အမေရိကန် နိုင်ငံတွင် (၂)နှစ်သား ကလေးငယ် တစ်ဦးက မတော်တဆ ပစ်ခတ်မိမှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၃၀ က အီဒါဟိုရှိ Walmart စတိုးဆိုင် တစ်ခုတွင် အသက်(၂)နှစ်သာ ရှိသေးသည့် ယောက်ျားလေး တစ်ဦးက ပစ္စတို သေနတ်တစ်လက်ကို ကိုင်တွယ်ပစ်ခတ်ကြည့်ရာမှ မိခင်ဖြစ်သူကို မတော်တဆထိမှန်ခဲ့ခြင်း ဖြစ်သည်။
ဟေဒန်ရှိ စတိုင်းဆိုင်တွင် အမျိုးသမီးသည် သူမ၏ ကလေးများအပြင် အခြားသော မိသားစုဝင်များနှင့်အတူ ဈေးဝယ်နေခြင်း ဖြစ်သည်။ သူမသည် မိမိကိုယ်ကိုယ် ကာကွယ်မှုအဖြစ် ပိုက်ဆံအိတ်ထဲတွင် ပစ္စတို သေနတ်တစ်လက်ကို ထည့်ယူလာခဲ့သည်။
ထို့နောက် ကလေးငယ်ကို ဈေးဝယ်ခြင်း တွန်းလှည်းထဲ ထည့်၍ ခေါ်ယူလာရာ ၎င်းက ပိုက်ဆံအိတ်ထဲမှ သေနတ်ကို တွေ့ရှိမိပြီး ခလုတ်ညှစ်မိရာမှ မိခင်ဖြစ်သူ ထိမှန်သေဆုံးသွားခြင်း ဖြစ်သည်။ “အခင်းဖြစ်ရာ နေရာမှာတော့ အသက်(၂၉)နှစ်အရွယ် အမျိုးသမီးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေခဲ့ပါတယ်”ဟု ဒေသဆိုင်ရာ ရဲအရာရှိ ဘန်ဝူလ်ဖင်းဂါးက ပြောကြားခဲ့သည်။
သေဆုံးသူ အမျိုးသမီးမှာ ဗာရိုနီကာ ရုတဲလ်လက်ဂ်ျ ဆိုသူဖြစ်ပြီး သူမသည် လိုင်စင်ဖြင့် သေနတ်ကိုင်ခွင့် ရရှိထားသူဖြစ်ကြောင်းလည်း သိရသည်။ “အရမ်းဝမ်းနည်းစရာ ကိစ္စတစ်ခု ကျွန်တော်တို့ရဲ့ စတိုးဆိုင်မှာ ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသမီး ဖောက်သည်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် သက်ဆိုင်ရာနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက် ကူညီသွားပါမယ်”ဟု Walmart က ကြေညာသည်။
သတင်းဌာန တစ်ခုက ရုတဲလ်လက်ဂ်ျသည် စတိုးဆိုင်သို့ အခြားကလေးသုံးဦးကိုလည်း ခေါ်ယူလာသည်ဟု ဖော်ပြခဲ့သော်လည်း ရဲတပ်ဖွဲ့က အတည်မပြုခဲ့ချေ။ အဆိုပါ စတိုးဆိုင်ကို ဒီဇင်ဘာ ၃၁ ရက်တွင် ပိတ်ထားကြောင်းလည်း သိရသည်။
-Ref: Channelnewsasia
No comments:
Post a Comment