“စည်းကမ်းသည် လူ၏တန်ဖိုး ” ဆိုသည့်
အသိအမြင်ခံစားချက်ကို လူသားတို့ ကျောက်ခေတ်ကိုကျော်လွန်ပြီး ယဉ်ကျေးမှုကို စောင့်သိလာသည့်အချိန်မှစတင်၍
လက်ခံယုံကြည်လာကြသည်။
စည်းကမ်းကိုချုပ်ချယ်သည်။ ထိန်းကွပ်သည်ဟူ၍ယူဆလာရမှတစ်ဆင့်မြှင့်
ဗိုလ်ကျစိုးမိုးသည်၊ အနိုင်ကျင့်သည် အထိ ထင်မြင်လာကြသည်။
စည်းကမ်းဆိုသည်မှာ လူသားအားလုံးထိန်းသိမ်းကြရမည့်
မွေးရာပါတာဝန်၊ အနိမ့်ဆုံးတမ်းရွက်ရမည့် တာဝန်တစ်ခု အနေအဖြင့်သာ သိသင့်ပါသည်။ လူ၏တန်ဖိုးပိုင်းဖြတ်မှု
“ စံ” တွင် စည်းကမ်းလိုက်နာမှုအတိမ်အနက်ဖြင့်သာ စံထိုးသင့်၊ ပေတိုင်းသင့်ပါသည်။
“အိမ်မှာနေစဉ် အိမ်စည်းကမ်း၊ ကျောင်းမှနေစဉ် ကျောင်းစည်းကမ်း၊
လမ်းပေါ်ရောက်လျှင် လမ်းစည်းကမ်း၊ ရုံးဌာန ရောက်လျှင် ရုံးတွင်းစည်းကမ်း” နေရာတိုင်းမှာထားရှိနေသော
စည်းကမ်းများကို လိုက်နာကျင့်ကြံကြပါက အန္တရယ် ကင်းပမည်။ မထီမမဲ့ပြုခြင်း၊ ချိုးဖောက်ခြင်းပြုလာက
ပြုမှုသူ၏အတိုင်းအတာအလိုက် တုံ့ပြန်ပေးဆပ်ကြရပေမည်။
စည်းကမ်းလိုက်နာမှုကို တဒင်္ဂ၊ တစ်ခဏ၊
တစ်ရက်၊ တစ်လ၊ တစ်နှစ်တာအချိန်တိုအတွင်း လိုက်နာဆောင်ရွက်ခြင်း မဟုတ်ဘဲ ထာဝရသေတစ်ပန်သက်ဆုံး
လိုက်နာကျင့်ကြံအပ်သော စည်းကမ်းဖြစ်သည်။
သမိုင်းဦးဘုံမြေခေတ်မှသည် ယနေ့တိုင်ယဉ်ကျေးမှုအသိုင်းအဝိုင်း၌
လူသားတိုင်းကလိုက်နာကျင့်ကြံခဲ့သော “စည်းကမ်း” သည်သာဖြစ်သည်။ ကမ္ဘာဝယ် စင်ကာပူသည် စည်းကမ်းထိန်းသိမ်းမှု၌စံအဖြစ်ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ခဲ့သည်။
လူ့တန်ဖိုးကို စည်းကမ်းလိုက်နာမှုစံအဖြင့် ထိန်းကျောင်းပေးနိုင်ခဲ့သည်။
စည်းကမ်းသည် လူသားတို့လိုက်နာရန်သတ်မှတ်ထားအချက်ဖြစ်သည်။
လူတစ်ဦးချင်း၏ ကြီးပွားရေး၊ နိုင်ငံနှင့်လူမျိုး တိုးတက်ရေး၊ လူ၏တန်ဖိုးကို အဆုံးအဖြတ်ပေးသည်။
“စည်း” ဟူသော ဝေါဟာရသည် စည်းစည်းလုံးလုံး၊
ညီညီညွတ်ညွတ်၊ သင့်တင့်မျှတအောင်ကာရံဘောင်ခတ်ထား ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
