Tuesday, August 26, 2014

‘၀’ နှင့် မိုင်းလားအဖွဲက တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်

 နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလား(NDAA)အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့မှ ခေါင်းဆောင်များ ပထမဆုံးအကြိမ် နေပြည်တော်ရှိ သမ္မတ၏လယ်တောရိပ်သာ၌ တွေ့ဆုံဆွေးနွေးပြီးနောက် လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
 နိုင်ငံတော်သမ္မတနှင့်   ပထမဆုံးအကြိမ် နေပြည်တော်၌ တွေ့ဆုံရာတွင် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား (NDAA) အဖွဲ့တို့မှ ခေါင်းဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာ၌ ပါဝင်လက်မှတ်ထိုးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကြိုတင်သတင်းထွက်ပေါ်ခြင်းမရှိဘဲ သမ္မတဦးသိန်းစိန်က ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊
‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလားအဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ ခေါင်းဆောင် များကို သြဂုတ် ၂၅ ရက်က နေပြည်တော်လယ်တောရိပ်သာ ၌ ၂ နာရီကျော်ကြာ တစ်ပြိုင်နက်တည်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်၌ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
သမ္မတနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားခေါင်းဆောင်များ က ဒို့တာဝန် အရေးသုံးပါးကို လက်ခံပြီး တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်ရန် သဘောတူညီကြောင်း ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူများ ကဆိုသည်။
သမ္မတနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ၊ ‘၀’ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင် ရုပ်သံများက ထုတ်လွှင့်ခဲ့သည်။
နိုင်ငံတော်သမ္မတက ပြဿ နာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းသည့်နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။
‘‘တပ်မတော်ကလည်း အစိုးရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်  ဖော်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပြီး မိမိတို့ အားလုံးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်’’ဟု သမ္မတက ဆက်လက်ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များက နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးကို ထိန်းသိမ်းမည်ဖြစ်ပြီး ဒို့တာဝန်အရေးသုံးပါးကို လိုက်နာ ကာ ငြိမ်ချမ်းရေး ရရှိမည့်နည်းလမ်းကို ကျင့်သုံးမည်ဟု သန္နိဋ္ဌာန် ချထားကြောင်း သမ္မတအား ကတိပြုပြောကြားခဲ့သည်။
သမ္မတက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို တစ်ပြိုင်နက်တည်းတွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်တွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က UWSPနှင့် NDAA ကို နှစ်ဖွဲ့ပေါင်း တွေ့ဆုံခဲ့ကာ SSPP/SSA ကို သီးခြားတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံသောနေ့နှင့် တစ်ရက်တည်းမှာပင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပထမဆုံး အကြိမ် ပြုလုပ်နေသည့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညီ လာခံစတင်သည့် နေ့နှင့်လည်း တိုက်ဆိုင်နေသည်။ ‘၀’ပြည်သွေး စည်းညီညွတ်ရေးပါတီနှင့် မိုင်းလားအဖွဲ့တို့မှာ UNFC တွင် ပါဝင်ခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည်။
တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့ က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခဲ့ရာတွင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ ၎င်းတို့သဘောထားများကို တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
‘‘တချို့နည်းနည်းပါးပါး ဟာလေးတွေကို ကျော်လွှားလိုက်ပြီးလို့ရှိရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်လို့ရပါပြီ’’ဟု SSPP/SSA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စပ်ခွန်ဆိုင်း ကပြောသည်။
UWSP နှင့် NDAA အဖွဲ့တို့ သည် အဖွဲ့ဝင် ၁၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT)တွင်လည်း ပါဝင်ခြင်းမရှိပေ။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့သည်လာမည့် စက်တင်ဘာလတွင် တွေ့ဆုံပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးဆွေးနွေးကြမည်ဖြစ်သည်။ လာမည့် အောက်တိုဘာလကုန်ခန့်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း နှစ်ဖက် ပြောကြားထားသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