Friday, August 8, 2014

အိမ်ဖြူတော် ခြံစည်းရိုးတွင် ညပ်နေသည့် ကလေးငယ်ကို အထူးအေးဂျင့်များ ကူညီဖယ်ရှားပေးခဲ့ရ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်ရှိ အိမ်ဖြူတော်တွင် ဩဂုတ်လ (၇)ရက်က လုံခြုံရေး တပ်လှန့် သတိပေးမှုတစ်ခု ထွက်ပေါ်လာသည်။ သမ္မတ၏ လုံခြုံရေးကို တာဝန်ယူရသော အထူးအေးဂျင့်များသည် အိမ်ဖြူတော် ခြံစည်းရိုးက တစ်စုံတစ်ဦးက ကျော်တက်ရန် ကြိုးပမ်းနေကြောင်း သတင်းပေးပို့မှုကြောင့် အလျင်အမြန် သွားရောက် စစ်ဆေးခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့ သေနတ်ဖြင့် ချိန်ကာ ဖမ်းဆီးရန် ကြိုးပမ်းသူမှာ မျက်လုံးအဝိုင်းသားနှင့် ကလေးငယ် တစ်ဦးမျှသာ ဖြစ်နေသည်ကို စစ်ဆေး တွေ့ရှိခဲ့သည်။
ဩဂုတ်(၇)ရက် ညပိုင်းက လမ်းလျှောက်တတ်ကာစ အရွယ် ကလေးငယ် တစ်ဦးသည် စည်းရိုးသံတိုင်များ ကြားထဲတွင် ညပ်မိနေခဲ့ခြင်း ဖြစ်သည်။ အထူးအေးဂျင့်များသည် သေနတ်များကို ပြန်သိမ်းကာ ကလေးငယ်ကို ခြံစည်းရိုး သံတိုင်များကြားမှ ဖယ်ထုတ်ပေးနိုင်ရန် ကူညီပေးခဲ့ရသည်။ “အခုတော့ ကလေးကို မိဘတွေလက် ပြန်အပ်လိုက်ပါပြီ”ဟု အိမ်ဖြူတော်၏ လျှို့ဝှက် ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အက်ဒွင်ဒိုနိုဗန်က ဆိုသည်။ ၎င်းက ကလေး၏ မိဘများ မည်သူမည်ဝါ ဆိုသည်ကိုမူ ပြောကြားမသွားချေ။ ကလေးမှာ ယောက်ျားလေးဖြစ်ကြောင်း သိရသည်။
ဒိုနိုဗန်က လုံခြုံရေး အေးဂျင့်များသည် ကလေးကို စစ်ဆေးမေးမြန်းလိုသော်လည်း ၎င်းတို့၏ မေးခွန်းကို ကလေးနားလည်လာသည့် အချိန်ထိ မစောင့်နိုင်ကြောင်း ရယ်ရယ်မောမောနှင့် အရွှန်းဖောက် ပြောဆိုသွားခဲ့သည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