ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်းဆောင်ရွက်နေသည့် မြန်မာယမ်စီကုမ္ပဏီနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန်အတွက် မေ ၂၅ ရက် နံနက်မှ ယခုချိန်ထိ ဒေသခံတောင်သူများက အဓိကဝင်ပေါက်ကို ပိတ်၍ စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။
"ကုမ္ပဏီဘက်ကို မေလ၂၅ ရက်(မနက် ၁၀) နာရီတွေ့ဆုံဖို့ဒေသခံတွေအနေနဲ့ တောင်းဆိုခဲ့တာ။တွေ့ဆုံဆွေးနွေးရေးအတွက် မနေ့ကစပြီး ဒီနေ့( မေ ၂၆)အထိ ကြေးနီလုပ်ငန်းခွင် အဓိက ၀င်ပေါက်ကိုပိတ်ပြီး စောင့်ဆိုင်းနေတာပါ။ ဒေသခံကုမ္ပဏီ ၀န်ထမ်းတွေကိုလည်း ဒီဝင်ပေါက်ကနေ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်"ဟု ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာဒေသခံ ကိုတင်အောင်စိုးကပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကစ၍ ကြေးနီစီမံကိန်းတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ (၈) ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဒေသခံ များ၏ တောင်းဆိုချက်များနှင့်ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသေးပေ။
“ဒေသခံတွေရဲ့တောင်းဆိုချက်ကို ကုမ္ပဏီဘက်ကတွေ့ဆုံဆွေးနွေးလိုက်ရင် ဒီကိစ္စပြီးသွားမှာပါ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ နှစ်ဖက်ပြေလည်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ပါ။ ကုမ္ပဏီ ဘက်က တွေ့ဆုံဆွေးနွေးမှုမလုပ်မချင်း ဒေသခံတောင်သူက ဂိတ်ပေါက်မှာ ထိုင်စောင့်နေကြတာ”ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်က ပြောသည်။
No comments:
Post a Comment