Thursday, October 16, 2014

မှန်ကန်သော စိတ်စေတနာတူညီကြသည့် တပ်မတော်နှင့် မီဒီယာ အတူတကွပူးပေါင်းဆောင်ရွက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဌ နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ



နေပြည်တော်၊ အောက်တိုဘာ ၁၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယ ဥက္ကဌ ဦးခင်မောင်လေးနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံရာတွင် တပ်မတော်နှင့် သတင်းမီဒီယာများ အကြားသတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာစီးဆင်းမှုရှိရေး ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်ဖက် ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် နားလည်မှု၊ ယုံကြည်မှုတို့အား တည်ဆောက်ရန်၊ တပ်မတော်နှင့် မီဒီယာ အကြားအပြန်အလှန်အားကိုးအားထားပြုနိုင်သည်အထိ အားနည်းချက်၊ ချို့ယွင်းချက်များအား ပြုပြင် ဆောင်ရွက် သွားရန်တို့အား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ငြိမ်အေးချမ်း ရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အား တပ်မတော်၏ မှန်ကန်သည့် Intentionအဖြစ်ရပ်တည် လုပ်ဆောင်နေမှုအခြေအနေများ၊ လက်ရှိသွားနေသည့်ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရေး ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းပြည် ဖွံ့ဖြိုး တိုး တက်စေလိုသည့် မှန်ကန်သော စိတ်စေတနာတူညီကြသည့် တပ်မတော်နှင့် မီဒီယာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့အား အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော် တို့တက် ရောက်ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကော်စီ(ယာယီ)မှ ဒုတိယဥက္ကဌ ဦးခင်မောင်လေး နှင့်အတူ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊အဖွဲ့ဝင်များဖြစ်ကြသော ဦးသီဟစော၊ ဦးရဲမင်းဦး၊ ဦးကိုကိုနှင့် ဦးဇော်သက်ထွေး တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဌ ဦးခင်မောင်လေးတို့သည် အဖွဲ့ဝင်များနှင့်အတူစုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