ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၉၇ မှ ၂၀၀၇ အထိ ထမ်းဆောင်ခဲ့သော ကိုဖီအာနန် (Kofi Annan)က ‘‘ရေရှားပါးမှုပြဿနာကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရများက အလျင်အမြန် ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်ခြင်းမရှိခဲ့လျှင် ၂၀၂၅ ခန့်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ရေရှားပါးပြတ်လပ်မှုအန္တရာယ်နှင့် ကြုံတွေ့ရဖွယ်ရှိသည်’’ဟု ဟောကိန်းထုတ်ခဲ့ကြောင်း ၂၀၀၄ ထု
ကိုဖီအာနန်သည် ကမ္ဘာ့ရေမြေတောတောင်ဆိုင်ရာ ပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များပါဝင်သည့် အဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာများအရ အထက်ပါအတိုင်း ဟောကိန်းထုတ်ခြင်းဖြစ်ရာ အစိုးရတိုင်းက မှတ်သားလိုက်နာအကောင်အထည်ဖော်လိုက်သော မဟာတာဝန်တစ်ရပ်ဖြစ်ပါသည်။ ကိုဖီအာနန် ပြောခဲ့သည့် ၂၀၂၅ ကျရောက်ဖို့ နောက်ထပ်ဆယ်နှစ်ခန့်သာလိုပါသည်။ ၂၀၂၅ တွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈,၁၀၀ ခန့် ရှိမည်ဟု ကုလသမဂ္ဂက မျှော်မှန်းထားပါသည်။ ၂၀၂၅ တွင် ရေရှားပါး ပြတ်လပ်ဖွယ်ရှိသည့် သုံးပုံနှစ်ပုံဆိုသော လူဦးရေမှာ သန်းပေါင်း ၅,၄၀၀ ခန့်ဖြစ်ပါသည်။ ကျွန်တော်တို့ နေထိုင်ရာ အာရှတိုက်တွင် လူလည်းများ ရေလည်းရှားသော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အင်ဒိုနီးရှားတို့၏ ၂၀၂၅ တွင်ရှိမည့် လူဦးရေကို ဦးစွာကြည့်သင့်ပါသည်။ အမေရိကန် ပြည်ထောင်စု သန်းခေါင်စာရင်းဗျူရို၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၅ တွင် အိန္ဒိယလူဦးရေသည် ၁,၃၉၆ သန်းဖြင့် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာပြီး တရုတ်သည် ၁၃၉၄ သန်းဖြင့် ဒုတိယနေရာသို့ ရောက်ရှိမည်ဖြစ်ပါသည်။ အင်ဒိုနီးရှားသည် ၂၇၈ သန်း၊ ပါကစ္စတန်သည် ၂၂၈ သန်း၊ ဘင်္ဂလားဒေ့ရှ်သည် ၁၉၇ သန်း အသီးသီးရှိလာမည်ဖြစ်ပါသည်။ ထိုငါးနိုင်ငံ၏ ၂၀၂၅ လူဦးရေသည် ၃၄၉၄ သန်းဖြစ်ပါသည်။ ရေရှားပါးပြတ်လပ်မည့် လူဦးရေသန်းပေါင်း ၅,၄၀၀ တွင် ထိုငါးနိုင်ငံ၏ လူဦးရေပါနိုင်ဖွယ်ရှိ၍ ကျန်လူဦးရေ ၁,၉၀၆ သန်းမှာ အခြားရေရှားပါးသော နိုင်ငံနှင့် ဒေသများမှ ဖြစ်ဖွယ်ရှိပါသည်။
ဤနေရာတွင် ရေရှားပါးမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂက သတ်မှတ်သည့် အဆင့်သုံးဆင့်ကို ဖော်ပြလိုပါသည်။ ဒေသတစ်ခုတွင် လူတစ်ဦးအတွက် နှစ်စဉ်ရေသုံးစွဲမှုပမာဏကို ကုဗမီတာဖြင့် တိုင်းတာသတ်မှတ်ထားခြင်းဖြစ်ပါသည်။ လူတစ်ဦး တစ်နှစ်ရေသုံးစွဲမှု ကုဗမီတာ ၁,၇၀၀ အောက်သို့ လျော့ကျပါက ထိုဒေသကို ရေကြောင့်ကြရသည့် အဆင့် (Water Stress)ဟု သတ်မှတ်ပြီး ကုဗမီတာ ၁,၀၀၀ အောက်သို့ကျရောက်လျှင် ရေရှားပါးအဆင့် (Water Scarcity)ဟု သတ်မှတ်ပါသည်။ အကယ်၍ ကုဗမီတာ ၅၀၀ အောက်သို့ လျော့ကျလာလျှင် ရေပြတ်လပ်အဆင့်(absolute scarcity)ဟု သတ်မှတ်ပါသည်။ ၂၀၀၆ မှ ၂၀၁၀ ပြည့်နှစ်အတွင်း လေးနှစ်ကာလ ကမ္ဘာ့ဒေသအလိုက် လူတစ်ဦး နှစ်စဉ်ရေသုံးစွဲနိုင်မှု ပျမ်းမျှကုဗမီတာမှာ ယခုလို တွေ့ရပါသည်။ အာဖရိကတိုက် ၂၄၅ ကုဗမီတာ၊ တောင်အမေရိကတိုက် ၄၇၈ ကုဗမီတာ၊ အာရှတိုက် ၅၁၉ ကုဗမီတာ၊ ရှရှားနိုင်ငံ ၇၁၃ ကုဗမီတာ၊ ဥရောပတိုက် ၁၂၈၀ ကုဗမီတာနှင့် အမေရိကတိုက်(အလယ်ပိုင်းနှင့် မြောက်ပိုင်း) ၁၈၆၁ ကုဗမီတာဖြစ်ပါသည်။
ရေရှားပါးပြတ်လပ်မှုဆိုးကျိုးကို ပြန်လည်သုံးသပ်လျှင် သစ်တောပြုန်းတီးမှု၊ ပင်လယ်ပြင်ညစ်ညမ်းမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ ရေမြေတောတောင်ဂေဟစနစ် ပျက်ယွင်းလာမှု၊ ရေချို၏တန်ဖိုးနှင့် ကျေးဇူးကို အလေးမထားမိမှု၊ ရေသံသရာလည်ပုံနှင့် ပတ်သက်သည့် ဗဟုသုတအားနည်းမှု စသည့် အဓိကအကြောင်းရင်းများကို တွေ့ရမည်ဖြစ်ပါသည်။ ထိုရေပြဿနာကြောင့် တိုးတက်နေသည့် လူဦးရေအတွက် စားနပ်ရိက္ခာဖြည့်ဆည်းရာတွင်လည်းကောင်း၊ ကုန်းနေရေနေသတ္တဝါများ အသက်ရှင်ရပ်တည်နိုင်ရေးတွင်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာတွင်လည်းကောင်း များစွာထိခိုက်စေမည်ဖြစ်ပါသည်။ ထို့ကြောင့် တာဝန်သိသော အစိုးရများသည် ပစ္စုပ္ပန်နှင့် အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိသည့် ရေပြဿနာကို ပြည်တွင်းပညာရှင်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများအကူအညီဖြင့် ဖြေရှင်းလျက်ရှိကြပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်နေကြသည့် နိုင်ငံများအနက် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ရေပြဿနာနှင့် ဖြေရှင်းပုံများကို အကျဉ်းမျှတင်ပြလိုပါသည်။
တရုတ်နိုင်ငံလူဦးရေ သန်းပေါင်း ၁၃၆၀ ကျော်၏ ၄၇ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြပြီး ၅၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ပါသည်။ ယခုအခါ မြို့နေလူဦးရေ၏ ၉၅ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ရေပိုက်လိုင်းများဖြင့် ရေပေးဝေနိုင်ပြီဖြစ်ပါသည်။ သို့သော် ခြောက်သွေ့ရာသီတွင် နိုင်ငံ၏ မြောက်ပိုင်းဒေသ အများအပြားတွင် ရေရှားပါးပြတ်လပ်မှုရှိသဖြင့် အစိုးရက တောင်ပိုင်းဒေသမြစ်ချောင်းများမှ ရေကို မြောက်ပိုင်း မြစ်ချောင်းများဆီသို့ ရေသွယ်ယူမှု ရေရှည်စီမံကိန်း(South-to-North Water Transfer Project)တစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ ပင်လယ်နှင့် နီးစပ်သော ဒေသများတွင် ပင်လယ်ရေငန်ကို ရေချိုဖြစ်အောင် သန့်စင်သည့် စက်ရုံလုပ်ငန်း၊ ဟောင်းနွမ်းဆွေးမြည့်သည့် မြေအောက်ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်သည့်လုပ်ငန်း၊ ရေဆိုးများကို အသုံးတည့် လူသုံးကုန်ပစ္စည်း ပြန်လည်ထုတ်လုပ်သည့်လုပ်ငန်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ၂၀၁၃ မှစ၍ ပြည်နယ်နှင့် အထူးဒေသအားလုံးတွင် လူဦးရေအလိုက် ရေခွဲတမ်းစနစ်ကျင့်သုံးရေး၊ ရေအသုံးများမှုအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရေး၊ နှစ်စဉ် ရေအပိုအလိုဘတ်ဂျက်ရေးဆွဲရေး စသည့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက် ရှိပါသည်။
