ပျောက်ဆုံးနေသည့် MH370 လေယာဉ်ပေါ် ပါသွားသူ အချို့၏ ဘဏ်စာရင်းများထဲမှ ငွေကြေးများကို လွှဲပြောင်းခိုးယူခဲ့သူ တစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေဆဲဟု သတင်းရရှိသည်။
ပါကစ္စတန် နိုင်ငံသား တစ်ဦးသည် MH370 လေယာဉ်ပေါ် လိုက်ပါသွားသူ (၄)ဦး၏ ဘဏ်စာရင်းများထဲမှ ငွေကြေးများကို ခိုးယူရာတွင် ပါဝင်ခဲ့ကြောင်း ရဲများက ဆိုသည်။ HSBC ဘဏ်မှ အမှုထမ်း တစ်ဦးနှင့် သူမ၏ ခင်ပွန်းတို့ကိုမူ အဆိုပါ အမှုအတွက် မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်သည်။
အဆိုပါ ဇနီးမောင်နှံသည် မလေးရှားရင်းဂစ်ငွေ (၁၁၀၆၀၀)၊ တစ်နည်းအားဖြင့် ဒေါ်လာ သုံးသောင်းခွဲမျှကို ဘဏ်စာရင်း လေးခုထဲမှ ထုတ်ယူကာ အခြားဘဏ်စာရင်း တစ်ခုထဲသို့ ပြောင်းလဲ ထည့်သွင်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။ အင်တာနက် ဘဏ်လုပ်ငန်း စနစ်ကို အသုံးပြုကာ တရုတ်နိုင်ငံသား နှစ်ဦး၊ မလေးရှား ခရီးသည် တစ်ဦးနှင့် လေယာဉ် အမှုထမ်း တစ်ဦးတို့၏ ဘဏ်စာရင်းများမှ ငွေများကို ၎င်းတို့နှစ်ဦးက လွှဲပြောင်းရယူခဲ့ခြင်းဟု သိရှိရသည်။
HSBC ၏ မလေးရှားဘဏ်ခွဲက ဘဏ်စာရင်းများထဲမှ ငွေများကို ခိုးဝှက်ရယူရန် ကြံစည်မှုတွင် အခြားတရားခံတစ်ဦး ရှိနေဆဲဟု ရဲများက အခိုင်အမာ ယုံကြည်နေကြောင်း ဆိုသည်။ “HSBC အနေနဲ့ ဖြစ်ရပ်အတွက် အလေးအနက် စိတ်မကောင်း ဖြစ်မိပြီး သက်ဆိုင်ရာ မိသားစုဝင်တွေကို တောင်းပန်လိုပါတယ်။ ဘဏ်ရဲ့ ဖောက်သည်တွေ အနေနဲ့ ကိုယ်ပိုင်ငွေစာရင်းတွေကနေ အဆုံးအရှုံး မရှိစေရဘူးလို့ အာမခံ ကတိပြုပါတယ်”ဟု ဘဏ်က ကြေညာသည်။
လက်ရှိ ဖမ်းဆီးခံရသည့် စုံတွဲ၏ ရမန်ကာလသည် ဩဂုတ်(၁၇)ရက်က ကုန်ဆုံးခဲ့သော်လည်း နောက်ထပ်(၃)ရက် သက်တမ်းတိုးကာ ၎င်းတို့ကို ထိန်းသိမ်းထားဆဲဟု သိရှိရသည်။ မလေးရှား လေကြောင်းပိုင် MH370 လေယာဉ်သည် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းရင်း မတ်(၈)ရက်က အကြောင်းရင်း မသိဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ Boeing 777-200ER လေယာဉ်ပေးတွင် ခရီးသည် (၂၂၇)ဦးနှင့် အမှုထမ်း (၁၂)ဦးတို့ လိုက်ပါသွားပြီး ၎င်းတို့၏ ကံကြမ္မာကို ယနေ့တိုင် မည်သူမျှ အဖြေမထုတ်နိုင်သေးချေ။
လေယာဉ်သည် လာလမ်းအတိုင်း နောက်ကြောင်းလှည့်ပြီး မလေးရှားလေပိုင်နက်ကို ကျော်ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းဒေသတွင် ပျက်ကျခဲ့သည်ဟု ယုံကြည်ရပြီး အဆိုပါ ဒေသတွင် ရှာဖွေရေး လုပ်ငန်းများကို လပေါင်းများစွာ ဆောင်ရွက်လျက်ရှိသည်။
7DAy
_Ref: CNN
No comments:
Post a Comment