Thursday, April 24, 2014

လှည်းသားများနှင့်အဆိပ်ပင်

လှည်းသားများနှင့်အဆိပ်ပင်

ဥပဒေသ
“တွေ့ကြုံသမျှ၊အစစ၊ကြံဆဥာဏ်ဖြင့်ကြည့်”
“ဘေးရန်ကင်းပ၊ချမ်းသာရ၊နောင်တပူမရှိ”

“ဆရာ..ဆရာဒီသစ်ပင်ကြီးကြည့်စမ်းပါ။ အပင်ကလဲ စည်ကား အသီးကလဲ ပြွတ်နေတာပဲ။စားချင်စဖွယ်ပဲ..”
“အေး..ဟုတ်တယ်။ ဒါပေမယ့် အရမ်းတော့ မခူးမဆွတ်ကြနဲ့နော်..”
“အရွယ်ကတော့ သရက်နဲ့သိပ်မတူဘူးဆရာရဲ့။ အသီး ကတော့ ပုံသဏ္ဍာန်ရော၊ အရွယ်ရော၊ အရောင် ရော အဆင်းရော သရက်သီးအတိုင်းပဲ၊ နည်းနည်းဆွတ် စားကြည့်ချင်လိုက်တာ..”
“အရမ်းမလုပ်ကြနဲ့ဟေ့၊အဆိပ်သီးဖြစ်နေမှဒုက္ခရောက်နေ ဦးမယ်…”
“ဟာ..ဆရာကလဲ ပူပင်တတ်လိုက်တာ၊ အသီးတွေ ကချော လဲချော၊ ၀င်းမှည့်နေပုံကလဲ သရက်သီး အတိုင်းပဲ၊အဆိပ်ပင်မဖြစ်နိုင်ပါဘူး..”
“ဘာဖြစ်ဖြစ် အရမ်းခူးမစားကြနဲ့၊ ရွာထဲဝင်ပြီး ကုန်ရောင်း သွားဖို့သာပြင်ကြ၊သူများအပင်ကိုခူးဆွတ်တာလဲ ကောင်း တာမဟုတ်ဘူး..”
တပည့်လှည်းသားများသည် မိမိတို့လှည်းများကို သစ်ပင်ရိပ်တွင်ချွတ်ပြီးနားနေရင်း သစ်ပင်နှင့် အသီးအကြောင်းကို လှည်းမှူးဖြစ်သောကုန်သည် ဆရာကြီးအား ပြောဆိုနေကြသည်။ အချို့သောတပည့်များက လှည်းမှူး၏ တားမြစ်စကားကို မနာယူကြ။ လက်လှမ်းမီသော အသီးအချို့ကို ဆွတ်ယူ စားကြသည်။ ခဏကြာသော် အချို့သည် မူးမော်ရှုံ့ မဲ့နေကြသည်။အချို့မူဟန်မဆောင်နိုင်ဘဲ မြေပေါ်တွင်ပစ် လှဲလိုက်ကြသည်။
“ဆရာရေ…လုပ်ပါဦး ဒီကောင်တွေ အသီးဆွတ်စားပြီး လဲကုန်ကြပြီ..”
“ဟဲ့..ဟဲ့..ငါ့ဆေးထုပ်ယူခဲ့စမ်း။ရော့..အဲဒီအန်ဆေးကို သောက်ပစေ၊မထနိုင်တဲ့ကောင်တွေ ပါးစပ်ထဲ လောင့်ထည့်ပေး..”
ဆေးသောက်ပြီးနောက် စားပြီးသော အသီးအစအနများ အန်ထုတ်ကုန်ကြသည်။ ပြီးသော် လှည်းမှူးကြီးသည် အဆိပ်ဖြေဆေးကိုသောက်စေ၏။ ထို့နောက် အင်အားရှိစေရန်ပါလာသော စတုမဓူကိုစားစေသည်။ တပည့်များအန္တရာယ်ပျောက်ကင်းကြလေသည်။
