Wednesday, January 1, 2014

ကိုးကွယ်ရာ အစစ်… 

 

      လူ့ဘ၀သည် ရခဲလှပါသည်။ ထိုရခဲလှသော လူ့ဘ၀ကို ရရှိခိုက်တွင် တန်ဖိုးရှိရှိ နေထိုင်သွားတတ်ရန် အရေးကြီးလှပါသည်။ လူ့ဘ၀ကို တရားဓမ္မနှင့်အညီ မနေထိုင် မကျင့်သုံးတတ်ခြင်း၊ ပေါ့ပေါ့တန်တန်နေခြင်းတို့ဖြင့် အချည်းအနှီး မကုန်ဆုံးစေလိုပါ။ စလေဦးပုညက ယုန်မင်းဝတ္ထုတွင် ယခုခါမူ၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟာကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်နှင့်မူ …. တရား မလိုက်၊ အမှားကြိုက်ကြလျှင်၊ အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊ အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဟုဆိုခဲ့ပါသည်။

       မိမိတို့၏ အဖိုးတန်ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးချလိုသူများ အနေဖြင့် စိတ်ထားဖြူစင် မှန်ကန်မွန်မြတ်ဖို့ လိုအပ်လှပါသည်။ ထို့ပြင် ကိုးကွယ်ရာအစစ်အမှန်ကိုလည်း သိဖို့လိုအပ်လှပါသေးသည်။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာဟူသည့် ရတနာမြတ်သုံးပါးကို ယုံယုံကြည်ကြည်နှင့် ကိုးကွယ် ဆည်းကပ်ကြဖို့လိုပါသည်။ ကိုးကွယ်ရာရတနာသုံးပါးမှာ….

(က) ဗုဒ္ဓရတနာ
       ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်းဟူသော ရတနာသုံးပါးကို ကိုးကွယ်ရမည် ဖြစ်ပါသည်။ သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးတက် သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်း ခေါ်ဝေါ်ပါသည်။ မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရားသည် သတ္တ၀ါတို့ကို ကြီးပွားချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်း နှင့် အပြစ်ဒေါသ အလုံးစုံကင်းစင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်း ကြောင့်ပင်ဖြစ်သည်။

(ခ) ဓမ္မရတနာ
       ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို လိုက်နာကျင့်ကြံသူတို့ကို ဘ၀သံသရာခရီးထဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်းအခိုက်နှင့် ကျင့်ကြံပြီးနောက် ကာလ တို့၌လည်း သက်သာမှုကို ပေးစေခြင်းဖြင့် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေနိုင်ခြင်း ကြောင့်ဖြစ်ပါသည်။

(ဂ) သံဃာရတနာ

       သံဃာရတနာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုး အကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သောဘ၀သို့ ရောက်ရမည်ဖြစ်သည့်အပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း စသောအကျိုးများကို ရရှိမည်ဖြစ်ပေသည်။ ထို့ပြင်.. ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ မိဘ၊ ဆရာတည်းဟူသောအနန္တငါးပါးကို တစ်ဂိုဏ်း တည်းထား၍ ပူဇော်ကိုးကွယ်ကြရသည်။

(ဃ) အနန္တောအနန္တ ၅-ပါး
(၁)ဗုဒ္ဓဂုဏော အနန္တော၊
(၂)ဓမ္မဂုဏော အနန္တော၊
(၃)သံဃဂုဏော အနန္တော၊
(၄)မာတာပိတုဂုဏော အနန္တော၊
(၅)အာစရိယဂုဏော အနန္တော၊

- ဗုဒ္ဓဂုဏော -မြတ်စွားဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။

- ဓမ္မဂုဏော -တရားတော်၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။

-သံဃဂုဏော -သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။

-မာတာပိတုဂုဏော -အမိအဘတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။

-အာစရိယဂုဏော -ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် မိဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိကျယ်ဝန်း ကြီးမား များပြားလှပေသည်။

