တာမွေမြို့နယ်၊ မေတ္တာညွှန့််ရပ်ကွက်တွင် သက်တမ်း ၁၅နှစ် ၀န်းကျင်ရှိခြောက်ထပ် ကန်ထရိုက်တိုက်တစ်လုံး၏ အပေါ်ဆုံးထပ် ဆန်းရှိတ်(နေကာအမိုး) ပြိုကျကာ တိုက်မှာနောက်သို့အနည်းငယ် ယိုင်သွားသောကြောင့် နေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။
သမာဓိလမ်းရှိ အိမ်အမှတ် ၈၃၆၊ ခြောက်ထပ်တိုက်၏ အပေါ်ဆုံးထပ် ညာဘက်အခြမ်းရှိ ဆန်းရှိတ်မှာ ယနေ့ နံနက် ၉နာရီ ၄၀မိနစ်ဝန်းကျင်တွင် ပြိုကျခဲ့ သည်။
ထို့အပြင်တိုင်သည် အနောက်သို့ အနည်းငယ်တိမ်း စောင်းခဲ့သောကြောင့် တိုက်တိမ်းစောင်းသွားရခြင်း၏ အကြောင်းရင်းကို ကျွမ်းကျင်သူများက စုံစမ်းစစ်ဆေးဆဲဖြစ်သည်ဟု သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်ကဆိုသည်။
‘‘တိုက်က မြေရှင်ကိုမေးကြည့်တော့ ၁၉၉၉ခုနှစ်လောက်တုန်းက ဆောက်ထားတယ်လို့ ပြောတယ်။ ၁၅နှစ်လောက်ပဲ ရှိဦးမှာပါ’’ဟု ၎င်းကဆိုသည်။
ထိုသို့ ဖြစ်ပွားပြီးနောက် တိုက်ကို အန္တရာယ်ရှိအဆောက်အအုံဟု သတ်မှတ်ကြောင်း ဦးသန့်စင်က ဆိုသည်။
သို့သော် ရန်ကုန်မြို့တွင်းရှိ လူနေအဆောက်အအုံများ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကသာ သတ်မှတ်ရခြင်းဖြစ်သည်။
ယင်းသို့ဖြစ်ပွားရခြင်းမှာ တိုက်ကို တည်ဆောက်ရာတွင် အရည်အသွေးပြည့်မီမှု မရှိခြင်း၊ အချိုးအဆမျှတမှု မရှိခြင်းတို့ ကြောင့်ဖြစ်သည်ဟု တာမွေမြို့ နယ် စည်ပင်ဦးစီးမှူးက သုံးသပ်သည်။
အဆိုပါတိုက်တွင် အိမ်ထောင်စု ၁၂စုမှ လူဦးရေ ၆၄ ဦး နေထိုင်နေပြီး လက်ရှိတွင် နေထိုင်သူများကို ပုညကာရီဓမ္မာရုံသို့ ပို့ဆောင်ပေးထားသည်။
‘‘လက်ရှိကတော့ ဓမ္မာရုံမှာ နေခိုင်းထားတယ်။ ပြီးတော့မှ လူကြီးတွေ အစည်းအဝေးထိုင်ပြီးတော့ စီစဉ်ပေးမယ်လို့ပြောထားတယ်။ ခုထိတော့ နေစရာမရှိသေးဘူး’’ဟု ပြိုကျခဲ့သောအပေါ်ဆုံးထပ် အခန်းပိုင်ရှင်ဒေါ်ခင်ခင်မြတ် ကပြောသည်။
ယခုကဲ့သို့ အနည်းငယ် ပြိုကျမှုမဖြစ်မီကလည်း ယင်းတိုက်ရှေ့ ကပ်ထားသောကြွေပြားများ ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
‘‘ကျွန်မတို့ ငလျင်လှုပ်မယ် ပြောတဲ့။ လပြည့်ညတုန်းကဆိုရင် အောက်မှာ ဆင်းနေကြတယ်’’ ဟု ဒေါ်ခင်ခင်မြတ်ကပြောသည်။
တိုက် ဆောက်လုပ်ထားသော ကန်ထရိုက်ကို လက်ရှိတွင် စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ယင်းတိုက်တွင် နေထိုင်သူများက တိုက်ကို ဖခင်ဖြစ်သူက ဆောက်ခဲ့ပြီး လက်ရှိတွင် သားဖြစ်သူက ဆက်လက်တာဝန်ယူ ဆောင်ရွက်နေသည်ဟုပြောသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က အလုံမြို့နယ် အထက်ကြည့်မြင်တိုင်လမ်းမပေါ် တွင် ခြောက်နှစ်သက်တမ်းသာရှိသည့် ရှစ်ထပ်တိုက် ကန်ထရိုက်တိုက်၏ နောက်ဘေးခြမ်း အက်ကွဲ တိမ်းစောင်းခဲ့သည်။ ၂၀၁၂ခုနှစ် ဇန်န၀ါရီ ၄ရက်ကလည်း မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်အတွင်းရှိ လေးထပ် တိုက်အဆောက်အအုံအတွင်း ပိုင်းလှေခါးပြိုကျခဲ့သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်ကလည်း စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမပေါ်ရှိ ခြောက်ထပ်တိုက် ကန်ထရိုက်တိုက်တစ်လုံး၏ နောက်ဘေးခြမ်း အက်ကွဲခဲ့ဖူးသည်။
ထို့အပြင် ၂၀၁၄ဇူလိုင်၃၀ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် ရွှေလှိုင်လမ်းရှိ နှစ်ထပ်တိုက်၏ ၀ရန်တာလက်ရန်းပြိုကျကာ အ မျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ သည်။
၂၀၁၄ သြဂုတ်လ ၄ရက်က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်စံပြ ၅လမ်း ရှိ တိုက်သစ်နှစ်လုံးတိမ်းစောင်း သွားခဲ့သည်။
7Day
No comments:
Post a Comment