြီး ၎င်းတို့၏လစာကို လုံလောက်သည့်ပမာဏ တိုးပေးသင့်သည်ဟု ဆိုသည်။
‘‘၀န်ထမ်းတွေ လာဘ်စားတာပဲ ပြောတယ်။ လစာမလောက်တာကျတော့ လူတွေသိပ်စိတ်မ၀င်စားကြဘူး’’ဟု ဦးအောင်ကျော်နိုင်ကဆိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှုအများဆုံးနှင့် လာဘ်ပေးလာဘ်ယူအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံနေရခြင်းကို ၀န်ထမ်းများ လုပ်ခလစာတိုးပေးခြင်းဖြင့် အဆုံးသတ်နိုင်ကြောင်း ၎င်းကပြောသည်။
သို့သော်လည်း အကျင့်ပျက်ခြစားမှုမှာ လုပ်ခလစာတိုးပေးခြင်းကို ကုစားရန်မဖြစ်နိုင်ဘဲ အရိုးစွဲနေသည့် အကျင့်များကိုလည်း နှိမ်နင်းရန်လိုအပ်ကြောင်း အလုပ်သမားများအရေး ကူညီလုပ်ဆောင်ပေးနေသည့် ဒေါ်မျိုးမျိုးအေးကပြောသည်။
နိုင်ငံ့ဝန်ထမ်းများ လုံလောက်သည့် လစာတိုးရေး၊ မတိုးရေး အငြင်းအခုံဖြစ်နေကြသော်လည်း အမှန်တကယ်လုံလောက်သည့် လစာတိုးတက်ရရှိရန် အနီးစပ်ဆုံးရှိနေသူများမှာ လွှတ်တော်များအတွင်းမှ ကိုယ်စားလှယ်များပင်ဖြစ်သည်။
‘‘ပြီးခဲ့တဲ့နှစ်တွေမှာ လွှတ်တော်အမတ်တစ်ယောက်ကို မကျေနပ်လို့ ပြန်ဖြုတ်ချလို့ရတဲ့ ပြန်ခေါ်လို့ရတဲ့ဥပဒေကိုကျတော့ အကောင်အထည်ဖော်ကြဘူး။ အဲဒီအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက လစာတွေတိုးသွားတယ်’’ဟု ဒေါ်မျိုးမျိုးအေးကဝေဖန်သည်။
အစိုးရသစ်၏ နှစ်စဉ်ဧပြီကုန်တိုင်း ၀န်ထမ်းများကို လစာတိုးပေးရေးအစီအစဉ်သည် ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆွေးနွေးမှုသတင်းများ ထွက်ပေါ်နေခဲ့သည်။ ၀န်ထမ်းများ၏ လစာမည်မျှတိုးမည်မှာ မသေချာသေးသော်လည်း လစာတိုးရေးနှင့် ပတ်သက်သည့် အကောင်းမြင်မျှော်လင့်မှုများ၊ စိုးရိမ်မှုများကလည်း ယခင်နှစ်များအတိုင်း ဖြစ်ပေါ်နေဆဲ။ လစာတိုးမည့်သတင်းများကြောင့် ကုန်ဈေးနှုန်းများသည်လည်း တက်လာဆဲဖြစ်သည်။
7Day
No comments:
Post a Comment