ဗုဒ္ဓဂုဏော အနေ န္တာ
       ဗုဒ္ဓမြတ်စွာဘုရားသည် သံသရာဝတ်ဆင်းရဲအတွင်း၌ ဒုက္ခမျိုးစုံနှင့်တွေ့ကြုံခံစားနေရသော လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းကို ထိုသံသရာဝတ်ဆင်းရဲအတွင်းမှ ထုတ်ဆောင်ကယ်တင်၍ ရာဂ၊ ဒေါသ စသော တစ်ဆယ့်တစ်သီးသော မီးတို့၏ငြိမ်းအေးရာဖြစ်သော (သို့မဟုတ်) သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ပို့ဆောင်ကယ်တင်တော်မူပေသည်။ ဤသို့ ဗုဒ္ဓမြတ်စွာဘုရားသည် သံသရာတွင် ကျင်လည်နေကြရသော သတ္တ၀ါအပေါင်းကို ၀ဋ်ဆင်းရဲမှကယ်တင်၍ ချမ်းသာရာနိဗ္ဗာန်သို့ ပို့ဆောင်တတ်သောကြောင့် သတ္တ၀ါအားလုံးတို့၏ အတိုင်းမသိသော ကျေးဇူးရှင်ဖြစ်ပါသည်။

ဓမ္မ ဂုဏော အနေ န္တာ
       သံသရာ၏ အရင်းအမြစ်ဖြစ်သော အ၀ိဇ္ဇာ (မောဟ) အမိုက်မှောင်နှင့် တဏှာသံယောဇဉ်တို့သည် သတ္တ၀ါတို့ကို သံသရာ၌ နစ်မွန်းအောင် ပြုလုပ်လျက် ဖွဲ့နှောင်ထားကြသည်။ တရားတော်သည် မိမိတရား တော်ကိုကျင့်ကြံအားထုတ်သော သတ္တ၀ါတို့ကို ထိုသို့အမိုက်အမှောင်အတွင်း၌ နစ်မွန်းအောင်ပြု လုပ်တတ်သော အ၀ိဇ္ဇာနှင့် တဏှာတို့ကို ရှင်းလင်းသုတ်သင်လွတ်မြောက်အောင် ကယ်တင်ပေသည်။ ထို့ကြောင့် တရားတော်သည် သတ္တ၀ါများအားလုံးတို့အဖို့ ဆပ်၍မကုန် နိုင်လောက်အောင် ကျေးဇူးများပါသည်။

သံဃဂုဏော အနန္တော
       အရိယာသံဃာတော်မြတ်သည် လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာတရားတို့ ကင်းရှင်း၍ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော တရားတော်မြတ်တို့နှင့်သာ ပျော်မွေ့နေကြသဖြင့် သတ္တ၀ါများ၏ ကုသိုလ်ကောင်းမှု စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ် ဖြစ်ပေသည်။ထိုသို့ အရိယာ သံဃာတော်များကို ကိုးကွယ်ဆည်းကပ် လုပ်ကျွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုများစွာ ဖြစ်ထွန်း၍ ကောင်းကျိုးချမ်းသာ ခံစားကြရသည်။ သို့ဖြစ်၍ အရိယာသံဃာတော်များသည် သတ္တ၀ါတို့၏ အတိုင်းမသိသော ကျေးဇူးရှင် များဖြစ်ပါသည်။ အရိယာနွယ်ဝင် ပုထုဇဉ် သံဃာတော်များသည်လည်း ဗုဒ္ဓရှင်တော်မြတ်ဟောကြား ထားရစ်ခဲ့သော တရားတော်များကို သတ္တ၀ါတို့အား လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်ချမ်းသာကို လမ်းညွှန် သည့်အနေဖြင့် ဟောပြောပြသသောကြောင့် သတ္တ၀ါများစွာတို့၏ အတိုင်းမသိသော ကျေးဇူးရှင်များ ပင်ဖြစ်ပေသည်။