ထိုလုပ်ငန်းစဉ်များ ချောမောအောင်မြင်ရေးအတွက် အိုးအိမ်နှင့်မြို့ပြကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (Ministry of Housing and Urban-Rural Development)ကို ဖွဲ့စည်းခဲ့ပါသည်။ ဤဝန်ကြီးဌာနသည် ရေမြေ၊ အိုးအိမ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ပညာရှင်ပေါင်းစုံ ပါဝင်သော ဝန်ကြီးဌာနဖြစ်သဖြင့် ခေတ်မီသော အစီအမံတစ်ခုဖြစ်ပါသည်။ တရုတ်အစိုးရသည် နိုင်ငံပိုင်အရန်ငွေကြေး အမြောက်အမြားပိုင်ဆိုင်ထားပြီး ယခုလို ရေပြဿနာမျိုး ဖြေရှင်းရာတွင် နိုင်ငံပိုင်၊ပုဂ္ဂလိကပိုင် ငွေအင်အားကို အကျိုးရှိရှိ လက်တွဲဆောင်ရွက်နိုင်စွမ်းရှိသော အစိုးရပုံစံမျိုးဖြစ်ကြောင်း တွေ့ရပါသည်။
ဆက်လက်ပြီး အိန္ဒိယနိုင်ငံ၏ရေပြဿနာကို တင်ပြပါမည်။ အိန္ဒိယနိုင်ငံလူဦးရေသန်းပေါင်း ၁၂၄၀ ကျော်၏ ၃၀ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ပြီး ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ပါသည်။ ပြည်နယ် ၃၅ ခုအနက် ပြည်နယ်ခုနစ်ခု၏ ကျေးလက်ဒေသသည်သာ သောက်ရေကောင်းစွာရရှိပြီး ကျန်ပြည်နယ်များ၏ ကျေးလက်ဒေသသောက်သုံးရေမှာ လုံလောက်မှုနှင့် သန့်ရှင်းမှုတွင် အခက်အခဲများ ရှိဆဲဖြစ်ပါသည်။ မြစ်ချောင်းများညစ်ညမ်းမှုကြောင့် စိုက်ပျိုးရေးအတွက် ရေချိုအများအပြားကို မြေအောက်ရေမှ ထုတ်ယူသုံးစွဲလျက်ရှိသဖြင့် ရေရှည်တွင် ဆိုးကျိုးများပေါ်ပေါက်စေမည်ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရက ၂၀၁၂ အမျိုးသားရေပေါ်လစီ (National Water Policy2012)ချမှတ်၍ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်သုံးကဏ္ဍ၊ ရေအရင်းအမြစ်တိုးချဲ့ရှာဖွေရေးကဏ္ဍ၊ ရေဝေရေလဲဒေသထိန်းသိမ်းရေးကဏ္ဍ စသည့် ကဏ္ဍအသီးသီးအတွက် အသေးစိတ်မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်များတွင် မိုးရေကို စနစ်တကျ ရယူထိန်းသိမ်းရေး၊ ရေလွှမ်းမိုးမှုဒဏ်မှ တားဆီးကာကွယ်ရေး၊ မြေအောက်ရေသုံးစွဲမှု စောင့်ကြည့်ထိန်းချုပ်ရေး၊ ရေအရင်းအမြစ်ရှာဖွေမှုနှင့် ရေကို စည်းကမ်းတကျသုံးစွဲမှုတို့တွင် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးရေး၊ ရေဆိုးများကို သန့်စင်ရေး၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများတွင် ရေသုံးအနည်းဆုံးဖြစ်အောင် နည်းပညာရှာဖွေရေး၊ ရေမီတာဖြင့် စနစ်တကျ ရေဖြန့်ဝေရေး၊ ရေထုညစ်ညမ်းမှုနှင့် ရေချိုထုအတွင်း ရေငန်ထိုးဖောက်မှု