Thursday, April 24, 2014

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြားချက် မမှန်ကြောင်း ဦးရဲထွဋ်ရှင်း

ဖက်ဒရယ်စနစ်ကို အစိုးရလက်မခံဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြားချက်
မမှန်ကြောင်း ဦးရဲထွဋ်ရှင်း
 
 

ဧပြီလ ၂၄ ရက် ၂၀၁၄ ခုနှစ်

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ   ဆွေးနွေးညှိနှိုင်းရာတွင် အစိုးရက ဖက်ဒရယ်ကို လက် မ ခံသည့် အချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း KIA/KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်မှာ မှား ယွင်းကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။...
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို VOA သတင်းဌာန တို့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် အစိုးရက ဖက်ဒရယ်ပြည်ထောင်စုကို လက်မခံလိုသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အချို့ကြန့်ကြာနေကြောင်း ပြောဆို မှုကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ယင်းသို့ တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။
“ဖက်ဒရယ်ပဲ ပြောပြော၊ယူနီယံပဲ ပြောပြော မြန်မာလိုပြောရင် ပြည်ထောင်စုပါပဲ။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စုစနစ်ရဲ့ အခြေခံမူတွေဖြစ်တဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေနဲ့ ဗဟိုကြားမှာအာဏာခွဲဝေခြင်းတို့၊ ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်းဒေသကြီးတွေရဲ့ ဥပဒေပြုဇယားတို့ပါပြီးသားပဲ။အာဏာခွဲဝေမှုအပိုင်းမှာ   ပြင်စရာရှိတာတွေ ပြန်ပြင်ရမှာတော့ရှိတယ်။ ပြင်မယ်ဆို တာလည်းအားလုံးပြောထားပြီးသား ဖြစ်တော့ ပြည်ထောင်စုစနစ်ကို လက်မခံဘူးဆိုတာ မှားပါတယ်” ဟု ဦးရဲထွဋ်ကဆို သည်။

နိုင်ငံရေး အဓိကပြဿနာအဖြစ် တိုင်းရင်းသားများက ဖက်ဒရယ်စနစ်ကို လိုလားသော်လည်း အစိုးရက လက်မခံလိုသည့်သဘော သက်ရောက်နေကြောင်း၊ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးရာတွင် အစိုးရက ဖက်ဒရယ်စကားရပ်ကို လုံးဝ အသုံးပြုထားခြင်း မတွေ့ရကြောင်း ဧပြီလ ၂၂ ရက်နေ့က ဗွီအိုအေ သတင်းဌာနနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော် က ပြောဆိုခဲ့သည်။
ယင်းသို့ အစိုးရက ဖက်ဒရယ်စနစ်ကို လက်မခံ ဆိုသည် မှာ မဟုတ်မှန်ဘဲ အခြေခံမူနှင့် ဆက်လက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များအရကွဲပြားနေခြင်းသာ
  ဖြစ်ကြောင်း၊ဖက်ဒရယ်ကိစ္စရပ်ကို  နိုင်ငံရေး ဆွေးနွေးပွဲ များတွင် ထည့်သွင်းရန် အစိုးရက သဘော ထား ပေးထားကြောင်း၊ ယင်းသို့ မဟုတ်ဘဲ အခြေခံမူများ တွင် ထည့်သွင်းပါက ဖက်ဒရယ်ကို အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ နှစ်ခုကြားတွင်သာ သီးသန့် သဘောတူညီချက်အဖြစ်သက်ရောက်စေနိုင်ကြောင်း မြန် မာငြိမ်းချမ်းရေးစင်တာမှ အကြီး တန်း အကြံပေးတစ်ဦး က ရှင်းပြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကမူ အစိုးရက ဖက်ဒရယ်စနစ်ကို လက်ခံသည်ဟု ယူဆကြောင်း၊ သို့သော် အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ကွဲလွဲနိုင်သဖြင့် ညှိနှိုင်းရ မည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။
“ဖက်ဒရယ်ကတော့ အများကြီး ညှိနှိုင်းဆွေးနွေးရမှာပါ။ အမြင်မတူတာတွေကလည်း သဘာဝကျပါတယ်” ဟု ၎င်းက သုံးသပ်သည်။
အစိုးရက ပြည်ထောင်စုစနစ်ကို လက်ခံထားသော်လည်း ကွန်ဖက်ဒရေးရှင်းစနစ်ဘက်သို့တိုင်းရင်းသားခေါင်းဆောင် များက ဦးတည်ပါက လက်ခံနိုင်မည် မဟုတ်ကြောင်း ဦးရဲထွဋ်က ထပ်မံပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လ မတိုင်မီ အပြီးသတ် လုပ်ဆောင်ရန် ကြိုးပမ်းနေသော်လည်း ဧပြီလဆန်းပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့များအကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်အရာရှိအချို့ အပါ အဝင် နှစ်ဘက်ကျဆုံးမှုများ ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

Credit To:The Voice Weekly

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