Tuesday, December 23, 2014

ပဲခူးခရိုင်အတွင်းရှိ သစ်တောမြေ၊ စားကျက်မြေများကို တရားဝင်လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်ပုံစံ (၇) ရရှိရန်တင်ပြ

ပဲခူး ဒီဇင်ဘာ ၂၂
          ပဲခူးခရိုင်အတွင်းရှိ သစ်တောမြေ၊ စားကျက်မြေများကို တရားဝင်လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်ပုံစံ (၇) ရရှိရန် ဆောင်ရွက်ပေးပါဟု ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဧကရာဇ်ကျေးရွာမှ တောင်သူလယ်သမားကိုယ်စားလှယ် ဒေါ်သဲဝါက ယနေ့ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုဆွေးနွေးပွဲတွင် တင်ပြတောင်းဆိုခဲ့သည်။
          ပဲခူးခရိုင်အတွင်းရှိ သစ်တောမြေများ၊ စားကျက်မြေများပေါ်တွင် နှစ်ပေါင်းများစွာ လယ်ယာမြေများအဖြစ် စိုက်ပျိုးလုပ်ကိုင်လာခဲ့ခြင်းကြောင့် ယင်းလယ်ယာမြေများကို တရားဝင်ပုံစံ(၇)လက်မှတ်ထုတ်ပေးစေလိုကြောင်း၊ လက်ရှိတွင်လယ်ယာမြေများကို တရားဝင်ပိုင်ခွင့်ပုံစံ(၇)ထုတ်ပေးရာတွင် သစ်တောနှင့်စားကျက်မြေများမပါရှိခြင်းကြောင့် ပုံစံ(၇)မရရှိသည့်အတွက် ထုတ်ပေးပါရန် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
          ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပဲခူးတိုင်းဒေသကြီးထဲမှာ ကွင်းပေါင်း ၂၆၄ ကွင်း၊စားကျက်ပေါင်း ၂၄၄ ကွင်းကို တောင်သူဦးရေ ၂၀၅၇ ဦးက လယ်ဧက ၃၂၂၂၃ ဧကပေါ်မှာ လယ်ယာမြေ ၂၉၁၃၁ ဧကကို စပါးစိုက်ပျိုးခဲ့ပါတယ်။ ထို့ပြင်ကျေးရွာမြေများ ၁၅၆၃ ဧကတွင်လည်း အခြေချနေထိုင်လျှက်ရှိပါတယ်။ ဒါ့ပြင် သာသနာ့မြေ ၊သုဿန်မြေအဖြစ် ၆၈ ဧက၊ စာသင်ကျောင်းများအဖြစ် ကိုးဧက၊ လယ်မြေများအဖြစ် ၁၃၆ ဧကကို အသုံးပြုလျှက်ရှိနေပါတယ်။ သစ်တောမြေများပေါ်တွင် စိုက်ပျိုးသည့် တောင်သူများအနေဖြင့် သစ်တောဝန်ကြီးဌာနမှ စွန့်လွတ်ခွင့် လျှောက်ထားပြီး ဌာနမှ စွန့်လွတ်မှသာ မြေလွတ်မြေရိုင်းဖြစ်ပြီး ယင်းမြေပေါ်တွင် မိမိတို့အသုံးပြုတဲ့ မြေအမျိုးစား အလိုက် တင်လျှောက်ရမှာဖြစ်တယ် ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။

          ထို့ပြင် စားကျက်မြေများတွင်လည်း စားကျက်မြေအဖြစ်မှ ပယ်ဖျက်လျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စံမံခန့်ခွဲရေး ပုဒ်မ ၂ (စ) အရ မြေလွတ်၊ မြေရိုင်းစာရင်းသို့ ပြောင်းလဲမှသာ လယ်ယာလုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ရရှိ လျှောက်ထားရမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
ပြည်ထောင်စုနေ့စဉ်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