နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးနှင့် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်သည့် ဒုတိယအကြိမ် အခမဲ့ မျက်စိကုသ စောင့်ရှောက်မှုကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ဆေးရုံကြီး၌ ပြုလုပ်ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကြည့်ရှုစစ်ဆေး အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့်အတူ ဇမ္ဗူသီရိဆေးရုံ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ဇမ္ဗူသီရိဖောင်ဒေးရှင်းမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ဆေးရုံခွဲစိတ်ကုသဆောင်၌ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဆွေဦးလွင်၊ ဒေါက်တာ ဇေဇီကျော်နှင့် ဒေါက်တာ ဝင်းပပအောင်တို့က မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသ ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး မျက်စိခွဲစိတ် ကုသရန် စောင့်ဆိုင်း နေသည့် မျက်စိ ဝေဒနာရှင်များနှင့် ခွဲစိတ်ကုသပြီး မျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
ယင်းနောက် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် ဝေဒနာရှင်များအတွက် နိုင်ငံတော်သမ္မတ ကိုယ်စား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်က အလှူငွေကျပ် ၁၀ သိန်းကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် မျက်စိ စမ်းသပ်ကုသမှု ခံယူပြီးနောက် အနီးမှုန်၊ အဝေးမှုန်ကြသည့် မျက်စိဝေဒနာရှင်များအား ပါဝါမျက်မှန်များ တပ်ဆင်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့်အဖွဲ့သည် မျက်စိခွဲစိတ်ပြီး ဝေဒနာရှင်များအတွက် နေကာမျက်မှန်များကို လက်ဆောင်အဖြစ် ပေးအပ်၍ အားပေးစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် လည်ပင်းကြီးရောဂါ ခွဲစိတ်ကုသမှုခံယူပြီး လူနာ သုံးဦးအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် မျက်စိစမ်းသပ် ကုသမှုခံယူကြမည့် ဝန်ထမ်းများနှင့် မှီခိုသူဝန်ထမ်း မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
ဆက်လက်၍ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ မျက်စိအထူးကု ဆရာဝန်ကြီး ဗိုလ်မှူး တိုးနိုင်ထက်နှင့် ပျဉ်းမနားပြည်သူ့ ဆေးရုံကြီး ခုတင်(၂၀၀)မှ ဒေါက်တာ ဒေါ်ယဉ်နွယ်ဦးတို့ ဦးဆောင်သည့် အဖွဲ့မှ မျက်စိဝေဒနာရှင်များအား စမ်းသပ် စစ်ဆေးနေမှုကို ကြည့်ရှုအားပေးသည်။
သြဂုတ် ၄ ရက်မှ စတင်၍ အဆိုပါဆေးရုံ၌ မျက်စိရောဂါဝေဒနာရှင်များအား မျက်စိရောဂါ စမ်းသပ်ကုသပေးလျက်ရှိပြီး ယနေ့အထိ ဝေဒနာရှင် ၁၂၃၀ ကို စမ်းသပ်ကုသပေးခဲ့ရာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင် ၁၀၀ ရှိကြောင်း၊ ၎င်းတို့ အနက် ဝေဒနာရှင် ၄၀ အား ယနေ့ ခွဲစိတ်ကုသပေးခဲ့ပြီး ကျန်ဝေဒနာရှင်များအား ဆက်လက်ခွဲစိတ် ကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မျက်စိရောဂါ စမ်းသပ်ကုသရန် ကျန်ရှိသူ ၇၄၀ အားလည်း ဆက်လက် စမ်းသပ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု မျက်စိရောဂါ စမ်းသပ်ကုသရာတွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ရွေးကောက်ပွဲကော်မရှင် နှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ဝန်ထမ်းများနှင့် မှီခိုသူဝန်ထမ်း မိသားစုဝင်များအား အခမဲ့ စမ်းသပ် ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဆေးရုံ၌ သြဂုတ် ၈ ရက်မှ ၉ ရက်အထိ လည်ပင်းကြီးရောဂါသည် ၈ ဦးအား စင်ကာပူနိုင်ငံမှ အထူးကုဆရာဝန်ကြီး တစ်ဦးနှင့် မြန်မာနိုင်ငံမှ အထူးကု ဆရာဝန်ကြီးတစ်ဦးတို့ ဦးစီး၍ ခွဲစိတ်ကုသပေးခဲ့ကြောင်းသိရှိရသည်။
ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် ဇမ္ဗူသီရိဖောင်ဒေးရှင်းတို့၏ ပထမအကြိမ် အခမဲ့ မျက်စိခွဲစိတ်ကုသမှုကို ၂၀၁၄ ခုနှစ် မေ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် အတွင်းရှိမျက်စိဝေဒနာရှင် ၁၈၈ ဦးကို စမ်းသပ်ကြည့်ရူပေးခဲ့ကာ ၃၅ ဦးအား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိအထူးကုဆေးရုံကြီးကို ၂၀၁၂ ခုနှစ် မေ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဇမ္ဗူသီရိဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေကို ဗဟိုပြု၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆရာတော်၊ သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်း၊ ဆေးဝါးထောက်ပံ့ လှူဒါန်းခြင်းနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းများတွင် လိုအပ်သည်များကို ပံ့ပိုးကူညီခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ဖောင်ဒေးရှင်းကို စတင်တည်ထောင်ချိန်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိသက်တော် (၇၀) နှင့် အထက် ဆရာတော်ကြီးများနှင့် ချို့တဲ့သံဃာတော်များအား ဆေးဝါးနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်းကို စဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိသည်။ ထို့အပြင် ဘာသာရေးဆိုင်ရာ တရားပွဲများ ကျင်းပပေးခြင်း၊ တရားစခန်းနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် စောင့်ရှောက်မှု ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သမ္မတရုံး
No comments:
Post a Comment