ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍....
၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးသည်မှ ယနေ့အထိ မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကံကြမ္မာကို အဓိကထားဖန်တီး ဖော်ဆောင်နိုင်သော အချုပ်အခြာအာဏာဆိုင်ရာ ပဋိဥာဉ်စာချုပ်ဟုခေါ်ဆို အပ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို(၃)ကြိမ်၊ (၃)ခါ ပြောင်းလဲကျင့်သုံးခဲ့ပြီးဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓလေ့ထုံးတမ်းဥပဒေများ၊ပြဌာန်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ ဥပဒေသဘော သက်ရောက်သည့် ကွန်ဗင်းရှင်းအမျိုးမျိုးရှိရာ ယင်းဥပဒေများအနက် နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်မှုကို မဏ္ဍိုင်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတော်အတွက် အခြေခံအကျဆုံး ဥပဒေဖြစ်ပါသည်။ အခြေခံ ဥပဒေသည် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး၊ နိုင်ငံရေးအဖွဲ့အစည်း များ လူထုလူတန်းစား အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့် နိုင်ငံသားအားလုံးနှင့် ခြုံငုံ သက်ဆိုင်လျက်ရှိသော ပဋိဥာဉ်စာချုပ်လည်းဖြစ်ပါသည်။
၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲပြဌာန်းခဲ့ပြီး ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီပေါ်ပေါက်လာသည်အထိ ကျင့်သုံးခဲ့ပါသည်။ ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုအောင်မြင်စွာရေးဆွဲပြဌာန်းနိုင်ခဲ့သည့် အဓိကအချက်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်နိုင်ပြီး လွတ်လပ်ရေးအမြန်ရရှိရန်ဆိုသည့် မျှော်မှန်းချက်ဖြင့် မှန်ကန် စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကာ ထိုအခြေခံဥပဒေသည် ကိုလိုနီစနစ်ကို နိဂုံးချုပ်စေပြီး မြန်မာနိုင်ငံ ကို လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ၀ံ့ထယ်စေခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီစုံပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်နိုင်ခဲ့သဖြင့် မြန် မာနိုင်ငံနှင့် နိုင်ငံသားများသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ပထမဆုံးအကြိမ်ထိတွေ့ခွင့်ရရှိခဲ့ပါသည်။
၁၉၇၄ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ပါတီစနစ်ကျင့်သုံးမှုနှင့်အတူ ဆိုရှယ်လစ်စနစ်ထူထောင်နိုင် ရန် ပြည်သူ့ ဆန္ဒသဘောထားကို အကြိမ်ကြိမ်ရယူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြ ဌာန်းခဲ့ပါသည်။ ယင်းအခြေခံဥပဒေသည် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ချုပ်ငြိမ်းစေလျက် ဆိုရှယ်လစ်ဒီမိုကရေစီ လမ်းကြောင်းသစ်ကို ဖော်ညွှန်းနိုင်သည့် နိုင်ငံတော်၏ ဒုတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပါသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင်စွာ ရေးဆွဲပြဌာန်းနိုင်ခြင်းမှာ လည်း နိုင်ငံတော်၏ အတိတ်သမိုင်းသင်ခန်းစာများကိုရယူပြီး ထိုခေတ်ထိုကာလအခြေအနေအရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရနိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် စုစည်းကာ ဆိုရှယ်လစ် ပန်းတိုင် ကို နိုင်ငံတော်ရည်မှန်းချက်အဖြစ် ပီပြင်စွာ ချမှတ်နိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ တတိယအကြိမ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ် ကာ ယင်းဥပဒေကို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ထူထောင်နိုင်ရန် လူထုလူတန်းစား အလွှာအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားညီလာခံက ချမှတ်ပေးသည့် အခြေခံမူများနှင့် အညီ ရေးဆွဲခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဌာန်းခဲ့ပါသည်။ အမျိုးသား စည်းလုံးညီညွတ်မှု ကို အခြေပြုကာ ဒီမိုကရေစီခေတ်သစ်တစ်ခုသို့ ကူးပြောင်းနိုင်ရေးဟူသည့် ဦးတည်ချက်ဖြင့် ၂၀၀၈ခုနှစ် အခြေခံ ဥပဒေအရ ဒီမိုကရေစီအခြေခံ အဆောက်အဦများကို အောင်မြင်စွာထူထောင်နိုင်ပြီး တရား မျှတခြင်း လွတ်လပ်ခြင်းနှင့် ညီမျှခြင်းစသည့် သဘောတရားများ လက်တွေ့ပွင့်လင်း စွာ ဖော်ဆောင် နိုင်အောင် ကြိုးပမ်းလျက်ရှိပါသည်။ယခုအခါ ဒီမိုကရေစီစနစ်ပြောင်းကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိ ရာ လွှတ်တော်သက်တမ်း၏ ထက်ဝက်ကျော် ကာလကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါသည်။ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာညှိနှိုင်း ပူးပေါင်းဖြေ ရှင်းရမည်ဆိုသည့် နိုင်ငံရေးအယူအဆတစ်ခုသို့ ကူးပြောင်းလျက်ရှိပါသည်။ ဒီမိုကရေစီနှင့် စပ်လျဉ်းသည့် အကောင်းအဆိုး သင်ခန်းစာများကိုလည်း အထိုက်အလျောက် ရရှိနေကြပြီ ဟု ဆိုရမှာဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးအကောင် အထည် ဖော်ရာတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများနှင့်လျော်ညီစွာ နိုင်ငံတော်တည်တံ့ခိုင်မြဲ မှု တည်ငြိမ်အေးချမ်းမှု အမျိုးသားစည်းလုံးညီညွတ်မှု ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေ စီ ပြုပြင် ပြောင်လဲမှုစသည့်လုပ်ငန်းများကို ပိုမိုထိရောက်စွာ အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက် နိုင်ရေးအတွက် လိုအပ်သောအကြံဥာဏ်များပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ (၂၅.၇.၂၀၁၃)ရက် စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၁/၂၀၁၃)အရ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ် စားပြုကိုယ်စားလှယ်များက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်လျက်ခေတ်အခြေ အနေနှင့် ကိုက်ညီမည့် နည်းလမ်းများကို စဉ်းစားကာ ပြင်ဆင်သင့်သည်များ၊ ပြုပြင်သင့်သည်များ ကို စဉ်းစားဆောင်ရွက်လျက်ရှိပါသည်။လက်ရှိဖွဲ့စည်းပုံ ဥပေဒေကို ဖျက်သိမ်းကာ အသစ်ရေးဆွဲ မည်ဆိုပါက တိုင်းပြည်၏ လက်ရှိ အခြေအနေနှင့် အချိန်အခါအရ သင့်မြတ်မှုမရှိသည့်အပြင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပါတီစုံ ဒီမိုကရေစီ စနစ်ဖော်ဆောင်လျက်ရှိသည့် လက်ရှိဆောင်ရွက်ထားမှု အားလုံးကို လုံးဝပစ်ပယ်ရာ လျစ်လျူရှုရာ ရောက်ပါလိမ့်မည်။ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု စည်းလုံးညီညွတ်မှုနှင့် အနာဂတ်ကို ထိခိုက်စေသော အန္တရာယ်ကြီးမားသည့် အစွန်းတရားမျိုးဖြစ်ပါသည်။ ထို့အတူ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို ခေတ်နှင့်အညီ ပြင်ဆင်ဖြည့်စွက်မှု လုံးဝမလက်မခံဘဲ လက်ရှိအတိုင်း ကျင့်သုံးရန် ဆိုသည့် အယူအဆသည်လည်း ပြောင်းလဲလျက်ရှိသော ခေတ်စနစ် အခြေအနေကို မျက်ကွယ်ပြုရာ ရောက်ရှိသည့် အစွန်းတရား တစ်မျိုးဖြစ်ပါသည်။လူ့အရေးကိစ္စ အားလုံးသည် မည်သည့် အချိန်အခါမျှ ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ ခတ်စနစ်များသည် လည်းကောင်း၊ ခေတ်စနစ်အလိုက် ဖြစ်ပေါ်နေသော ဥပဒေစည်းမျဉ်း စည်းကမ်း အစဉ်အလာများနှင့် အယူ အဆများသည် လည်းကောင်း ပြည့်စုံမှုမရှိနိုင်ပါ။ ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ နှင့်အညီ ပိုပြီးပြည့်စုံအောင် ပြင်ဆင်သင့် ပြင်ဆင်ထိုက် ဖြည့်စွက်သင့် ဖြည့်စွက်ထိုက်သည် များကို လေ့လာညှိနှိုင်း သုံးသပ်ပြင်ဆင်သွားနိုင်ရန် ကြိုးပမ်းနေရမည် ဖြစ်ပါသည်။ ဗဟိုဦးစီးစနစ် ချုပ်ကိုင် မှု လွန်ကဲခြင်း လူမျိုးအလိုက် ဒေသအလိုက် လွတ်လပ်မှု တန်းတူညီမျှမှု အားနည်းခြင်း ဗဟိုစုစည်းမှု အင် အားပျော့ပြီး တစ်တော တစ်ကြက်ဖ ပုံစံဖြစ်နေခြင်း တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထိခိုက်နိုင်ခြင်း စ သည့်အားနည်းချက်များရှိပါက အချိန်မီ ဦးစားပေးကာ ပြင်ဆင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါ သည်

ပြည်ခိုင်ဖြိုးပါတီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျဉ်းကာ အသင်း ဘ၀မှ စတင်ပြီး ယနေ့အထိ ဖြစ်စဉ် အားလုံးတွင် ပါဝင်ခဲ့သည့် ပါတီဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ အ ဖွဲ့အစည်းများ ထင်ထင်ရှားရှား ဖြစ်ပေါ်လာရေးကိုလည်း ဦးစီးဦးဆောင် တာဝန်ယူခဲ့သော ပါတီဖြစ်ပါ သည်။ ထို့ကြောင့် ပြောင်းလဲလာသည့်ခေတ်နှင့်အညီ အခြေခံဥပဒေမှ ပြင်သင့်သည်များကို ပြင်ဆင်နိုင်ရန် အလေးထားပါသည်။ ပြင်ဆင်ရာတွင်လည်း ပုဂ္ဂိုလ်စွဲ လူမျိုးစွဲ ပါတီစွဲ ဦးစားမပေးပဲ နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီကျင့်စဉ် ခိုင်မြဲရေး စသည့် ပြည်ထောင်စုလွှတ်တော်က ချမှတ်ပေးထားသည့် ဦးတည်ချက် (၃) ရပ်နှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး အချိန်ကာလအရ ဦးစားပေးသတ်မှတ်ကာ ပြင် ဆင်ဆောင်ရွက်သွားရန် အရေးကြီးသည်ဟု ခံယူပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလျက် ရှိ သော အခြေအနေများနှင့်အညီ လိုက်လျော ညီစေရန် ယခုပြင်ဆင်သကဲ့သို့ နောင်များတွင်လည်း လိုအပ်သလို ပြင်ဆင်သွားရမည်သာ ဖြစ်ပါသည်။ ပြင်ဆင်ရာတွင် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တပ်မတော်တို့သည် ညီညီညွတ်ညွတ် ပွင့်လင်းစွာ ညှိနှိုင်း ပူးပေါင်း ဆောက်ရွက်သွား မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ်၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်သင့်သည်ဟု ယူဆ သော ပြဌာန်းချက်များကို ပြည် ထောင်စုလွှတ်တော်က ဆွေးနွေးဆုံးဖြတ်ရန် အလို့ငှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်သင့်သည် ပြဌာန်းချက်များနှင့် အခြေအနေအချိန်အခါ အရ ပြင်ဆင်သင့်သည်များကို ပြည်သူ့အကျိုးရှေ့ရှုပြီး ပြင်ဆင်သွားမည်ဖြစ်ပါသည်။
No comments:
Post a Comment