အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် ရက်ပိုင်းအတွင်း စက်ရုံအချို့လုပ်သားလျှော့ချမှုများ စတင်ပြုလုပ်လာကြကြောင်း အလုပ်သမားအခွင့်အရေးကူညီစောင့်ရှောက်နေသူများက ပြောသည်။
အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်ခ ၃၆၀၀ ကျပ် စတင်အသက်ဝင်သည့် စက်တင်ဘာ ၁ ရက်မှစ၍ လှိုင်သာယာစက်မှုဇုန် ရှိ စက်ရုံလေးရုံက လုပ်သားလျှော့ချခဲ့ပြီး စက်ရုံတစ်ရုံမှာ ပိတ်သိမ်းရန် ပြင်ဆင်နေကာ အခြားစက်ရုံအချို့မှာလည်း လုပ်သားလျှော့ချမှုများပြုလုပ်ရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။
‘‘သတင်းအရ လှိုင်သာယာ အထည်ချုပ်စက်ရုံတွေမှာ လုပ်သားလျှော့ချမှုတွေ တောက် လျှောက်ဖြစ် နေတယ်။ အချို့စက်ရုံတွေက အချိန်ပိုလျှော့လိုက်လို့ အလုပ်သမားတချို့ မကျေမနပ် ဖြစ်နေတယ်’’ဟု အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦး က ပြောသည်။
အနည်းဆုံးအခကြေးငွေအတည်ပြုပြီးချိန်မှ နှစ်ရက်အတွင်း စက်ရုံအချို့၏လုပ်သား လျှော့ချမှုကြောင့် အလုပ်သမား ဦးရေ၅၀၀ခန့် အထိ အလုပ်လက်မဲ့ဖြစ်ပေါ်နေသည်ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
‘‘အရင်ကလည်း အလုပ်သမားများလျှော့ချတာရှိခဲ့ပါတယ်။ အခုကတော့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီး ဖြစ်ပေါ်လာတဲ့အတွက် ပိုပြီးသိသိသာသာဖြစ်သွားတာပါ။ အလုပ်ရှင်က ဥပဒေပါအတိုင်း လျော်ကြေးပေးပြီး ထုတ်တာမျိုးဆိုရင်တော့ ပြဿနာမရှိပါဘူး’’ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်နှုန်းထားကြောင့် တစ်ဆင့်ခံအထည်ချုပ်လုပ်ငန်းများမှာ လက်ရှိလုပ်သားအင်အားအရ လုပ်အားခပေးချေရန် အခက်အခဲရှိသဖြင့် ထွက်ငွေကုန်ကျမှုလျော့ နည်းစေရန် လုပ်သားလျှော့ချမှုများ ပြုလုပ်ကြခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။
‘‘အလုပ်ရှင်ကတော့ သူဆက်ရပ်တည်နိုင်ဖို့အတွက် လုပ်နိုင်တဲ့နည်းလမ်းနဲ့ဖြေရှင်းမှာပဲ။ ရှေ့ဆက်လည်း လုပ်သားလျှော့ချမှုတွေ ရှိလာနိုင်တယ်’’ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးညီအောင်က ပြောသည်။
သို့သော် အနည်းဆုံးအခကြေးငွေနှုန်းထားကြောင့် အချို့ စက်ရုံများသည် လုပ်ငန်းရပ်တည်ရန် ခက်ခဲနေပြီး စက်ရုံပိတ်သိမ်းပါကလည်း အလုပ်သမားများအား ပေးလျော်ရမည့်ငွေကြေးမှာ အတည်ပြုနှုန်းအတိုင်း ပေးရတော့မည်ဖြစ်သောကြောင့် လုပ်သားလျှော့ချမှုဖြင့်သာ ဖြေရှင်းကြရဦးမည့် အခြေအနေတွင်ရှိသည် ဟု ဦးမြတ်သင်းအောင်က ပြောသည်။
‘‘အရင်က စက်ရုံပိတ်မယ်ဆို တစ်ရက်လုပ်ခ ကျပ် ၁၅၀၀ လောက်နဲ့ တွက်ပြီးလျော်ကြေးပေးရတော့ ကျပ်သိန်းနှစ်ထောင် လောက်ကုန်မယ်ဆို၊ အခုက တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ နဲ့တွက် ပေးရတော့မှာဆိုတော့ အနည်းဆုံးကျပ်သိန်းလေးထောင်ကျော်ရှိမှ ပိတ်လို့ရမယ့်အနေအထားဖြစ်နေတယ်။ အဲဒါကြောင့် လုပ်ငန်းရှင်အချို့ဆို ပိတ်ချင်တောင် လျော်ကြေးပေးရမယ့် ငွေပမာဏများလာလို့ ပိတ်ဖို့ခက်နေတဲ့သ ဘောရှိတယ်’’ ဟု ၎င်းက ပြောသည်။ ထိုသို့ လုပ်သားလျှော့ချမှုများနှင့်ပတ်သက်၍ အလုပ်ရှင်က ဥပဒေပါအတိုင်း လျော်ကြေးပေး အပ်မှု ရှိ၊ မရှိ စောင့်ကြည့်နေပြီး ပေးအပ်မှုမရှိပါက အလုပ်သမားများ၏ဆန္ဒအပေါ် မူတည်၍ တရားရင်ဆိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြော ကြားသည်။
‘‘ဒီဖြစ်ရပ်တွေက ဆက်ဖြစ်လာစရာအကြောင်းရှိလို့ တစ်လလောက်တော့ စောင့်ကြည့်သွားရဦးမယ်။ ထပ်ပြီး ဆိုးဆိုးရွားရွား ဖြစ်မလာအောင် အလုပ်သမားဝန်ကြီးဌာန UMFCCI လုပ်ငန်းရှင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သွားရပါမယ်’’ဟု ၎င်းက ဆို သည်။
စက်ရုံလုပ်ငန်းငယ် အချို့သည် ဆက်လက်ရပ်တည်ရန် အခက်အခဲရှိခြင်းကြောင့် လုပ် သားအင်အား လျှော့ချခြင်းဖြစ်ပြီး ယင်းကိစ္စမှာ စက်ရုံပိုင်ရှင်၏ သဘောဆန္ဒအရသာဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းတာဝန်ရှိသူတစ် ဦးက ပြောသည်။
‘‘ဒါက လုပ်ငန်းရှင်ရဲ့စီမံခန့် ခွဲမှုအပေါ် မူတည်တယ်။ သူ့အခြေအနေသူသိမှာပေါ့။ လုပ်ငန်း ကြီးတွေ မှာတော့ ဒါမျိုးဖြစ်လာဖို့မရှိနိုင်သေးဘူး’’ဟု ၎င်းက ပြောသည်။
‘‘ဒီမှာတော့ လုပ်သားလျှော့တာမရှိသေးဘူး။ အီးစီစာချုပ်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေတော့ စဖြစ်နေပြီ’’ဟု ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြော သည်။
7 Day Daily
No comments:
Post a Comment