သမ္မာဒေ၀တို့ စောင့်ရှောက်ကြလေကုန်
နက္ခတ်ဗေဒင်ပညာဖြင့် ဟောပြောမှုသည် ပညာရှင်၏ စွမ်းရည်ကို လိုက်ကာ မှန်သည်လည်း ရှိနိုင်သည်။ ကွဲလွဲမှုလည်း ရှိနိုင်သည်။ မြတ်စွာဘုရားရှင်၏ ဇာတာကို စစ်ဆေး၍ စကြ၀တေးမင်းဖြစ်မည် (သို့မဟုတ်) ဘုရားဖြစ်မည် ခန့်မှန်းဟောပြောကြသည့်နည်းတူ ဘုရားစင်စစ် ဧကန်ဖြစ်မည်..... ဟု ဧကအဂုင်္လိ လက်ညှိုးတစ်ချောင်းတည်း ထောင်ကာ ပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်သော ကောဏ္ဍည ပုဏ္ဏားကဲ့သို့ ပညာရှင်များ ရှိခဲ့သည်မှာလည်း အမှန်ပင်။ ပညာပြည့်ဝ နှလုံးလှသော နက္ခတ်ဗေဒပညာရှင်များကမူ လူတစ်ယောက် ဘယ်နေ့သေမည်ကို အတတ်ဟောနိုင်ကြသော်လည်း ကာယကံရှင်ကို ငဲ့ကွက်ထောက်ထားသောအားဖြင့် အတိအကျ မမြွက်ဆိုဘဲ အရံအတားအနေနှင့် ဗုဒ္ဓယတြာများပေးသည်ဟု မှတ်သားဖူးပါသည်။
သို့သော်.. ပြည်ထောင်စုနေ့စဉ်သတင်းစာ (၂၃.၁၂.၁၃)ပါ နက္ခတ်ဗေဒ ပညာရှင်တစ်ဦး၏ ဟောပြောချက်ကား လွန်လွန်းအံ့သည်။ သူ့အဟောအရ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံသည် တစ်စက်ကလေးမှ မကောင်းနိုင်။ ကြည့်ပါ-
ဇန်န၀ါရီလ - အစိုးရရဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်စဉ်တွေ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး မတည်ငြိမ်မှုတွေ ဖြစ်မတဲ့။
ဖေဖော်ဝါရီ - ၂၂ရက်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်နိုင်သတဲ့။
မတ်လ - တပ်မတော်နှင့်အုပ်ချုပ်ရေးဘက်တွင် အပြောင်းအလဲ၊ အပြောင်းအရွှေ့ ဖြစ်နိုင်သတဲ့။
ဧပြီ - သင်္ကြန်လာလမှာ သွေးထွက်သံယို၊ လုံခြုံရေးနဲ့ ပဋိပက္ခဖြစ်နိုင်….
စသည်ဖြင့် ကြိုတင်နိမိတ်ဖတ်သလို Time Frame ပေးသလိုဟောပြီး နိုဝင်ဘာမှာ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း နှပ်ကြောင်းပေးထားသည်။
စသည်ဖြင့် ကြိုတင်နိမိတ်ဖတ်သလို Time Frame ပေးသလိုဟောပြီး နိုဝင်ဘာမှာ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း နှပ်ကြောင်းပေးထားသည်။
ထိုသူ၏ ၂၀၁၃ဧပြီမှ ၂၀၁၄မတ် အထိ ပြည်တွင်းထူးခြားဖြစ်စဉ်ဟု ဟောပြောချက်တွင်လည်း အတိုက်အခံနှင့် ပဋိပက္ခဖြစ်မည်။ မင်းမဲ့စရိုက်ဆန်သော လုပ်ရပ်ဖြစ်မည်။ အစိုးရနဲ့ပြည်သူ နားလည်မှုလွဲမည်ဟု အစရှိသည့် အတို့အထောင် နှပ်ကြောင်းပေး ဟောပြောချက်လည်း ရှိခဲ့ဘူးသည်။
နက္ခတ်အမြင်အားဖြင့် မည်သို့ပင်ရှိစေကာမူ ပြည်သူတည်းဟုသော ယတြာကောင်းဖြင့် အညံ့ကိုအကောင်းသို့ ပြောင်းနိုင်ပါလိမ့်မည်။ မြန်မာပြည်နဂရသည် သမ္မာဒေ၀တို့  စာင့်ရှောက်လျက်ရှိသည် ။ သမ္မာဒေ၀ဟူ သည် ပြည်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်..
သမ္မာဒေ၀ကို အနက်ဖွင့်သော်…
သမ္မာ =ကောင်းသော
ဒေ၀ =နတ်=နာထ ကိုးကွယ်ဆည်းကပ်ရာ
ထို့ကြောင့်ကောင်းသော ကိုးကွယ် ဆည်းကပ်ရာဖြစ်သည့် ပြည်သူတို့ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပွင့်လင်းလွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ပီပြင်စွာ ပေါ်ထွန်းလာရေးတို့အတွက် လိုအပ်သည့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို ယတြာကောင်းအနေဖြင့် လက်ကိုင်ထားရပေမည်။
၎င်းအပြင် မလုပ်တတ် မကိုင်တတ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သွေးစည်းရေးတွင် လည်းကောင်း၊ မှန်ကန်စွာ မဖော်ဆောင်နိုင်သောကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် လည်းကောင်း အနှောင့်အယှက် အဟန့်အတား ဖြစ်စေမည့် လုပ်ရပ်များကို ဖယ်ရှားကာ ဆင်ခြင်တုံတရား၊ ဥာဏ်အမြော်အမြင်၊ စိတ်ကောင်းစေတနာမှန်နှင့်သာ ဆောင်ရွက်ပေးရမည့်သူများမှာ သမ္မာဒေ၀ဖြစ်သည့် ပြည်သူများသာ ဖြစ်သည်။
ထို့ကြောင့် မြန်မာမြေ နဂရကို သမ္မာဒေ၀တို့ စောင့်ရှောက်ကြလေကုန်…။
ရေနံ့သာ ဆြာကျာ်
၂.၁.၂၀၁၄
No comments:
Post a Comment