မာတာပီတုဂုဏော အနန္တော
       မိခင်သည် ကာလရေကြည် တည်သည့်အချိန်မှစ၍ သားသမီးအပေါ် ချစ်ခြင်းမေတ္တာဖြင့် သန္ဓေသားကို ယုယစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ အချို၊ အချဉ်၊ အစပ်၊ အခါး အစရှိသည့် မသင့်မြတ်သော အစားအစာများကို ရှောင်ကျဉ်ခဲ့ရသည်။ အချိန်စေ့၍ ဖွားမြင်လာသောအခါတွင်လည်း ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ် သစ်အရွယ်မှစ၍ လူလားမြောက်သည့်အရွယ်အထိ ပိုးမွေးသလို မွေးမြူခဲ့ရသည်။ ထို့အတူ ဖခင်အနေဖြင့်လည်း သားသမီး၏ ကျန်းမာပျော်ရွှင်ရေး၊ စားဝတ်နေရေး၊ ပညာရေးအစရှိသည့် လိုအပ် ချက်များကို ဖြည့်ဆည်းပေးခဲ့ပေသည်။
       မိဘနှစ်ဦးတို့သည် သားသမီးများ အရွယ်ရောက်လာသည့် အခါတွင်လည်း မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ ဟူသည်နှင့်အညီ မိဘတို့၏ ၀တ္တရားများကို ပြည့်စုံအောင် ဆောင်ရွက်ပေးကြရသည်။ ထို့ပြင် လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုသည့်အတိုင်း သားသမီးတို့၏ လက်ဦးဆရာများလည်း ဖြစ်ကြပေသည်။ တဖန် မိဘတို့၏ သားသမီးတို့အပေါ် ကျေးဇူးကြီးမားပုံမှာ စာဖွဲ့၍ မကုန်နိုင်လောက်အောင် များပြားလှသဖြင့် မိဘကျေးဇူး မြင်းမိုရ်ဦး၊ အထူးသိလျှက် အဆပ်ခက်ဟုပင်ဆိုရိုးပြုခရဲ့သည်။ ကျွန်ုပ်တို့မြတ်ဗုဒ္ဓကိုယ်တော်တိုင်ပင် အမိ၏ကျေးဇူးကိုဆပ်ရာ တွင် နို့တစ်လုံးဖိုးမျှသာ ကျေသည်ဟု ကျမ်းဂန်စကား မှာထားချက်ရှိပေသည်။ ဤသို့ဖြင့် မိဘတို့သည် သားသမီးတို့အပေါ် များစွာကျေးဇူး ကြီးမားလှပေသည်။

အာစရိယဂုဏော အနန္တော
        တပည့်တို့၏ အကျိုးကျေးဇူးတို့ကို ကျင့်ဆောင်တက်သောကြောင့် ဆရာဟု ခေါ်ဆိုရကြောင်း အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့်အညီ ဆရာသည် တပည့်သားတို့အပေါ် မေတ္တာစေတနာ အရင်းခံထား၍ မလိမ္မာ မယဉ် ကျေးသည်ကို လိမ္မာယဉ်ကျေးလာစေရန်လည်းကောင်း၊ မကောင်းသော အမှုကိုရှောင်ကြဉ်စေ ၍ ကောင်းသောအမှုကို ပြုလုပ်စေရန်လည်းကောင်း ချိုသာစွာ ဆုံးမသွန်သင် ပြသကြသည်။ ထို့ပြင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟူသည်နှင့်အညီ ဆရာ့ကျင့်ဝတ်များကို ပြည့်စုံစွာဆောင်ရွက်ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့ သည် တပည့်များ၏ အနန္တကျေးဇူးရှင်များ စားရင်းတွင် ပါဝင်ပေသည်။

       လူသားတို့အဖို့ ကိုးကွယ်မှုမှားလျှင် ဒုက္ခခပ်သိမ်း မကင်းငြိမ်းနိုင်ဘဲ သံသရာဝဲ သြဃအတွင်း တ၀ဲလည်လည် ကျင်လည်ကျက်စား နေရမည်သာ ဖြစ်ပေသည်။ ကိုးကွယ်မှုမှန်လျှင် အကျိုးများစွာ ရရှိနိုင်ကြောင်းကို မြတ်ဗုဒ္ဓက ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ ထိုရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်း မှလွတ်မြောက်၏ ဟု လမ်းညွှန်ဟောကြားတော် မူခဲ့ပါသည်။ ထို့ကြောင့် လူတို့သည် ကိုးကွယ်မှုမှန်လျှင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာများကို ရရှိနိုင်ရုံမျှမက မဂ်ဖိုနိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင် မည် ဖြစ်ပါကြောင်း……..

ပြည်သူ့ပုံရိပ် 

သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ဗုဒ္ဓဘာသာကောင်းတစ်ယောက် မှ ကူးယူဖော်ပြအပ်ပါသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