ထိုအခိုက် ရွာထဲမှ ရွာသား ၁၀ယောက်ခန့် ထွက်လာကြပြီး သူတို့အနီးရောက်လာကြသည်။ ရွာသားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်နှာပျက်နေကြသည်။ လှည်း မှူးကြီးက ဖြစ်ပုံ ကို ပြောပြရင်း ထိုသစ်ပင်အကြောင်းစုံကိုမေးမြန်းရာ ရွာသားများက ၀န်ခံပြောဆိုကြလေသည်။
“ဒီအပင်က သရက်သီးလို အသီးမျိုးသီးတယ် ဆရာကြီး။အင်မတန်လှတယ်။ အသီးကလဲချောတယ်။ စားချင်စဖွယ်ပဲ။ဒါပေမယ့် အဆိပ်သီးတွေဖြစ်တယ်။ စားလိုက်ရင် ကွမ်းတစ်ရာညက်လောက်အတွင်း မူးလဲပြီး သေတာပဲ..”
“သြော်..ဒီလိုကိုး…မောင်တို့က တို့ကိုသတိပေးဖို့လာတာပေါ့..”
“ပြောရမှာတော့ ခပ်ခက်ခက်ပဲ။အမှန်ပြောရရင်တော့ ဒီလိုပဲ ကုန်သည်တွေလာလေ့ရှိကြပါ တယ်။ဒီနားရောက် ရင် ရွာထဲမ၀င်ခင် အရိပ်ကောင်းကောင်းနဲ့နားကြတာ ပဲ။နောက်ဒီအသီးဆွတ်စားကြတာပဲ။ စားပြီးရင် အဆိပ် ဒဏ်နဲ့သေကုန်ကြရော။ အဲဒီအခါကျုပ်တို့ရွာက ထွက် လာကြပြီး ကျန်ရစ်တဲ့ လှည်းတွေ၊နွားတွေ၊ကုန် ပစ္စည်းတွေ ခွဲဝေယူကြတာပဲ။ ပံ့သကူပစ္စည်းဖြစ် သွားပြီကိုး ဆရာကြီးရယ်..”
“ရက်စက်ကြပါပေ့ဗျာ၊အကြံပက်စက်ကြပါပေရဲ့..”
လှည်းမှူးကုန်သည်ကြီးနှင့် တပည့်များသည် တုန်လှုပ် သွားကြသည်။ ရွာသားများကလည်း မျက်နှာပျက် ပျက်နှင့်ပြန် သွားကြလေသည်။ တပည့်များက လှည်းမှူးကြီးအား မေးမြန်းကြသည်။
“ဆရာကြီး ဒီအရပ်ကို အရင်ကလဲ တစ်ခေါက်မှ မရောက်ဖူးဘဲနဲ့ ဘာပြုလို့ ဒီအသီးကိုမစားကြနဲ့ တားတာလဲ။ အဆိပ်ပင်အဆိပ်သီးဆိုတာ သိလို့လား..”
“အသေအချာသိလို့တော့မဟုတ်ဘူး တပည့်တို့ ဆင်ခြင် ဥာဏ်နဲ့စဉ်းစားပြီး သတိပေးတာဖြစ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ဒီအပင်ဟာစည်ကားတယ်။အသီးတွေဝေေ၀ ဆာဆာရှိတယ်။ စားချင်စဖွယ် ဖြစ်တယ်။ ရွာနဲ့လဲ အနီးအနားမှာ ကပ်နေတယ်။ ဒါပေမယ့်… ဆွတ်ခူးထား တဲ့ အခြေအနေလဲမတွေ့ရဘူး။ လုံလုံ ခြုံခြုံဆူးခြံတွေ ၀ါးစည်းရိုးတွေလဲ ကာရံထားတာမဟုတ်၊ အစောင့်အရှောက်လဲမရှိ၊ အကြောင်း တစ်ခုခု တော့ရှိ လိမ့်မယ်လို့စဉ်းစားပြီး တားမြစ်တာဖြစ်တယ်..”
တပည့်များသည် ဆရာကြီးအား“ဆရာကောင်းနဲ့တွေ့လို့ အသက် ချမ်းသာ ရာ ရကြပါတယ် ” ဟု ချီးကျူးစကားပြောဆိုကာ ၀ိုင်းကန်တော့ကြလေသည်။

