လှည်းသားများနှင့်အဆိပ်ပင်
ဥပဒေသ
“တွေ့ကြုံသမျှ၊အစစ၊ကြံဆဥာဏ်ဖြင့်ကြည့်”
“ဘေးရန်ကင်းပ၊ချမ်းသာရ၊နောင်တပူမရှိ”
“ဆရာ..ဆရာဒီသစ်ပင်ကြီးကြည့်စမ်းပါ။ အပင်ကလဲ စည်ကား အသီးကလဲ ပြွတ်နေတာပဲ။စားချင်စဖွယ်ပဲ..”
“အေး..ဟုတ်တယ်။ ဒါပေမယ့် အရမ်းတော့ မခူးမဆွတ်ကြနဲ့နော်..”
“အရွယ်ကတော့ သရက်နဲ့သိပ်မတူဘူးဆရာရဲ့။ အသီး ကတော့ ပုံသဏ္ဍာန်ရော၊ အရွယ်ရော၊ အရောင် ရော အဆင်းရော သရက်သီးအတိုင်းပဲ၊ နည်းနည်းဆွတ် စားကြည့်ချင်လိုက်တာ..”
“အရမ်းမလုပ်ကြနဲ့ဟေ့၊အဆိပ်သီးဖြစ်နေမှဒုက္ခရောက်နေ ဦးမယ်…”
“ဟာ..ဆရာကလဲ ပူပင်တတ်လိုက်တာ၊ အသီးတွေ ကချော လဲချော၊ ၀င်းမှည့်နေပုံကလဲ သရက်သီး အတိုင်းပဲ၊အဆိပ်ပင်မဖြစ်နိုင်ပါဘူး..”
“ဘာဖြစ်ဖြစ် အရမ်းခူးမစားကြနဲ့၊ ရွာထဲဝင်ပြီး ကုန်ရောင်း သွားဖို့သာပြင်ကြ၊သူများအပင်ကိုခူးဆွတ်တာလဲ ကောင်း တာမဟုတ်ဘူး..”
တပည့်လှည်းသားများသည် မိမိတို့လှည်းများကို သစ်ပင်ရိပ်တွင်ချွတ်ပြီးနားနေရင်း သစ်ပင်နှင့် အသီးအကြောင်းကို လှည်းမှူးဖြစ်သောကုန်သည် ဆရာကြီးအား ပြောဆိုနေကြသည်။ အချို့သောတပည့်များက လှည်းမှူး၏ တားမြစ်စကားကို မနာယူကြ။ လက်လှမ်းမီသော အသီးအချို့ကို ဆွတ်ယူ စားကြသည်။ ခဏကြာသော် အချို့သည် မူးမော်ရှုံ့ မဲ့နေကြသည်။အချို့မူဟန်မဆောင်နိုင်ဘဲ မြေပေါ်တွင်ပစ် လှဲလိုက်ကြသည်။
“ဆရာရေ…လုပ်ပါဦး ဒီကောင်တွေ အသီးဆွတ်စားပြီး လဲကုန်ကြပြီ..”
“ဟဲ့..ဟဲ့..ငါ့ဆေးထုပ်ယူခဲ့စမ်း။ရော့..အဲဒီအန်ဆေးကို သောက်ပစေ၊မထနိုင်တဲ့ကောင်တွေ ပါးစပ်ထဲ လောင့်ထည့်ပေး..”
ဆေးသောက်ပြီးနောက် စားပြီးသော အသီးအစအနများ အန်ထုတ်ကုန်ကြသည်။ ပြီးသော် လှည်းမှူးကြီးသည် အဆိပ်ဖြေဆေးကိုသောက်စေ၏။ ထို့နောက် အင်အားရှိစေရန်ပါလာသော စတုမဓူကိုစားစေသည်။ တပည့်များအန္တရာယ်ပျောက်ကင်းကြလေသည်။
ထိုအခိုက် ရွာထဲမှ ရွာသား ၁၀ယောက်ခန့် ထွက်လာကြပြီး သူတို့အနီးရောက်လာကြသည်။ ရွာသားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်နှာပျက်နေကြသည်။ လှည်း မှူးကြီးက ဖြစ်ပုံ ကို ပြောပြရင်း ထိုသစ်ပင်အကြောင်းစုံကိုမေးမြန်းရာ ရွာသားများက ၀န်ခံပြောဆိုကြလေသည်။
“ဒီအပင်က သရက်သီးလို အသီးမျိုးသီးတယ် ဆရာကြီး။အင်မတန်လှတယ်။ အသီးကလဲချောတယ်။ စားချင်စဖွယ်ပဲ။ဒါပေမယ့် အဆိပ်သီးတွေဖြစ်တယ်။ စားလိုက်ရင် ကွမ်းတစ်ရာညက်လောက်အတွင်း မူးလဲပြီး သေတာပဲ..”
