Thursday, January 2, 2014

ပညာမြင့်မှ လူမျိုးတင့်မည် စေတနာအသိနှင့် တင်ပြပါသည်
 
ယခုရက်ပိုင်းအတွင်းကျွန်တော်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ကျတဲ့ကျောင်းမှာ ဆဌမတန်းအတန်းပိုင် ဆရာမ နေမကောင်းတာကြောင့်ကော ကျောင်းမှာဝန်ထမ်းအင်အား နည်းနေတဲ့အတွက်ပါ ကျွန်တော် ဆဌမတန်းကို ၀င်ရောက်သင်ကြားခဲ့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဆဌမတန်းကို ကျွန်တော့်အနေနဲ့ အလျဉ်းသင့်သလို စစ်ဆေးကြီးကြပ် အကြံပြုတာလောက်ဘဲ ဆောင်ရွက်လေ့ရှိတာပါ။ ဒါပေမယ့် ယခု ၀င်ရောက်တဲ့အခါမှာတော့ တစ်နှစ်တာ သင်ခန်းစာတွေအများစု ပြီးဆုံးနေတဲ့ကာလဖြစ်တာကြောင့် သင်ခန်းစာအသစ်တွေကို သင်ခြင်းမပြုသေးဘဲ ကလေးတွေရဲ့တတ်မြောက်မှုကို အကဲခတ်ဖို့ဆုံးဖြတ် လိုက်ပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး တတ်မြောက်မှုတွေ စစ်ဆေးတဲ့အခါလက်တွေ့ အသုံးချနိုင်မှုနဲ့ နားလည်မှုပိုင်းမှာ ထင်သလောက် မပေါက်ရောက်သေးတာကို သိရှိနားလည် လိုက်ပါ တယ်။ ဒါပေမယ့် ကလေးတွေဟာ ကွက်လပ်ဖြည့်၊ မှားမှန်ရွေး၊ မှားမှန်စတဲ့ objective typeတွေကို ထဲထဲ ၀င်ဝင်နားမလည်ဘဲ ကောင်းစွာ ဖြေနိုင်တာကိုလည်း အံ့သြစွာ သိလိုက်ရပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာ နဲ့ပတ်သတ်ရင် သူတို့မသိနားမလည်သေးတာတွေကို အကျဉ်းချုပ်လို့ မှတ်စုတွေပေး ရှင်းလင်းရင်း ဘာတွေကို ကျက်မှတ်ထားရမယ်၊ ဘာတွေကိုနားလည်ရမယ်ဆိုတာကို သူငယ်တန်းကလေးတွေကို လက်ထပ်သင်ပေးသလို အသေးစိတ်ရှင်းပြခဲ့ရပါတယ်။ ဒီနေ့တော့ အဲ့ဒီဆရာမနေကောင်းတာနဲ့ လိုအပ်တဲ့လမ်းညွှန်မှုတွေပေးရင်း ဆရာမကိုပါ ပြန်သင်ပေးခဲ့ရပြန်ပါတယ်။ စာတွေဖတ်ဖို့ ၊ လေ့လာဖို့ မသိရင်မေးဖို့ သေချာသင်ကြား ဆောင်ရွက်ဖို့ လိုအပ်ရင်မိမိထံမေးဖို့ ဆုံးမရပြန်ပါတယ်။ အလွတ် ကျက်မှတ်မှုအားကောင်းတဲ့ကလေးတွေရဲ့ စွမ်းအားကို မှန်ကန်တဲ့နေရာမှာအသုံး ချဖို့သေချာပြောပြရပါ တယ်။ ကျွန်တော် ၂၀၁၀ ခုနှစ်မှာ သက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုက ကထိကဆရာတစ်ဦး နဲ့ ဆွေးနွေးလို့သိုခဲ့ရတာလေးတစ်ခုရှိပါတယ်။ သူတို့ရဲ့တက္ကသိုလ်မှာ ၁၀တန်းကို ဂုဏ်ထူးများစွာ နဲ့ အောင်လာပေမယ့် သင်ခန်းစာရဲ့သဘောတရားများနဲ့ဆွေးနွေးစေတဲ့အခါဘာမှနားမ လည်တဲ့ ကျောင်း သားမျိုးတွေရှိနေကြောင်း သိခဲ့ရဖူးပါတယ်။ အလွတ်ရအောင်ကျက်ပြီး concept တွေကို ကောင်းစွာ နား မလည်ဘဲ အောင်လာတာမျိုးဖြစ်မယ်ထင်ကြောင်း ပြောပြခဲ့ဖူးပါတယ်။ ကျွန်တော့်ကျောင်းဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတာကော ထိုင်းကိုအထင်ကြီးပြီး ထိုင်းကျောင်းသွား တက်တဲ့ကလေးတွေလည်း ရှိနေ တာ ကြောင့် ကိုယ့်မြန်မာကျောင်းကို အထင်ကြီးလေးစားဖို့မှာ အင်္ဂလိပ်စာ ကောင်းစွာ သင်ကြားပေးနိုင်ဖို့ကိုလည်း နေ့စဉ်စိတ်ထဲမှာ အထူးကိစ္စတစ်ရပ် အနေနဲ့ ဆုံးဖြတ်ပြီး အမြဲမှာကြားနေ တာပါ။ ခုနကဆွေးနွေးခဲ့တဲ့ ဆဌမတန်းကတော့ အတန်းပိုင်အနေနဲ့ ဒီနှစ်မှ ကျောင်းကိုပြောင်းလာ တာ ဖြစ်ပြီး အလယ်တန်းပြ လုပ်သက်ရင့်ဆရာမဆိုပြီး အထင်ကြီးလိုက်မိတာ ကျွန်တော့်ရဲ့အားနည်း