(ဧကနိပါတ်၊ကိํဖလဇာတ်)
မောင်စန်းမှီ (အလင်းပြဇာတ်ဝတ္ထုများမှကူးယူဖော်ပြသည်....။
သတိပြုကာကွယ်...နေရောင်ခြည်အန္တရာယ်
ပင်းထန်သော နေရောင်ခြည်ကြောင့် အခုလက်တလော အခြေအနေတွင် ဘာမှ မဖြစ်သောလည်း ဒီအတိုင်း ခံစားထိတွေ့ နေလျှင် နှစ်ပေါင်းများစွာ ကြာမြင့်လာပါက အရေးပြားကင်ဆာ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သိရှိ နားလည်ပြီး ကာကွယ်ရန်အလွန်ပင်အရေးကြီးပါသည် ။

သင့်သည် ပူပြင်းသည့်နေပိုင်းတွင် သွားလာမည်ဆိုပါ က နေပူချိန်မြင့်မား သည့် အချိန်များကို ရှောင်၍ထွက်ရန် လိုအပ်သည်။

နေ့ အပူဒဏ် ကာကွယ်နိုင်ရန် အလွယ်တကူလုပ်နိုင်သည့် နည်းလမ်းတစ်ချို့ မှာ …….
(၁) သင့်အိပ်ယာထထခြင်း ရေကို အဝသောက်သည့် အကျင့်လုပ်ပါ
(၂) နေအပူရှိန်စရသည့် နံနက် ၁၀ နာရီမှ ညနေ ၅ အတွင်း ရေချိုးခြင်း မပြု့ လုပ်သင့်ပါ
(၃) နေပူသည့်နေ့ ခင်းတွင် အပြင်ထွက်လျှင် နေအပူ ဒဏ်ခံနိုင်သော ခရင်မ် လိမ်းခြင်း (သို့ ) သနပ်ခါး ထူထူ လိမ်းခြင်း နှင့် ချည်သားအင်္ကျီအပွဖြစ်သော အဝတ် ထည်ကိုဝတ်ဆင် သွားလာခြင်း
(၄) နေ့ ခင်းဖက်တွင် အနက်ရောင်သည်အပူကို စုပ်ယူနိုင်သည့် ဂုဏ်သတ္တိရှိသဖြင့် အနက်ရောင် အကျီ င်္းဝတ်ဆင်ပြီး သွားလာခြင်းကို လုံးဝ ရှောင်ကြဉ်ပါ
(၅) နေ့ ခင်းပိုင်းသွားလာခြင်းများသည့်အခါ ရေဆာလောင်ခြင်းဖြစ်လာပါက ရုတ်တရက် ရေခဲရေများ သောက်ခြင်းကို ရှောင်ကြဉ်ပေးပါ
(၆) တနေ့ တာအတွက် ချွေးထွက်များ ခြင်းကြောင့် နေ့ စဉ် (သို့ ) ရက်ခြား သီးစုံဖျော်ရည် တစ်ခွက်ကို သောက်သုံးပေးပါ
(၇) နေ့ ခင်းဖက်များတွင် အရည်သေစာ သောက် စားခြင်းရှိပါက လုံးဝ ရှောင်ကြဉ်ပေးပါ
(၈) အအေးခန်းများမှအပြင်ကို ထွက်မည်ဆိုပါက ရုတ်တရပ် နေအပူထဲ သို့ သွားလာခြင်း ကို ရှောင်ကြဉ်သင့်သလို့  အပူဒဏ်ခံစားနေရာမှ အအေးခန်းသို့ ချက်ခြင်း ဝင်ရောက်ခြင်းကို လည်း ရှောင်ကြဉ်သင့်သည်
(၉) သနပ်ခါးလိပ်ခြင်း ၊ ထီးများဆောင်းခြင်း ၊ ဦးထုပ်ဆောင်းခြင်း နှင့် နေကာမျက်မှန်များ တပ်ဆင်ခြင်းဖြင့် အပြင်သို့ သွားလာပေးခြင်း
(၁၀) ခြေကျင်လျှောက်သူများ ၊ စက်ဘီးစီးသူများ ၊ ဆိုင် ကယ်စီးသူများ နှင့် အကာကွယ်မဲ့ အလုပ် လုပ်ဆောင်နေသူများ တွင် ရုတ်တရက်မူးဝေခြင်း ဖြစ်လာပါက ချက်ခြင်း အရိပ်ရှိရာနေရာ တွင် ခေတ္တခဏနားရင်း အသက်ပြင်းပြင်းရှူရှူ ပေးပါ ပိုဆိုးလာပါက ဘေးပတ်ဝန်းကျင်ကို ချက်ခြင်းအကူ အညီ တောင်းခံရယူပါ
(၁၁) ပူပြင်းသော ရာသီဥတုကြောင့် အသက်ကြီး ရင့်သော လူကြီးများ ၊ နာတာရှည်ရောဂါရှိသူများ နှင့် ကလေးသူငယ်များ နေမကောင်းဖြစ်ပြီး ကိုယ့်အပူချိန်မြင့် မား လာပါက သတိမေ့ တက်ခြင်း ၊ အတွင်းတက်ခြင်း များ ဖြစ်ပေါ်လာတက်သည် ။ အထူးသတိရှိစွာဖြင့် ကြည့်ရှူ့ ပြီး နီးစပ် ရာ ဆေးရုံး ဆေးခန်းများကို ချက်ခြင်း သွားရောက် ကုသပေးခြင်း လုပ်ဆောင်ပါ ။

ဆောင်ရန်ရှောင်ရန် များစွာရှိသည့်အနက် တင်ပြပါတို့  သည် အလွယ်တကူ လုပ်ဆောင်နိုင်သည် အချက်များ ပင်ဖြစ်ပါသည် ။

မကြာခင်ရက်ပိုင်းများအတွင်းတွင် ရာသီဥတုမှာ ပူပြင်းလာနေသည့် အတွက် အပူဒဏ် ကာကွယ်နိုင်ရန် ကျန်းမာရေး အသိပေးမှု့ ကို နေ့ စဉ် သတင်းစာများ ၊ ဂျာနယ်များ နှင့် ရုပ်သံများတွင် အကျယ်တဝန်း အသိပေး တင်ပြလာပါတော့မည် ။

“ပူပြင်းလာပြီ ဥတုရာသီ ကာကွယ်မနှေး လိုက်နာပေး”
တင်ပြချက်များကို သိရှိလိုက်နာပြီး လူသားအားလုံး အသက်ရာကျော် ရှည်ပါစေ …..

ကျတော်တို့ရဲ့ သမ္မတကြီး

ကျတော်တို့ရဲ့ သမ္မတကြီး
=============

သူဂျပန်သွားတယ်....
သူပြည်ပခရီးတွေသွားတယ်....
၂၀၁၅ မှာသူ သမ္မတဆက်လုပ်ဖို့အရေး...
သူမပြောဘူး...

သူဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့တယ်....
အတိုက်အခံပါတီ မကောင်းကြောင်းသူမပြောဘူး...
သူပြောတာက သူ့နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း ကူညီဖို့...
အရင်အစိုးရလက်ထက်က တင်နေတဲ့အကြွေး ဒေါ်လာ သန်းပေါင်း ၅၃၀၀ကျော် ကို လျှော်ပေး ဖို့.....
သူ့နိုင်ငံလေးကို အကူအညီပေးဖို့....

သူဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့တယ်.....
၂၀၁၅မှ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေဝင်လာပါလို့သူ မပြောဘူး.....
သူပြောတာက....
ရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်ပါတယ်...
လာပါ... ကြိုဆိုပါတယ်...
နည်းပညာတွေ ကျတော်တို့လိုအပ်နေပါတယ်.....
ကျတော်တို့ဘက်ကလည်း စီးပွားရေးလုပ်ငန်းရှင်တွေကို လုံခြုံနွေးထွေးမှု မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဧည့်ဝတ်ကျေမှုတွေနဲ့ ပြန်တုန့်ပြန်မှာပါ.....

သူနိုင်ငံမကောင်းကြောင်းသူမပြောဘူး......
သူပြောတာက....
အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့....
ဒေသတွင်း နိုင်ငံအတွင်း ကဏ္ဌပေါင်းစုံမှာ လက်မထောင်နိုင်အောင် ကူညီပေးဖို့.....

ကျတော်တို့ သမ္မတကြီး.....
သူ့နုလုံးမှာစက်တပ်ထားတဲ့သူ...
သူကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ သူနိုင်ငံနဲ့လူမျိုး အတွက်အလုပ်ကိုပဲလုပ်တယ်....

ဘယ်မဲဆွယ် စည်းရုံးတာတွေ သူမလုပ်ဘူး...
သူလမ်းသူလျှောက်တယ်....
တဖတ်သားကို သူမပုတ်ခတ်ဘူး...

၂၀၁၅နီးလာပြီ မည်သည့် အာဏာဖတ်တွယ်မှုကိုမှသူ မပြဘူး....

၂၀၁၅နီးလာပြီ နိုင်ငံတကာမှာ သူများမကောင်းကြောင်းသူ့ကောင်းကြောင်း မပြောဘူး....

သူရဲ့ရိုးဂုဏ်က နိုင်ငံတကာကပါအသိအမှတ်ပြုခံထားရတဲ့သူ....

သူနိုင်ငံခြားခရီးတွေက ပြန်လာတိုင်း....
သူ့အတွက် သူ့မိသားစုအတွက် တခုခုပါချင်မှပါမယ်.....
သူ့နိုင်ငံအတွက် ကောင်းမွန်တဲ့ အနာဂါတ်တွေ ပါလာတယ်......

သူ နိုင်ငံခြားခရီးသွားတိုင်း......
စင်းလုံးငှား လေယဉ်လည်း မစီးဘူး....

သူ့နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေယူလာပြီး....
ဒီမိုကရေစီနိုင်ငံရဲ့ အနာဂါတ်ကို လှမ်းလို့ကြည့်နေတယ်.......