“သြော်..ဒီလိုကိုး…မောင်တို့က တို့ကိုသတိပေးဖို့လာတာပေါ့..”
“ပြောရမှာတော့ ခပ်ခက်ခက်ပဲ။အမှန်ပြောရရင်တော့ ဒီလိုပဲ ကုန်သည်တွေလာလေ့ရှိကြပါ တယ်။ဒီနားရောက် ရင် ရွာထဲမ၀င်ခင် အရိပ်ကောင်းကောင်းနဲ့နားကြတာ ပဲ။နောက်ဒီအသီးဆွတ်စားကြတာပဲ။ စားပြီးရင် အဆိပ် ဒဏ်နဲ့သေကုန်ကြရော။ အဲဒီအခါကျုပ်တို့ရွာက ထွက် လာကြပြီး ကျန်ရစ်တဲ့ လှည်းတွေ၊နွားတွေ၊ကုန် ပစ္စည်းတွေ ခွဲဝေယူကြတာပဲ။ ပံ့သကူပစ္စည်းဖြစ် သွားပြီကိုး ဆရာကြီးရယ်..”
“ရက်စက်ကြပါပေ့ဗျာ၊အကြံပက်စက်ကြပါပေရဲ့..”
လှည်းမှူးကုန်သည်ကြီးနှင့် တပည့်များသည် တုန်လှုပ် သွားကြသည်။ ရွာသားများကလည်း မျက်နှာပျက် ပျက်နှင့်ပြန် သွားကြလေသည်။ တပည့်များက လှည်းမှူးကြီးအား မေးမြန်းကြသည်။
“ဆရာကြီး ဒီအရပ်ကို အရင်ကလဲ တစ်ခေါက်မှ မရောက်ဖူးဘဲနဲ့ ဘာပြုလို့ ဒီအသီးကိုမစားကြနဲ့ တားတာလဲ။ အဆိပ်ပင်အဆိပ်သီးဆိုတာ သိလို့လား..”
“အသေအချာသိလို့တော့မဟုတ်ဘူး တပည့်တို့ ဆင်ခြင် ဥာဏ်နဲ့စဉ်းစားပြီး သတိပေးတာဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ဒီအပင်ဟာစည်ကားတယ်။အသီးတွေဝေေ၀ ဆာဆာရှိတယ်။ စားချင်စဖွယ် ဖြစ်တယ်။ ရွာနဲ့လဲ အနီးအနားမှာ ကပ်နေတယ်။ ဒါပေမယ့်… ဆွတ်ခူးထား တဲ့ အခြေအနေလဲမတွေ့ရဘူး။ လုံလုံ ခြုံခြုံဆူးခြံတွေ ၀ါးစည်းရိုးတွေလဲ ကာရံထားတာမဟုတ်၊ အစောင့်အရှောက်လဲမရှိ၊ အကြောင်း တစ်ခုခု တော့ရှိ လိမ့်မယ်လို့စဉ်းစားပြီး တားမြစ်တာဖြစ်တယ်..”
တပည့်များသည် ဆရာကြီးအား“ဆရာကောင်းနဲ့တွေ့လို့ အသက် ချမ်းသာ ရာ ရကြပါတယ် ” ဟု ချီးကျူးစကားပြောဆိုကာ ၀ိုင်းကန်တော့ကြလေသည်။
(ဧကနိပါတ်၊ကိํဖလဇာတ်)
မောင်စန်းမှီ (အလင်းပြဇာတ်ဝတ္ထုများမှကူးယူဖော်ပြသည်....။
No comments:
Post a Comment