တားဆီးကာကွယ်ရေး၊ မိုးခေါင်ရေရှားဒဏ်ခံနိုင်မည့် သီးနှံများ အစားထိုးစိုက်ပျိုးရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများတွင် ရေနှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းများ ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်ရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး စသည်တို့ ပါဝင်သည်။ ထို့အပြင် မြစ်နှင့် တူးမြောင်း စုစုပေါင်း ၃၀ ကို ချိတ်ဆက်ပြီး ရေစီးရေလာမြှင့်တင်မည့် အမျိုးသားစီမံကိန်း(National River LinkProject)တစ်ရပ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
ရေရှားပါးပြတ်လပ်မှုနှင့် ဆက်စပ်နေသည့် သစ်တောပြုန်းတီးမှုကိစ္စကိုလည်း အရေးတကြီး ထည့်သွင်းစဉ်းစားရန် လိုပါသည်။ သစ်တောရှိမှ ရေမြေထိန်းသိမ်းမှုနှင့် အခိုးအငွေ့ပြန်မှုရှိပါသည်။ မိုးရွာသွန်းမှုကောင်းမွန်ပါသည်။ ၂၀၁၁ စာရင်းအရ အိန္ဒိယနိုင်ငံတွင် နိုင်ငံအကျယ်အဝန်း၏ ၂၄ ဒသမ ၆၈ ရာခိုင်နှုန်းသာ သစ်တောဖုံးလွှမ်းမှုရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏သစ်တောမှာ အဆိုးဆုံးဖြစ်ပြီး နိုင်ငံဧရိယာ၏ ၀၆ ဒသမ ၀၅ ရာခိုင်နှုန်းသာရှိပါသည်။ တရုတ်နိုင်ငံ၏ သစ်တောဧရိယာမှာလည်း နိုင်ငံဧရိယာနှင့်ယှဉ်လျှင် ၁၈ ဒသမ ၂၁ ရာခိုင်နှုန်းသာရှိပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်မူ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၈၇ ရှိသည်ဟုဆိုသော်လည်း ၁၉ ဒသမ ၈၇ ရာခိုင်နှုန်းသာ သစ်တောနှင့်တူသော သစ်တောများဖြစ်ကြောင်း သိရပါသည်။ ဤ ၂၀၁၁ မှ ၂၀၂၅ အထိ ၁၄ နှစ်တာကာလအတွင်း နိုင်ငံအလိုက် ထပ်မံပြုန်းတီးဖွယ်ရှိသည့် သစ်တောပမာဏကို စဉ်းစားကြည့်ပါက စိတ်မအေးဖွယ်ဖြစ်ပါသည်။ သစ်တောသစ်ပင်များကို မီးဖိုချောင်သုံးလောင်စာအတွက် အများဆုံးအသုံးပြုနေရသည်မှာလည်း ရင်လေးဖွယ်ဖြစ်ပါသည်။ ပုဂ္ဂလိကပိုင်းက ဓာတ်ငွေ့အိုးများကို ဈေးကွက်အတွင်း သက်သာသော ဈေးနှုန်းဖြင့် ဖောဖောသီသီ ဖြန့်ဖြူးပေးနိုင်ရေးကိစ္စမှာလည်း အစိုးရ၏စိတ်ရောကိုယ်ပါ အားပေးကူညီပံ့ပိုးမှုများရှိမှသာလျှင် အောင်မြင်နိုင်မည် ဖြစ်ပါသည်။
အချုပ်အားဖြင့် ရေချိုရှားပါးပြတ်လပ်မှုဘေးအန္တရာယ်သည် မြန်မာနှင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများအတွက် ခြိမ်းခြောက်မှုဖြစ်လျက်ရှိပါသည်။ ထို့ကြောင့် မြို့ကြီးပြကြီးများသာမက ကျေးလက်ဒေသများပါ အကျုံးဝင်သည့် ရေပေါ်လစီ၊ ရေစီမံကိန်းများကို ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရနှင့် ပုဂ္ဂလိကပညာရှင်များ ပူးပေါင်းရေးဆွဲအကောင်အထည်ဖော်သွားရန် လိုအပ်ပါသည်။ သို့မှသာ ၂၀၂၅ ကို အဆုံးအရှုံး အနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်မည်ဟု မျှော်လင့်မိပါသည်။
7Day Daily
No comments:
Post a Comment