photo from - ဦးရဲထွဋ်

အသင် လူသား
“မေတ္တာသထော အနန္တော”
မတ္တာတရားဆိုတာ ထာဝရ အေးမြချမ်းမြေ့လှပါတယ်။ သူတစ်ပါးအတွက် ကိုယ်ကပေးဆပ်လိုက်တဲ့ မေတ္တာ တရားအတွက် တုန့်ပြန်မှု ပိုင်ဆိုင်မှု စတဲ့ ကိုယ့် အတွက် မျှော်လင့်ချက်တွေ ဘာမှမရှိပါဘူး။ မေတ္တာ တရား ဆိုတာ အပေးသက်သက် သူတစ်ပါး ချမ်းမြေ့စေ ဖို့ ကိုယ်က တတ်နိုင်သလောက်ပေးဆပ်လိုက်တဲ့အရာ မျိုးပါ။ ထို့အတူ မေတ္တာတရား ဆိုတာ ရောင်ပြန်ဟပ်လေ့ လည်းရှိတယ်။
မတ္တာတရားနဲ့ပတ်သက်လို့ ဓမ္မဗျူဟာစာစောင်ထဲက ဖတ်ဖူးတဲ့ အကြောင်းအရာလေး ကို ပြောပြချင်ပါတယ်။
တစ်ခါတုန်းက ရွာတစ်ရွာ မိခင်မုဆိုးမအိုကြီးကို ပြုစု လုပ်ကျွေးနေကြတဲ့ ညီအစ်ကိုနှစ်ယောက် ရှိတယ်။ တစ်နေ့တော့ မိခင်မုဆိုးမအိုကြီး အပြင်းအထန်နာမ ကျန်းဖြစ်လို့ ဆေးဆရာခေါ်ပြတဲ့အခါ ဆေးဆရာကသူ ရဲ့ဆေးကိုယုန်သားနဲ့ကျွေးမှ ရောဂါပျောက်မည်ဖြစ်ကြောင်း မှာခဲ့တယ်။
နောက်နေ့မနက်မှာ အစ်ကိုလုပ်သူက ညီဖြစ်သူကို ယုန်ရှာဖို့ တောထဲကိုလွှတ်လိုက် တယ်။ တောထဲရောက် တဲ့အခါ ယုန်ဖမ်းဖို့ ပိုက်တွေကို ခြုံတွေမှာ လွှမ်းထား ပြီး ပိုက်ထဲကို ယုန်ဝင်အောင် တောခြောက်တော့တာပေါ့။
တောခြောက်သံကြောင့် ယုန်တွေထွက်ပြေးကြရင်း ယုန်တစ်ကောင်ကပိုက်ထဲကို ၀င်သွားပါတော့ တယ်။ ညီဖြစ်သူလည်း ၀မ်းသာအားရ ပိုက်ထဲက ယုန်လေးကို ဖမ်းတဲ့အခါ သေမယ့်ဘေးကြောင့် ကြောက်ပြီး တုန်နေ
တဲ့ ယုန်လေးကို တွေ့လိုက်ရတယ်။
ညီဖြစ်သူက သေဘေးကိုကြောက်ရွံ့ပြီး တုန်နေတဲ့ ယုန်လေးကိုကြည့်ရင်း
“ အော် သူမှာလည်း အသက်နဲ့ပဲ သေမှာကြောက် ရှာမှာပဲလေ၊ ကိုယ့်မိဘအသက်ရှင်ဖို့ ကိုယ့်အတ္တတရား အတွက် သူတစ်ပါးရဲ့အသတ်ကို သတ်ရမှာမတရား ပါဘူးလေ ” ဆိုပြီး တွေးတောရင်း ယုန်လေးကို လွှတ်လိုက်တယ်။
အိမ်ရောက်တော့ ယုန်မပါတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူ ကမေးတော့ ...အကြောင်းစုံကို ပြန်ပြောပြတဲ့အခါ အစ်ကိုဖြစ်သူက ဒေါသပုန်ထတော့တာပါ့။  ဒါပေမယ့် ဒီအကြောင်းကို သူတို့မိခင်မုဆိုးမအိုကြီးသိတဲ့အခါ အစ်ကိုဖြစ်သူကို ညီလေးလုပ်တာ မှန်ကန် တဲ့ကြောင်းပြော ရင်း သူ့သားလေးရဲ့လုပ်
ရပ်ကို ချီးကျူးရင်းစိတ်နှလုံးမှာ ချမ်းမြေ့ကြည်လင် ကာ ဖြစ်နေတဲ့ရောဂါဟာချက်ခြင်း ဆိုသလိုအရှင်းပျောက် ကင်းသွားပါတော့တယ်။
မေတ္တာတရားတွေ အပြန်အလှန်ပေးဝေကြ ရင်း မေတ္တာရောင်ပြန် ဟပ်နိုင်ကြပါစေ ...

မြ၀ဏိုးစံ(စာပေဥယျာဉ်)

