Tuesday, December 30, 2014

တေးနုယဉ်၏ နောက်ဆုံးခရီး ခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်များကို နာရေးပို့သူများမြင်တွေ့ခဲ့ရ

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်အတွင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တာဝန်ကျဝန်ထမ်းတစ်ဦးက သနပ်ခါးများ ထူပိန်းစွာလိမ်းပေးနေသည်။ သနပ်ခါးများ  ထူပိန်းနေသည့်ကြားကပင်  ညိုမည်းနေသော ဒဏ်ရာဒဏ်ချက်များကို မြင်တွေ့နေရဆဲဖြစ်သည်။
မျက်နှာပြင်တစ်ခုတည်းမက လက်၊ လည်ပင်း၊ ရင်ဘတ်နှင့်  ကျောဘက်များတွင်လည်း အညိုအမည်းဒဏ်ရာများစွာကို အထင်းသားမြင်တွေ့နေရသည်။
ထိုအမျိုးသမီးမှာ လွန်ခဲ့သည့်လေးရက်ခန့်က သရုပ်ဆောင်မင်းအုပ်စိုး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်(ခ) နုနုယဉ်ဖြစ်သည်။ ဒီဇင်ဘာ ၂၉ ရက်က မနုနုယဉ်၏ နာရေးကို  မိသားစုဝင်များက ရေဝေးသုသာန်၌ပြုလုပ်ခဲ့သည်။
‘‘မှုခင်းဆရာဝန်တွေရဲ့ပြော စကားအရ ရင်ဘတ်ကအရိုးတွေ အကုန်ကျိုးနေတယ်။ အသည်းတွေ၊ နှလုံးတွေ အကုန်ပွင့်ထွက်သွားတယ်။ အဆုတ်မှာ ညိုမည်း နေတယ်။ ခေါင်းရဲ့ဘယ်ဘက်တစ်ခြမ်းလုံးက ညိုမည်းနေတယ်။ ညာဘက်မျက်လုံးက ချိုင့်နေတယ်။ အဲဒါတွေကတော့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာ။ လက်သီးနဲ့ထိုးရုံနဲ့တော့ ဒီလိုကျိုးကြေသွားတာမဖြစ်နိုင်ဘူး’’ဟု မနုနုယဉ်၏ ဦးလေး ဦးအောင်ကျော်ထွားက ပြောသည်။
မနုနုယဉ်၏  နာရေးသို့လာရောက်ပြီး အလောင်းကို မျက်မြင် တွေ့ခဲ့သူများကလည်း ယင်းဒဏ်ရာများမှာ သာမန်ထိုးကြိတ်ဒဏ်ရာများ မဟုတ်နိုင်ကြောင်း အသီးသီးမှတ်ချက်ပြုနေကြသည်။
မနုနုယဉ်၏ နာရေးအတွက် မင်းအုပ်စိုး၏ မိသားစုဘက်မှ တာဝန်ယူမည်ဟု ပြောခဲ့သော်လည်း သေဆုံးသူမိသားစုဘက်က လက်မခံခဲ့ဘဲ မိသားစုဝင်များကသာ တာဝန်ယူကျင်းပခဲ့ကြောင်း ဦးအောင်ကျော်ထွားက ပြောသည်။
‘‘မင်းအုပ်စိုးရဲ့ မိသားစုဘက်ကနေ ပြီးခဲ့တဲ့သုံးရက်လောက်က အသုဘကိစ္စကို လုပ်ပေးမယ်လို့ပြောပေမယ့် လက်မခံခဲ့ပါဘူး။ မိသားစုဝင်တွေကိုယ်တိုင်လုပ်နိုင်တယ်ဆိုတာကိုလည်း သိစေချင်လို့ပါ။ ကိုယ့်ဇာတိမဟုတ်လို့ ခက်ခဲမှုတွေရှိပေမယ့် နုနုရဲ့ သူငယ်ချင်းတွေကလည်း ကူညီကြပါတယ်’’ဟု ၎င်းကပြောသည်။
မနုနုယဉ်၏ မိခင်ဖြစ်သူမှာ ကျန်းမာရေးအခြေအနေကြောင့်  သမီးဖြစ်သူ၏ နာရေးကို လိုက်ပါ ပို့ဆောင်နိုင်ခြင်းမရှိသော်လည်း မိသားစုဝင်များနှင့် ရင်းနှီးသူသုံးဆယ်ခန့် လိုက်ပါပို့ဆောင်ခဲ့ကြ သည်။
‘‘အဒေါ်က ကျန်းမာရေးမကောင်းတော့ ခေါ်လာရင် အဒေါ့်ကိုပါဆုံးရှုံးရမှာစိုးလို့ ခေါ်မလာတာပါ’’ဟု မနုနုယဉ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ပြီး အမှန်အတိုင်းဖြစ်စေရန်လည်း မိသားစုဘက်က တောင်းဆိုထားသည်။
‘‘အစ်မက သူ့သမီးလည်းမရှိတော့ဘူး။ ကျန်းမာရေးလည်း မကောင်းဘူးဆိုတော့ နယ်ကို ပြန်ခေါ်သွားတော့မယ်။ အမှုအတွက်  အတတ်နိုင်ဆုံး အမှန်အတိုင်းဖြစ်အောင်လုပ်သွားမယ်’’ဟု ဦးအောင်ကျော်ထွားက ပြောသည်။
