Tuesday, September 2, 2014

ဂျပန်တွင် စမ်းသပ်နေသည့် အီဘိုလာ ကုသရေးဆေးဝါး တစ်မျိုးကို နိုက်ဂျီးရီးယားတွင် အသုံးပြုရန်စီစဉ်

နိုက်ဂျီးရီးယား အနေဖြင့် ဂျပန်နိုင်ငံတွင် လက်ရှိ စမ်းသပ်တီထွင်နေသည့် အီဘိုလာ ကုသရေး ဆေးဝါးများကို လက်ခံရရှိမည်ဟု နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အနောက်အာဖရိက နိုင်ငံများတွင် လျင်လျင်မြန်မြန် ကူးစက်ဖြစ်ပွားနေသည့် အီဘိုလာ ရောဂါကို လတ်တလောတွင် ကုသနိုင်သည့် ဆေးဝါး မရှိသေးချေ။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် ပိုးသတ်ဆေး အမျိုးမျိုးကို အချိုးအစား ပြောင်းလဲရောစပ်ပြီး ကုသသည့် နည်းလမ်းမျိုးကိုသာ အသုံးပြုနေရပြီး အီဘိုလာရောဂါရှင်များ၏ ကိုယ်ခံအားကို မြှင့်တင်ပေးသည့် နည်းလမ်းများကိုသာ အသုံးချနေသည်။
အီဘိုလာရောဂါ ကုသမှုအတွက် လတ်တလောတွင် အနီးစပ်ဆုံး ဖြစ်နေသည့် Zmapp အမည်ရှိ စမ်းသပ်ဆဲ ဆေးဝါးတစ်မျိုးကို ကနေဒါ၏ ငွေကြေးထောက်ပံ့မှုဖြင့် အမေရိကန် ဆေးဝါးကုမ္ပဏီတစ်ခုက တီထွင်ထားနိုင်သော်လည်း ရောဂါကူးစက်နေသည့် နိုင်ငံများသို့ ဖြန့်ဝေပေးရန် အရေအတွက် မလောက်မင ဖြစ်နေသည်။ ထိုသို့သော အခြေအနေကြောင့် နိုက်ဂျီးရီးယား အစိုးရက ဂျပန်တွင် သုတေသနပြု စမ်းသပ်နေသည့် Fanvipiravir အမည်ရှိ စမ်းသပ်ဆေးဝါးများ ပေးပို့ရန် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။
နိုက်ဂျီးရီးယား အစိုးရသည် အခြားနိုင်ငံနှစ်ခုမှ ထုတ်လုပ်သည့် အီဘိုလာ တိုက်ဖျက်ရေး စမ်းသပ်အဆင့် ဆေးဝါးများကိုလည်း အသုံးပြုပြီး လူနာများကို ကုသပေးနေသည်။ “ကုသရေး သုတေသန အဖွဲ့ဟာ Zmapp ဆေးဝါးရဲ့ အာနိသင်ကို လက်တွေ့စမ်းသပ်မှု နယ်ပယ်ကနေ ပိုင်းခြား လေ့လာနေပါတယ်။ နောက်ထပ် ဆေးဝါးတွေကိုလည်း စမ်းသပ်အသုံးပြုပြီး ရလဒ်ကို စိစစ်သွားမှာပါ”ဟု နိုက်ဂျီးရီးယား ကျန်းမာရေးဝန်ကြီး အွန်ယီဘူချီ ချက်ကူက ပြောကြားခဲ့သည်။ Fanvipiravir ဆေးဝါး သုတေသန ပြုမှုကို ဂျပန်ရှိ Fuji Film ကုမ္ပဏီက ငွေကြေး ထောက်ပံ့ထားသည်။
ကျင့်ဝတ်ပိုင်းအရ စမ်းသပ်ဆဲအဆင့် ဆေးဝါးများကို လူသားများတွင် လက်တွေ့စမ်းသပ် အသုံးပြုရန် တားမြစ် ကန့်သတ်ထားသော်လည်း လက်ရှိ လိုအပ်ချက်အရ အီဘိုလာ တိုက်ဖျက်ရေး စမ်းသပ်ဆေးဝါးများကို အာဖရိက နိုင်ငံများတွင် အသုံးပြုနေသည်။ ယခုနှစ်အတွင်း အီဘိုလာရောဂါ ကူးစက်မှုများကြောင့် အနောက်အာဖရိက ဒေသတွင် သေဆုံးသူ အရေအတွက် (၁၅၀၀) ကျော်လွန်သွားပြီ ဖြစ်သည်။
_Ref; India Zeenews

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