ချိန်တန်ပြီ

ချိန်တန်ပြီ


  နိုင်ငံတိုင်းလူမျိုးတိုင်းတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုး အတွက် သီးခြားရာဇ၀င်များရှိကြ၏။ နိုင်ငံနှင့်
လူမျိုးကြီးထွားလေလေ တိုးတက်လေလေ ရာဇ၀င်ပြောင်လေလေဖြစ်သည်။ သို့ဖြစ်ရ်ျ လူမျိုးတစ် မျိုး၊နိုင်ငံတစ်နိုင်ငံကိုလေ့လာသုံးသပ်ရာတွင် လက်ရှိအမြင်အားဖြင့်ဆုံးဖြတ်ရ်ျမရ။သူ့ရာဇ၀င် သူ့
သမိုင်း သူ့မှတ်တမ်းများကို အသေအချာလေ့လာ ဆန်း စစ်ပြီး အဘက်ဘက်ကချိန်ထိုးကြည့်မှသာ အမှန် ကိုမြင်နိုင်စွမ်းသည်ဟု ဦးကုလားရာဇ၀င်မှာရေးသားထား သည်ကိုတွေ့ရသည်။
ရာဇ၀င်ဆိုသည်မှာ သမိုင်းစဉ်တစ်လျှောက်လူသားတို့ ၏ဖြစ်တည်မှု၊တည်ဆောက်မှု၊ကြိုးပမ်းမှု မကောင်းသော အတွေ့အကြုံအဖြစ်အပျက်တို့အား ရင်ဆိုင်တွန်းလှန်နိုင် မှုကောင်းသောအတွေ့အ ကြုံအဖြစ်အပျက်အကြောင်း အရာများကို အမူကွန်းတင်ခြင်းပင်ဖြစ်ပါသည်။ လူ့ သမိုင်းကိုလူက သာ ရေးသားခြင်းဖြစ်ရာ
ကောင်းမွန်သောရေး သားခြင်းဖြင့်သာ ရာဇ၀င်မှာ စာ တင်သင့်ပါသည်။
မြန်မာတို့သည်ရိုး သားဖြူစင်သည်။ ခွင့်လွှတ်ကျေအေး တတ်သည်။ အယုံလွယ်တတ်သည်။ဒါကို အခွင့်ကောင်း ယူကာ ကိုလိုနီနယ်ချဲ့များက နှစ်ပေါင်း (၁၀၀)ကျော်တိုင် စိုးမိုးအုပ်ချုပ်ခဲ့ကြသည်။ သူ့ကျွန်ဘ၀ကိုကျရောက် ခဲ့ရသည်မှာ မြန်မာလူမျိုးတို့၏ဗဟုသုတနည်းပါးမှု၊ရောင့်ရဲလွယ်မှုတို့ ကြောင့်လည်းဖြစ်ပါသည်။ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့်တင့်တယ်ဝင့်ထယ်စွာနေထိုင်လာခဲ့ကြ သော ကိုယ့်လူမျိုး၊ကိုယ့်သမိုင်းကြောင်းကို မေ့နေကြပြီး နယ်ချဲ့ မိစာတို့၏ကုတ်သွေးစုတ်သမျှကို ခါးဆီးခံနေခဲ့ကြရ သည်။မြန်မာတို့၏အမြင်မကျယ်မှုတို့ကြောင့် ခေတ်နောက်ကျကျန်နေခဲ့ရပြီး ယုံ လွယ်မှုကြောင့် တိုင်းပြည်နွံနစ် ကျွန်ဖြစ်ခဲ့ရဖူးပါ သည်။ တစ်ဖန်နွံနစ် ကျွန်ပြန်ဖြစ်မည်ကိုစိုးရိမ်မိပါသည်။
ယနေ့ခေတ်၊ယနေ့အချိန်အခါတွင်လည်း လူ့အခွင့် အရေး...  လူ့အခွင့်အရေးဟုကြွေးကြောနေကြ သည့်နိုင်ငံကြီးများကသာ သူတစ်ပါးနိုင်ငံ၏စီးပွားရေးကို လက်ဝါးကြီးအုပ်၊ရိုးသားသည့် မြန်မာ
ပြည်သားတို့၏လုပ်အားကိုအမြတ်ထုတ်ကာ ကုတ်သွေးစုတ်ယူနေကြပါသည်။ မြန်မာတို့သည် မူလဘူတကတည်းက ဘိုးဘေးဘီဘင်များထံမှ ဆင်းသက်လာသည့် စစ်မှန်သောအခွင့် အရေးဆို တာရှိပြီးသားပင်။ တောင်းယူစရာမလိုဘဲ ရရှိလာသော အခွင့်အရေးကို တန်ဖိုးထားရကောင်းမှန်း မသိရ်ျသာ သူတစ်ပါးစိုးမိုးခြယ်လှယ်ခြင်း ၀င်ရောက်စွက်ဖက်ခြင်းကို ခံနေကြရခြင်းဖြစ်ပါသည်။
နိုင်ငံခြားတိုင်းပြည်များမှ ဘာသာခြားလူမျိုးများသည် မြန် မာနိုင်ငံ ၏ ပကတိအခြေအနေ၊နောင်အလားအလာ မြန် မာပြည်၏ စီးပွားရေးအတိမ်အနက်၊ သယံ ဇာတ အရင်းအမြစ်တည်ရှိမှုစသည်တို့ကို အသေးစိတ်လေ့လာ ကာ ဗမာစကားကို နားလည်တတ်ကျွမ်းအောင်သင် ယူပြီး မြန်မာ့မြေမှာ အခြေချကာ စီးပွားရေးလုပ်ငန်းများ ကို လက်ဝါးကြီးအုပ်ချုပ်ကိုင်လျက်ရှိပါသည်။  မြန်မာ လူမျိုးများသည် နိုင်ငံခြားတိုင်းပြည်များကိုအထင်ကြီးကာ မိမိတို့၏ကာယအားဥာဏအားများကိုအသုံးပြုရ်ျ
ငွေတစ်ခု တည်းမျက်နှာဖြင့်ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေ ကြရသည်။နိုင်ငံခြားသားများသည် သူတို့တိုင်းပြည်မှာ လည်း လုပ်ငန်းရှင် သူများတိုင်းပြည်ကိုေ၇ာက်သော် လည်း လုပ်ငန်း ရှင်အနေ ဖြင့်သာ တွေ့မြင်နေရသည်မှာ ရင်ထဲမှာမချိပါ။
