Monday, August 25, 2014

ကယ်လီဖိုးနီးယားတွင် ငလျင်လှုပ်ခတ်ပြီးနောက် ရှင်းလင်းရေး လုပ်ငန်းများ စတင်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် လှုပ်ခတ်သွားသည့် ငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများကို ရှင်းလင်းမှု လုပ်ငန်းများ စတင်နေပြီဟု သတင်းရရှိသည်။
ဆန်ဖရက်ဆစ္စကို ပင်လယ်ကွေ့ ဧရိယာ တဝိုက်တွင် ပြင်းအား ရစ်ခ်ျတာစကေး (၆.၀) အဆင့်ရှိ ငလျင်တစ်ခု ဩဂုတ် (၂၄)ရက်က လှုပ်ခတ်သွားခဲ့သည်။ အမေရိကန်ကန်ညွန် မြို့အနီး (၄)မိုင်မျှ အကွာသို့ ဗဟိုပြု လှုပ်ရှားသွားသည့် ငလျင်သည် အဆိုပါ ဒေသ၌ (၂၅)နှစ်အတွင်း အားအပြင်းဆုံး ငလျင်လှုပ်ခတ်မှုလည်း ဖြစ်လာသည်။
ငလျင်ကြောင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သလို ကတ္တရာ လမ်းမများ ကွဲအက်ခြင်း၊ ဓာတ်ငွေ့နှင့် ရေပိုက်လိုင်းများ ပေါက်ကွဲစိမ့်ထွက်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် နေအိမ် အဆောက်အအုံ အချို့တွင်လည်း အပျက်အစီးများ ဖြစ်လာခဲ့သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ငလျင်ဘေးသင့် ဒေသကို အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ထားလိုက်သည်။
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည်လည်း ငလျင်နောက်ပိုင်း ပြန်လည် ပြင်ဆင်ထူထောင်ရေး လုပ်ဆောင်မှုများအတွက် ညွှန်ကြားချက် ပေးထားကြောင်း သိရှိရသည်။ ငလျင်ဒဏ်ခံ ဒေသများအနက် နာပါမြို့သည် အဆိုးရွားဆုံး အခြေအနေတွင် ရှိခဲ့ပြီး မီးလောင်ကျွမ်းမှု (၆)ခုမျှ ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံ မီးသတ်ဌာနက ဆိုသည်။ ထို့အပြင် မြို့ထဲ၌ ရေပိုက်နှင့် ဓာတ်ငွေ့ပိုက်များ ပေါက်ကွဲ စိမ့်ထွက်နေသည်ကိုလည်း ယခုအခါ လိုက်လံ ပြုပြင်နေကြောင်း သိရသည်။
ငလျင်နောက်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည့်တိုင် နာရီပိုင်းအတွင်း နေရာအများစုကို ဓာတ်အားပြန်လည် ရရှိအောင် ပြင်ဆင်ပေးနိုင်ခဲ့သည်။ နာပါမြို့တွင် ဩဂုတ်(၂၅)ရက်နေ့၌ ကျောင်းများအားလုံးကို ပိတ်ထားလိုက်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် မာရီအိုင်းလန်းရှိ ပြတိုက်တစ်ခုနှင့် သက်တမ်းရင့် နေအိမ် အချို့တို့ကို လူနေထိုင်ရန် မသင့်တော့သည့် အဆောက်အအုံများအဖြစ် ကြေညာခဲ့သည်။
မီးရထား သွားလာမှုများကိုလည်း ဆိုင်းငံ့ထားလိုက်ပြီး ရထားလမ်းပိုင်း အားလုံး အပျက်အစီး ရှိမရှိ ပြန်လည် စစ်ဆေးသွားမည်ဟု သိရသည်။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနက ငလျင် လှုပ်ခတ်ပြီးချိန်၌ ရစ်ခ်ျတာစကေး (၅.၀)အဆင့်ရှိ နောက်ဆက်တွဲ လှုပ်ခတ်မှုတစ်ခု ပေါ်ပေါက်ခဲ့သေးကြောင်းလည်း ကြေညာသည်။
ဆန်ဖရန်ဆစ္စကိုတွင် (၁၉၈၉)ခှုနှစ်က ငလျင်တစ်ခု ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့ဖူးပြီး ထိုစဉ်က လူပေါင်း(၆၀)ကျော် သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာများ ရရှိခဲ့သည်။
BBC

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