“ကမ်း” ဟူသောဝေါဟာရသည် ကမ်းစပ်၊ ကမ်းရိုးတန်း၊ ဘောင်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆို ထားသည်။
“စည်း” သည်နယ်မြေကို သတ်မှတ်ချက်ဖြစ်သည်။
ရွာတွင်စည်းထားရှိသည်။ လုပ်ငန်းခွင်တွင် စည်းတားထားသည်။
“ကမ်း”သည်ချောင်း၊ မြောင်းတို့၏ နယ်မြေကိုသတ်မှတ်သည်။
ကမ်းမရှိသော ချောင်း၊ မြောင်း၊ မြစ်တို့မှရေသည် နိမ့်ရာသို့ ဥဒဟိုစီးဆင်းနိုင်စွမ်းသည်။
ရွာနယ်နိမိတ်သည် “ စည်း” ၊ ချောင်းမြောင်းမြစ်တို့၏နယ်မြေသတ်မှတ်ချက်သည်
“ကမ်း” ဖြစ်သည်။ လူသားတို့၏ယဉ်ကျေးမှုနယ်ပယ်တွင် တိုင်းထွာသတ်မှတ်ချက်သည် “ စည်းကမ်း”
ပင်ဖြစ်သည်။
“ စည်းကမ်းသည် လွတ်လပ်မှုနှင့်မျှတမှုတို့ပေါင်းစပ်ထားခြင်းဖြစ်သည်”ဟူ၍
စာဆိုဆရာတက်တိုးက အနက်ဖွင့်ဆို ခဲ့သည်။ လွတ်လပ်မှု၌ နယ်နိမိတ်ရှိသည်။ သတ်မှတ်နယ်နိမိတ်ကို
ကျူးကျော်လျှင် ဒဏ်ခတ်ခြင်းခံရမည်။
ပျော်ရွှင်ခြင်းနယ်နိမိတ်ကို ကျော်လွန်၍
စည်းကျော်သွားပါက အပျက်သဘောသို့ဦးတည်သွားသည်။ တန်ဆေး လွန်ဘေးဟူ၍ ဆိုရိုးစကားထားရှိခဲ့ပြီးဖြစ်သည်။
သူတစ်ပါး၏ လွတ်လပ်မှုကိုထိပါးလာပါက၊ လွန်ကျူးလာပါက ရမ်းကား ဆိုးသွမ်းခြင်းအသွင်ဆောင်သွားသည်။
လူ့ဘဝ၊ လူ့ခန္ဓာကိုယ်ဝယ် စည်းကမ်းမရှိခဲ့လျှင် လွတ်လပ်မှု၊ လွတ်လပ်ခွင့်မရှိ၊ မျှတမှု
ကင်းလျှင် လူဖြစ်ရှုံးရပေမည်။
စည်းကမ်းက လူ့ဘဝ၊ လူသားအားလုံးကို တိုးတက်မှု၏
“သော့ချက်” ဖြစ်သည်။ သက်ရှိသတ္တဝါများတွင် လူနှင့်တိရစ္ဆာန်တို့ဘဝအနေအထားနှစ်ခုပိုင်းခြားထားသောစည်းတံတား၊
တံတိုင်း၊ပိုင်းခြားမှုနယ်နိမိတ်ပင်ဖြစ်သည်။
လူ့ဘောင်အလွှာအသီးသီးတွင် ဘောင်ချင်းတူသော်လည်း
မြင်းမိုရ်တောင် နှင့်ခြတောင်ပို့သည်ကွာခြားသည်။ ရေချင်းတူသော်လည်း သမုဒ္ဒရာနှင့်လက်ယက်တွင်းသည်
ကွာခြားသည်။ အလင်းရောင်ချင်းတူသော်လည်း လမင်းနှင့် ပိုးစုန်းကြူးသည် ကွာခြားသည်။ လူချင်းတူသော်လည်း
စည်းကမ်းလိုက်နာသူနှင့်စည်းကမ်းမဲ့သူကွာခြားသည်။
စည်းကမ်းသည် “ အိမ်” ပမာ နွေးထွေးရမည်။
