"ဒီလို နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးချိန်၊ အကြပ်အတည်းလုပ်ချိန်၊ အနိုင်ကျင့်ချိန်မှာ၊ မြန်မာ ပြည်တွင်းသာမက ပြည်ပမှာရှိနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေထဲကလည်း မြန်မာနိုင်ငံကို ဘယ်လောက် အစစ်အမှန် ချစ်ကြသလဲဆိုတာ ထင်ထင်ရှားရှားပေါ်လာမယ်။ မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေသူ၊ အနာဂါတ်မှာအုပ်ချုပ်ချင်ကြသူ တွေထဲကလည်း မြန်မာနိုင်ငံကို ဘယ်လောက်ချစ်ကြသလဲ၊ မြန်မာပြည်သူပြည်သားတွေလုံခြုံရေးကို ဘယ်လောက်အလေးထား ဆောင်ရွက်ကြသလဲ၊ ကိုယ့်မြန်မာနိုင်ငံ နှင့် အမိမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ဘယ်အတိုင်းအတာအထိ ဦးဏှောက်ရှိရှိ ကာကွယ်နိုင်မလဲ... ဆိုတာ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ပြိုင်တဲ့ ပွဲလိုပါပဲ။။
မကြာခင် မျက်ဝါးထင်ထင် တွေ့ကြရပါတော့မယ်။ အရေးကြီးပြီ။ သွေးနီးကြပါ။ အမိမြန်မာနိုင်ငံ လွတ်လပ်ရေးကို ကမ္ဘာ့သမိုင်းမှာ "အမေရိကန်က တိုက် ပေးခဲ့တာ မဟုတ်ဖူး။ တရုတ်က တိုက်ပေးခဲ့တာ မဟုတ်ဖူး။ အင်္ဂလိပ်က လွယ်လွယ်ကူကူ ပြန်ပေးခဲ့တာမဟုတ်ဖူး။ ဂျပန်က မေတ္တာအပြည့်နဲ့ ပြန်ပေးခဲ့တာ မဟုတ်ဖူး။
ဘယ်တိုင်းပြည်ကမှအနစ်နာခံပြီး ပြန်ယူပေးခဲ့တာမဟုတ်ပါ။ မြန်မာပြည်ကိစ္စ၊ မြန်မာ့အရေး၊ မြန်မာ့ လွတ်လပ်ရေးကို မြန်မာ့မျိုးချစ်ခေါင်းဆောင်တွေ၊ မြန်မာမျိုးချစ်ပုဂ္ဂိုလ်တွေ၊ မြန်မာအမျိုးသမီးကြီးတွေ၊ မြန်မာအမျိုးသားတွေ၊မြန်မာ့တမျိုးသားလုံး အသတ်ခံ၊ အသက်အသေခံ၊ ဘဝအပျက်ခံပြီး ရှေ့တင်ကရော၊ နောက်ကွယ်ကရော စွမ်းစွမ်းတမံ၊ ရဲရဲဝံ့ဝံ့ အနစ်နာခံ တိုက်ပွဲဝင်ခဲ့လို့၊ အရပြန်ယူနိုင်ခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေး နဲ့ အကျွန်ုပ်တို့ချစ်သော အမိမြန်မာနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အချင်းချင်းစည်းလုံးကြပါ။ ဘယ်သူ့ဖိအားပေးမှုကိုမှ မကြောက်ကြပါနဲ့။ အမိအဖ၊ ဘိုးဘွားဘီဘင် လက်ထက်က အသက်စွန့် အရယူခဲ့ရတဲ့ အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ရေရှည်တည်တန့်ခိုင်မြဲရေး၊ လုံခြုံငြိမ်းချမ်းရေး၊ မိမိရဲ့ သား၊ သမီး၊ မြေး၊ မြစ် မျိုးရိုးစဉ်ဆက် အန္တရယ်ကင်းကင်းနေထိုင်နိုင်ရေး အကျိုးအတွက် ယခု အရေးအကြီးဆုံးအချိန်မှာ သွေးစည်းညီညွတ်စွာ ဝိုင်းဝန်းကာကွယ်ကြပါဟု အလေးအနက် တိုက်တွန်းပါတယ်။
No comments:
Post a Comment