Tuesday, January 21, 2014

ယုန်နှင့်လိပ်တို့အပြေးပြိုင်

ယုန်နှင့်လိပ်တို့အပြေးပြိုင်

 ပုံပြင်အမှတ်(၁)

ယုန်နှင့်လိပ်တို့အပြေးပြိုင်ကြသည်။
ယုန်သည် မိမိ၏လျင်မြန်သွက်လက်မှုကို အထင်ကြီးကာ ပြေးလမ်းတစ်ဝက်အရောက်တွင် တစ်ရေးအိပ် လိုက်သည်။
လိပ်သည် မိမိ၏အသွားနှုန်းနှေးကွေးသည်ကို အားမငယ်ဘဲ မလျော့သောဇွဲလုံလနှင့် ပန်းတိုင်အရောက် မနားတမ်း ပြေးလှမ်းခဲ့သည်။
တစ်ရေးအိပ်နေသော ယုန်သည် နိုးလာ ၍ ဖုတ်ဖက်ခါကာ ပြေးလာသော်ငြားလည်း ပန်းတိုင်အရောက်နေ ကျ ခဲ့လေသည်။
ထိုပွဲတွင် လိပ်ကနိုင်ခဲ့သည်။

ပုံပြင်အမှတ်(၂)

ယုန်နှင့်လိပ်တို့အပြေးပြိုင်ကြပြန်သည်။
ယုန်သည် မိမိ၏လျင်မြန်သွက်လက်မှုကို အားကုန်အသုံးပြုကာ ပန်းတိုင်အရောက်ပြေးခဲ့သည်။
လိပ်သည် မိမိ၏ပုံမှန်အသွားနှုန်းဖြင့်သာ နှေးကွေးစွာဖြင့် ပန်းတိုင်သို့ရောက်လာခဲ့သည်။
ထိုပွဲတွင် ယုန်ကနိုင်ခဲ့သည်။

ပုံပြင်အမှတ်(၃)

ယုန်နှင့်လိပ်တို့အပြေးပြိုင်ကြပြန်ပြီ။
သည်ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်သော ပြေးလမ်းကို ရွေးချယ်ပါရစေဟု လိပ်ကတောင်းဆို၏။ လိပ်၏အစွမ်းအစကို အထင်သေးသော ယုန်ကခွင့်ပြုလိုက်၏။
ပြိုင်ပွဲကားစလေပြီ။ တာအထွက်တွင်ယုန်ကဦးဆောင်ခဲ့၏။ မနားတမ်းပြေးလာသော ယုန်သည် အဟန့် အတားတစ်ခုကြောင့် ရပ်လိုက်ရ၏။ ပြေးလမ်း၏ ရှေ့တွင်ချောင်းပြင်ကျယ်ကြီးက ကာဆီးနေ၏။ ယုန်ကားရေမကူးတတ်ပေ။ ချောင်းရိုးတွင် မှိုင်ကာထိုင်နေရ၏။ မကြာမီ လိပ်ရောက်လာသည်။
ရေကူးတတ်သောလိပ်က ချောင်းကို ကျင်လည်စွာဖြတ်၍ ကူးသွားနိုင်ခဲ့သည်။
ထိုပွဲတွင် လိပ်ကနိုင်သည်။

ပုံပြင်အမှတ်(၄)

ယုန်နှင့်လိပ်တို့ အပြေးပြိုင်ပွဲပင်။
ပြေးလမ်းမှာ လိပ်ရွေးချယ်ခဲ့သည့်ချောင်းကန့်လန့်ခံနေသောပြေးလမ်းပင်ဖြစ်သည်။
ပြိုင်ပွဲကား စလေပြီ။
ယုန်သည် တစ်ရွေ့ရွေ့သွားနေသော လိပ်ကို မိမိ၏ကျောပေါ်တွင် တင်ကာပြေးခဲ့သည်။
ချောင်းဆီသို့ရောက်လာသည်။ သည်အခါတွင် လိပ်၏အလှည့်ဖြစ်သည်။ လိပ်သည် ယုန်ကိုမိမိကျောပေါ် တွင် တင်ကာ ချောင်းကိုဖြတ်ကူးခဲ့သည်။
အဆုံးတွင်နှစ်ဦးစလုံးပန်းတိုင်သို့ရောက်ခဲ့ကြသည်။

ဥပဒေသ


ပုံပြင်(၁)သည် ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ

ပုံပြင် (၂)သည် ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲ

ပုံပြင်(၃)သည် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ

ပုံပြင်(၄)သည် ၂၀၁၅အထွေထွေရွေးကောက်ပွဲကိုညွှန်းသည်ဟု ဆိုပါမူ…သင်မည်သို့သဘောရပါသနည်း ။

                                                                                             ဘကြီးဖြိုး

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