စည်းကမ်းသည် ထောင်ပမာကျဉ်းကျပ်၍မဖြစ်ပါ။ စည်းကမ်းက “ချုပ်ချယ်မှု” နှင့်“ထိန်းသိမ်မှု”
နှစ်ခုကို တိုင်းဆပေသည်။ “မလျော့မတင်း စောင်းကြိုးညှင်း” ဟု ခိုင်းနှိုင်းစကားက စည်းကမ်း၏အနေအထား၊
အတင်းအလျော့ကိုပြဆိုသော ပြယုဂ်ဖြစ်သည်။
စည်းကမ်းနှင့်စပ်လျဉ်း၍ မြန်မာစာဆို အချုပ်တန်းဆရာဖေက
“မြန်မာတွေစည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ် ပြီ၊ မှီငြမ်းထောင်အသစ်မှီသည်၊ ညစ်ပလီလူမျိုး၊
မိပစ်လို့ဖရှောင်သွေသည်၊ ခွကောင်တွေခွေးဖြစ်ပေါ့ဗျို့” ဟူ၍ နာကြည်းစွာ ရေးစပ်ခဲ့သည်။
နယ်ချဲ့ဗြိတိသျှသံဖနောင့်အောက်နှင့်ဖက်ဆစ်ဂျပန်တို့၏ ဓားအောက်ကျရောက်စဉ်က မြန်မာတို့ကို
အမျိုးဂုဏ်၊ ဇာတိမာန်နိုးထအောင် လေသက်ပေးခဲ့သော တေးထပ်ဖြစ်ခဲ့သည်။ စည်းကမ်း၏တန်ဖိုးကို
မီးမောင်းထိုးပြ ထားသော စာတစ်ပုဒ်အနေဖြင့် မြန်မာစာပေလောကဝယ် နေရာယူနိုင်ခဲ့သည်။ စည်းကမ်းသည်
လူတို့၏အသက်၊ လူမျိုးတို့၏တန်ဖိုး၊ တိုင်းပြည်၏ ဂုဏ်သိက္ခာအဖြစ်ဖြင့် သိစေ၊ မြင်စေသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း တေသံရှင်အဆိုကျော်မေလှမြိုင်က
-
“စည်းကမ်းဆိုတဲ့သည်စကား ကြားရသူတိုင်းမှာ၊
အတွေးဂယက်မှာ၊ အလေးအနက်သာ၊ ထားသင်ကြတာ၊ စာလုံးလေးတွေ အက္ခရာတစ်လုံးတည်းသာအဖြေရှာ၊ တွေးကြည့်ပါမှသာ
တန်ဖိုးအနဂ္ဃထိုက်တန်ပါပေတာ” ဟူသော နားဝင်ပီယံမြောက်ပြီး မှတ်သားဖွယ်စာသားလှလှကလေးများက
အနာဂတ်ခေတ်ကာလဝယ် လူငယ်မျိုးဆက်သစ်များကို မီးမောင်းထိုးလက်တွဲခေါ်နေမည်သာဖြစ်သည်။
“ အကွပ်မရှိသောကြမ်း ပရမ်းပတာ” မဖြစ်ရလေအောင်
ထိန်းကျောင်းပဲ့ပြင်ပေးရမှာက မိဘအုပ်ထိန်းသူနှင့်ဆရာ များ၏ အဓိကတာဝန်ဖြစ်သည်။
မြန်မာစာပေတွင် မြန်မာအဘိဓာန်ကျမ်း၌ ”စည်းကမ်းကို
လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်” စည်းဟူသည် ပိုင်းခြား သတ်မှတ်ထားသော ခြံဝင်း၊ အကာအရံ၊
ကမ်းဟူသည် ပင်လယ်၊ မြစ်၊ ချောင်း၊ တောင်တို့၏နံပါးအရပ်” ဟူ၍ ဖွင့်ဆိုထားပေ သည်။
မြန်ဂုဏ်ဆောင်
No comments:
Post a Comment