ချက် တစ်ခုဖြစ်ပါတယ်။အဲ့ဒါကြောင့် လက်ထောက်ဆရာမတွေ အားလုံး ကို ဒီမနက်မှာ ဒီကိစ္စကို ဘဲ ကျောင်းတွင်းအစည်းအဝေးကျင်းပပြီး အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ မှာကြားခဲ့ရပါ တယ်။ နိုင်ငံတကာသုံးဘာသာရပ်တစ်ခုဖြစ်ပြီး အဆင့်မြင့်သိပ္ပံပညာရပ်တွေ၊ နည်းပညာတွေ ကို အင်္ဂလိပ် လို သင်ယူနေရတဲ့အတွက် ပညာသင်ကြားရာမှာ အရေးပါလှတဲ့အင်္ဂလိပ်စာကို မူလတန်းက တည်းက စနစ်တကျ သင်ကြားပေးသင့်ပါတယ်။ မကြာသေးတဲ့ကာလက MRTV4က သတင်း ကြညာသွားတာတစ်ခုသိရှိလိုက်ရပါတယ်။ CESR Task Force အတွင်းရေးမှူး (ဘက်စုံလွှမ်းခြုံနိုင်ေ သာ ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေးအဖွဲ့) ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ တတိယတန်းကနေပြီး အင်္ဂလိပ်စာစသင်ဖို့ ဆွေးနွေးစီစဉ်နေကြောင်း သတင်းကြားလိုက်ရပါတယ်။ အင်မတန်မှ သင့်လျော်ပြီး မင်္ဂလာရှိသော အစီအစဉ်ဖြစ်ပါတယ်။ တိုင်းရင်းသားစကားကို နေ့စဉ်ပြောနေတဲ့ ကလေးငယ်များအတွက် ပိုပြီးသင့်တော်ပါတယ်။ သူတို့ အနေ နဲ့ကျောင်းတက်တက်ချင်း ဘာသာစကားအသစ်(၂)မျိုးစသင်ရတာ အခက်အခဲအင်မတန် ရှိပါတယ်။ ဒါ့အပြင် သူငယ်တန်းသင်တဲ့ ဆရာမက တိုင်းရင်းသားဘာသာစကား မသိတဲ့အခါ ပိုလို့ဆိုးပါတော့ တယ်။ ဒီအထဲမှာ ပညာရေးစနစ်ကို ကောင်းစွာ နားမလည်ဘဲ တတ်အောင်မသင်နိုင်ဘဲ တစ်နှစ်ပြည့် လို့အောင်ပေးလိုက်တဲ့အခါ အဲ့ဒီကလေးရဲ့အနာဂတ်အတွက် အခြေခံခိုင်မာမှုယိုင်နဲ့ သွားခဲ့ပါပြီ။ အဲ့ဒါမ်ျိုးတွေ တကယ်ဖြစ်နေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ တတ်အောင်သင်နိုင်မှ အောင်မယ် ဆိုတာလက်ထောက်ဆရာတွေကို အမြဲတတွတ်တွတ်မှာကြား လျက်ရှိပါ တယ်။ အခုလို တတိယ တန်းမှာ မှ အင်္ဂလိပ်စာကိုစသင်ပေးရင် မူလတန်းအောက်ဆင့် သူငယ်တန်းကနေ ဒုတိယတန်းမှာ မြန်မာစာ နဲ့မြန်မာစကားကို ကျွမ်းကျင်သွားပြီမို့ အင်္ဂလိပ်စာကို တတိယတန်းမှာစပြီး သင်ကြားခွင့်ရရင် ပိုပြီး မှတ်သားနားလည် ကျွမ်းကျင်နိုင်မှာပါ။မြန်မာစကားကို ကောင်းစွာ နားလည် လာပြီဖြစ် တဲ့ အတွက် မြန်မာလို အင်္ဂလိပ်စာကို နားလည်အောင် ရှင်းလင်းသင်ကြားလို့ကောင်းသွားမှာဖြစ်ပါတယ် ။ကျောင်း သားကလေးလည်း စိတ်ပင်ပန်းမှုမရှိတော့ပါဘူး။ တိုင်းရင်းသားကျေးရွာတွေမှာ ပိုပြီး အဆင်ပြေ မှာဖြစ်ပါတယ်။ ကျွန်တော်နေထိုင်တဲ့ တာချီလိတ်မြို့နယ်မှာ ယနေ့ထိ တိုင်းရင်းသား ဆရာတွေ အထူး သဖြင့် ရှမ်းတိုင်းရင်းသားဆရာဆရာမတွေ နည်းနေတုန်းပါ။အဓိကအားဖြင့် ကျေးလက် အခြေခံပညာ မူလတန်းကျောင်းတွေမှာ ရှားပါးလှပါတယ်။ သူတို့လေးတွေကို ကျွန်တော်ကျောင်းအုပ်ကြီးက စာတွေ အမျိုးမျိုးပညာတွေအမျိုးမျိုးတတ်စေချင်ပေမယ့် ဒသခံဆရာနည်းပါးတာရယ်၊ရွာကျောင်းမှာ တစ်နှစ်တောင် မနေချင်ကြတဲ့ ပြည်မဆရာ အများစုကြားမှာ တပည့်လေးတွေအတွက် အဆင်ပြေနိုင်အောင် နည်း လမ်း ပေါင်းစုံနဲ့ အကျိုးရှိတဲ့အချိန်တွေကို ကြိုးစားကျော်ဖြတ်ရင်း စိတ်မောမှုများစွာနဲ့တွေ့ရှိချက် တစ်ခုကိုစေတနာ အပြည့်အ၀နဲ့တင်ပြလိုက်ရပါတယ် ခင်ဗျား။


မြတ်မျိုးမြင့်မာန် (၂.၁.၂၀၁၄)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