ရေဝေးသုသာန်တွင် မနုနုယဉ်၏ ရုပ်အလောင်းကို လာရောက်ကြည့်ရှုသူများပြားခဲ့ပြီး အများစုက သေဆုံးသူကို သရုပ်ဆောင်မင်းအုပ်စိုး၏ ညီမ၀မ်းကွဲ ထင်မှတ်သူများလည်းရှိခဲ့သည်။
ဒီဇင်ဘာ ၂၆ရက်တွင် သက်ဆိုင်ရာက မင်းအုပ်စိုးနှင့် မနုနုယဉ်တို့မှာ သွေးသားမတော်စပ်ကြောင်း အတည်ပြုပေးခဲ့ပြီး မိသားစုဝင်များကလည်း ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူနှင့်မင်းအုပ်စိုး သွေးသားတော်စပ်မှုမရှိ ကြောင်း ရှင်းလင်းခဲ့သည်။
သေဆုံးသူ၏ မိသားစုဝင်များကလည်း ထွက်ပေါ်နေသော သတင်းများမှာ သေဆုံးသူ၏ ဂုဏ်သိက္ခာနှင့် မိသားစုအပေါ် အထင်အမြင်လွဲမှားမှုများဖြစ်စေနိုင်သဖြင့် အမှန်တရားပေါ်ပေါက်စေလိုကြောင်း ပြောကြားထားသည်။
မနုနုယဉ်၏ နာရေးကို မင်းအုပ်စိုး၏ မိသားစုဘက်မှ လာရောက်ခဲ့ခြင်းမရှိသော်လည်း မင်းအုပ်စိုးရုံးထုတ်ရမန်ယူခဲ့စဉ် မင်းအုပ်စိုးကို ဗဟန်းမြို့နယ်တရားရုံးသို့ ပို့ပေးခဲ့သည့် လန့်ခရူဇာအဖြူ ရောင်ကားကိုတွေ့ရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး မီးသင်္ဂြိုဟ်ခါနီး ညနေ ၃နာရီတွင် ရောက်ရှိလာသည်။
‘‘အစ်မက ကိုမင်းအုပ်စိုးရဲ့ မိသားစုဝင်တော့မဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးနဲ့ ရင်းနှီးတဲ့သူပါ။ ဒီကိစ္စကို မျက်မြင်တွေ့တဲ့သူတစ်ယောက်မဟုတ်တော့ ဘာမှတော့မပြောချင်ပါဘူး။ ခုလည်း ယောနုကို အရမ်းခင်လို့လာခဲ့တာပါ။ ဒီနေ့သင်္ဂြိုဟ်မှာကို ကိုမင်းအုပ်စိုးဘက်က မိသားစုတွေမသိလောက်ဘူး။ အစ်မတောင် စုံစမ်းပြီး သိလို့လာခဲ့တာ’’ဟု ကားနှင့် လိုက်ပါလာသည့်အမျိုးသမီးက ပြောသည်။
‘‘အရင်ရုပ်ကိုတောင် ဖမ်းလို့ မရတော့ဘူး’’ဟု အညိုအမည်းဒဏ်ရာများ မပေါ်စေရန် သနပ်ခါးလိမ်းပေးထားသည့် မနုနုယဉ်၏ မျက်နှာကိုကြည့်၍ နာရေးသို့ လိုက်ပါပို့ဆောင်ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။
‘‘စခန်းမှူးကြီးကတော့ အမှုကို အမှန်ကန်ဆုံးဖြစ်အောင် ကူညီပေးမယ်လို့ပြောသွားပါတယ်။ အမှုနဲ့ပတ်သက်ပြီး တခြား အကြောင်းအရာတော့ မပြောသွားဘူး။ သူတို့ဘက်က လာပြီး အကြောင်းကြားတဲ့ကိစ္စတွေကိုတော့ ကျွန်တော့်အစ်မ(မနုနုယဉ်၏ မိခင်)ကိုမေးသွားတယ်’’ဟု ဦးအောင်ကျော်ထွားကပြောသည်။
မနုနုယဉ်သည် ဒီဇင်ဘာ ၂၅ရက် နံနက် ၂နာရီခွဲက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်းအုပ်စိုး၏နေအိမ်၌ အသတ်ခံရ၍သေဆုံးသွားပြီး မင်းအုပ်စိုးကို လူသတ်မှုပုဒ်မ ၃၀၂ဖြင့် ဗဟန်း မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။
မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၆ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး ၌ ရုံးထုတ်ရမန်ယူခဲ့ပြီး ၂၀၁၅ ဇန်န၀ါရီ ၈ရက်တွင် ရဲစစ်ချက်များ ပြီးပါက ထိုနေ့မှာပင် ရုံးထုတ်၍ တရားစွဲဆိုသွားမည်ဖြစ်သည်။
7 Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