Thursday, October 2, 2014

Facebook ပေါ်တွင်အားပေးထောက်ခံမှု ရရှိခဲ့သောဆရာအား ကမ္ဘာ့ဆရာများနေ့တွင် “လူမှုထူးချွန်ဆရာ” ဆုချီးမြှင့်မည်




 နေပြည်တော် အောက်တိုဘာ ၃

 ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာ အမှတ်(၅၉) အခြေခံပညာမူလတန်းကျောင်းတွင် (၂၀၀၆ မှ ၂၀၁၄)အထိ လက်ထောက်ကျောင်းအုပ်အဖြစ် ၈ နှစ်ခန့်အမှုထမ်းခဲ့ပြီး စေတနာ ၀ါသနာ အနစ်နာဖြင့် တပည့်များ၏ ပညာရေးကို အစဉ်တစိုက် စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ကာ ကျေးရွာ၏ သာရေး၊ နာရေး၊ လူမှုရေး ပရဟိတလုပ်ငန်းများကို တွဲဖက်လုပ်ဆောင်ခဲ့သော ဆရာ ဦးသန်းလှိုင်( B.A.,Geo;)သည် မြောင်မြို့နယ် အုန်နှဲဘုတ်ကျေးရွာသို့ ပြောင်းရွေ့မိန့်ကျရောက်လာချိန်တွင် တပည့်များသာမက ကျေးရွာသူ/ကျေးရွာသားများက နှမျောတသ၀မ်းနည်းပြီး ခွဲခွါရမည့်အချိန်တွင် ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ကြလေသည်။

၂၉.၉.၂၀၁၄ ရက်နေ့တွင် ကျင်းပသည့် ဆရာဦးသန်းလှိုင်၏ ရုဏ်ပြုနုတ်ဆက်ပွဲနေ့ မြင်ကွင်းကို ကိုအောင်ဇော်မြင့်က မှတ်တမ်းတင်ခဲ့ပြီး facebook တွင်တင်ထားခဲ့ရာ ဦးစောလှထွန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)က သူ၏ facebook အကောင့်တွင် ထပ်မံတင်ပြခဲ့ရာ မှူးဇော်က ထပ်မံ Share ခဲ့သဖြင့် နိုင်ငံအ၀ှမ်းရှိ facebook သုံးစွဲသူများ သိရှိက Comment ပေးခြင်း၊ like လုပ်ခြင်း၊ Share ခြင်းဖြင့် ချက်ခြင်းပင် ထင်ရှားကြော်ကြားသွားခဲ့သည်။


ဆရာဦးသန်းလှိုင်၏ ဆောင်ရွက်ချက်နှင့် ကြည်နူး ၀မ်းနည်းဖွယ်မြင်ကွင်းကို ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အဆင့်ဆင့်တို့က သိရှိသွားခဲ့ပြီး (၁) ဆရာတစ်ဦးက တပည့်များအပေါ်ထားရှိသောစေတနာ တပည့်များက ဆရာအပေါ်ထားရှိသော ကျေးဇူးတရားနှင့် သံယောဇဉ်တည်းဟူသော မြန်မာ့လူမှုအဖွဲ့အစည်း၏ ပြယုဂ်။ (၂) ကျေးရွာလူထု သက်ကြီး၊ သက်ငယ်ပါမကျန် ကျေးရွာဖွံ့ဖြိုးရေးနှင့် ပရဟိတလုပ်ငန်းများကြောင့် ခွဲခွါပြောင်းရွေ့သွားရသည့်အချိန်တွင် ဆရာ့အပေါ် နှမြောတသ ဖြစ်ကြရှာသည့် သံယောဇဉ်ကြိုးမျှင်ပြယုဂ်တို့ကို အသိမှတ်ပြုခဲ့ကြသည်။

ထို့ကြောင့် ၅.၁၀.၂၀၁၄ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကြီးကို နိုင်ငံတော်အဆင့် နေပြည်တော် MICC ခန်းမတွင် ခန်းနားထည်ဝါစွာ ကျင်းပမည့်အချိန်တွင် “လူမှုထူးချွန် ဆရာ“ အဖြစ် တစ်နိုင်ငံလုံးတွင် ၂ ဦးတည်းသာရွေးချယ်သော ဆုတွင် တစ်ဦးအပါအ၀င်အဖြစ်ရွေးချယ်ခံရသည်။ ယင်းဆုကို လက်ခံရယူရန် ၃.၁၀.၂၀၁၄ ရက်နေ့ နံနက် ၅း၃၀ အချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာသော ဆရာဦးသန်းလှိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်၊ ကိုအောင်ဇော်မြင့်နှင့်အဖွဲ့ကို ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း၊ အခြေခံပညာဦးစီးဌာန ရုံးချုပ်မှ ဆရာဦးဇော်ဝင်းတို့က ကြိုဆိုခဲ့ပြီး ခေတ္တတည်းခိုမည့် အားကစားကျေးရွာသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

( ယခု Post ကို မည်သည့်မီဒီယာမှမဆို တဆင့်ကူးယူ ဖေါ်ပြနိုင်ပါကြောင်းနှင့် နိုင်ငံတစ်ဝှမ်းမှ Facebook သုံးစွဲသူအပေါင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်.)
Oppositeyes

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