ပညာတတ်နည်းသည့်နိုင်ငံကို ပညာတတ် များသောနိုင်ငံများက စိုးမိုးခြယ်လှယ်သည်ဆိုသည်မှာ မှန်သော်လည်း မိမိတို့မြန်မာနိုင်ငံသည် ပညာတတ် များပေါကြွယ်လှပါသည်။လူမှန်နေရာမှန်မရှိရ်ျ သာ သူတစ်ပါးစိုးမိုးခြယ်လှယ်မှုကိုခံနေကြရခြင်းဖြစ်ပါသည်။
နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များသည် မန်နေဂျာတစ်ယောက်ကိုလက်ကတုံးတောင်မွှေးအ
ဖြစ် မွေးမြူပြီး လက်အောက်ဝန်ထမ်းများနှင့်မန်နေဂျာ ထိပ်တိုက်တွေ့ဆုံစေသည်။ မန်နေဂျာကလည်း (မန်နေဂျာ တိုင်းကိုမဆိုလိုပါ) မိမိမျက်နှာသာရ ရန် ၊နေရာ မြဲရန်ဟူသည့်.. ရန်ပေါင်းများစွာတို့ ၏တွန်း အားကြောင့်ဇာတိမာန်ပျောက်ပြီး တိုင်းတစ်ပါးသားတို့ ရဲ့လက်အောက်မှ နယ်ရုပ်ကလေးတရုပ်မျှသာဖြစ်နေ ကြ ရရှာပါသည်။
ဝန်ထမ်းများသည်လည်း မိမိတို့၏စားဝတ်နေရေး အတွက်ရရှိပြီးသော အလုပ်ကလေး ပြုတ်မှာစိုးရ်ျ
လည်းကောင်း၊သေချင်တဲ့ကျားတောပြောင်းကိန်းစိုက် မှာကြောက်ရ်ျလည်းကောင်း တိုင်းတစ်ပါး သားတို့၏ကုတ်သွေးစုတ်မှုများကို ခံနေကြရရှာသည်။
ယနေ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလည်းလုပ်ဆောင်နေပါသည်။ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများဆောင်ရွက်သကဲ့သို့ သမ၀ါယမလုပ်ငန်းများ၊ အသေးစား၊အလတ်စားစက်မှုလုပ်ငန်း များကိုနိုင်ငံ သားတိုင်းထူထောင်နိုင်အောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ မိုင်ထောင်ချီသည့် ခရီး ကိုခြေတစ်လှမ်းဖြင့်စတင်ရမည် မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသို့သော ကောင်းမြတ်သောအချိန်အခါတွင် အခြေ အနေကောင်းများကိုဖန်တီးပြီးနိုင်ငံသားစီးပွားရေးလုပ်ငန်း ရှင်ကြီးများကို မွေးထုတ် ရမည်။ နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း ၀န်ထမ်းများကိုအတတ် ပညာ နည်းပညာများပြည့်ဝစေရန် နိုင်ငံခြားတိုင်းပြည် များသို့ ပညာတော်သင်များစေလွှတ်ကာ မိမိလုပ်ငန်းများ တွင် တိုက်တန်စွာနေရာပေးရပါမည်။နိုင်ငံခြားမှအတတ် ပညာနှင့် အရင်းအနှီးများကိုဖိတ်ခေါ်လျှင်လည်း အချိန် ကာလတစ်ခုသာသတ်မှတ်သင့်ပါသည်။ နောင်တွင် မိမိနိုင်ငံသားအတတ်ပညာရှင်များကို မွေးထုတ်ရ်ျနေရာပေး သင့်ပါသည်။
မိမိတို့နိုင်ငံမှာ သဘာဝသယံဇာတပေါကြွယ်သည်။ လူသားအရင်းအမြစ်လည်းရှိသည်။ နည်းပညာကျွမ်းကျင် တတ်မြောက်သည့်ပညာရှင်များမွေးထုတ်သကဲ့သို့ ဖြောင့်မတ်မှန်ကန်ကောင်းမွန် သောစီးပွားရေးလုပ်ငန်းရှင်များလည်းရှိလာပြီဆိုလျှင် ကိုယ့်နိုင်ငံကိုယ့်လူမျိုးကိုအခြားသောနိုင်ငံခြားသားလုပ်ငန်း ရှင် အချို့၏ကုတ်သွေးစုတ်နှိမ့်ချဆက်ဆံမှုဒဏ်မှလည်း ကင်းဝေးမည်ဖြစ်ပါသည်။
သမိုင်းဟူသည် စာအုပ်ထဲတွင်မေ့ထားဖို့မဟုတ်ပါ။ ရင်ထဲအသဲထဲမှာ ထားရမှာဖြစ်ပါသည်။ ရာဇ၀င် သမိုင်းကြောင်း အစကောင်းခဲ့သည့် မြန်မာ ၊ကမာ့အလယ်မှာဂုဏ်သိကာ ရှိရှိ တင့်တယ်ဝံ့ထယ်စွာ ရပ်တည်ခဲ့သည့်မြန်မာပါ။ မိမိတို့ခေတ်တွင်မှ ညံ့ကြ ရတော့ မှာလား။ အားလုံးက အုတ်တစ်ချပ်သဲတစ်ပွင့်ဖြင့် စုစည်းလိုက်ရုံဖြင့် တင့်တယ်ဝံ့ထယ်ခဲ့သည့် ရာဇ၀င် ဗိမာန်ကြီးပြန်လည်ထွန်းလင်းတောက်ပလာမှာဖြစ်ပါ သည်။

အားလုံးကိုကျေးဇူးတင်လျက်
thetlae



မြန်မာနိုင်ငံနှင့်စီးပွားရေး၊ကုန်သွယ်ရေး၊သတ္တုတူးဖော်ရေး နှင့်ဟိုတယ်ခရီးလုပ်ငန်းများကိုပူးပေါင်းလုပ်ဆောင်လိုကြောင်း မွန်ဂိုလီးယားဝန်ကြီးချုပ်ပြောကြား



မြန်မာနိုင်ငံနှင့်စီးပွားရေး၊ကုန်သွယ်ရေး၊သတ္တုတူးဖော်ရေး နှင့်ဟိုတယ်ခရီးလုပ်ငန်းများကိုပူးပေါင်းလုပ်ဆောင်လိုကြောင်း  မွန်ဂိုလီးယားဝန်ကြီးချုပ်ပြောကြား

 
          “မွန်ဂိုလီးယားနိုင်ငံအနေဖြင့် စီးပွားရေးကုန်သွယ်ရေး၊သတ္တုတူးဖော်ရေးနှင့် ဟိုတယ်ခရီးလုပ်ငန်းများ တွင် မြန်မာနိုင်ငံနှင့်အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊မြန်မာနိုင်ငံနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၊စီးပွားရေးပြု ပြင်ပြောင်းလဲမှုဆိုင်ရာအတွေ့အကြုံများဖလှယ်ရန် အသင့်ရှိကြောင်း၊နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့ အကြုံများဖလှယ်ရန်အသင့်ရှိကြောင်း” မွန်ဂိုးလီးယား နိုင်ငံဝန်ကြီးချုပ်က မွန်ဂိုလီးယားနိုင်ငံလွှတ်တော်ဥက္ကဌ၏ဖိတ်ကြား ချက်အရ ချစ်ကြည်ရေးခရီးရောက်ရှိနေသောပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့ဝင်များအားပြောကြားခဲ့သည်။
            ထို့နောက်ပြည်ထောင်စုလွှတ်တော်နာယက က “မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာမြန်မာနိုင်ငံနှင့်မွန်ဂိုလီးယားနှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်၇ွက်ရန်နှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရန်ဖြစ်ပါကြောင်း၊ယခုလိုလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးမှ တစ်ဆင့် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ပြည်သူအချင်းချင်းချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လာရန်ရည်ရွယ် ကြောင်း၊မြန်မာ-မွန်ဂိုလီးယားနှစ်နိုင်ငံအနေဖြင့်ချစ်ခင်ရင်းနှီးမှုတိုးမြှင့်ရာတွင်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ခြင်း၊နည်းပညာဖလှယ် ခြင်း၊ယဉ်ကျေးမှုဖလှယ်ချင်း ကဏ္ဍများတွင်အဓိကနေရာကပါဝင်ကြောင်း၊နှစ်နိုင်ငံအနေဖြင့်နိုင်ငံလူဦးရေ၏ရာခိုင်နှုန်းအများစုမှာဗုဒ္ဓဘာသာကိုး ကွယ်ကြကြောင်း၊မြန်မာနိုင်ငံ၌ထူးခြားသောသဘာဝအရင်းအမြစ်များရှိကြောင်း၊တော၊တောင်၊မြစ်၊ ချောင်း၊ပင်လယ်၊ကမ်းခြေများနှင့် ရှေးဟောင်းမြို့တော်များဖြစ်သော မန္တလေး၊ပုဂံ၊ပြည်၊ သရေခေတ္တရာ စသောနေရာများ သည်ကမ္ဘာလှည့်ခရီးသည်များအလွန်စိတ်ဝင် စားကြကြောင်း၊မြန်မာနိုင်ငံ အနေဖြင့်ပထ၀ီနိုင်ငံရေးအရအရေးပါသောနေရာတွင်တည်ရှိကြောင်း၊ရေနံ၊သဘာဓာတ်ငွေ့နှင့်အခြားသယံဇာတများ၊ကျောက် မျက်ရတနာများလည်ထွက်၇ှိကြောင်း၊လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်း များထွက် ရှိကြောင်း၊အဆွေတော် တို့အနေဖြင့် လာရောက်ပူးပေါင်း၍ဆောင်ရွက်သွားနိုင် ကြောင်း၊အဆွေတော်တို့အနေဖြင့် သက်ဆိုင်ရာဌာနများဖြင့်လာရောက်ပူးပေါင်း ၍ဆောင်ရွက်သွား နိုင်ကြောင်း၊မိမိတို့ လွှတ်တော်အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးရန် အသင့် ရှိကြောင်း” ပြောကြားခဲ့ သည်။ယင်းနောက်ပြည်ထောင်လွှတ် တော်နာယကနှင့်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံရွေးကောက် ပွဲကော်မရှင် ရုံးသို့သွားရောက်၍ မွန်ဂိုလီးယားနိုင်ငံရွေးကောက် ပွဲကော်မရှင်၏ အီလက်ထရောနစ်မဲပေးစနစ်များကို လိုက်လံကြည့်ရှုခဲ့သည်။

ပိန်ဆေးတွေကိုအားနာတယ်

ပိန်ဆေးတွေကိုအားနာတယ်

(က)
“ဟယ်…သစ္စာ ၀လို့လှလို့ပါလား..”
အတော်လေးစိတ်ပျက်ဖို့ကောင်းတဲ့ နှုတ်ဆက်စကား၊အဆုးံဖြစ်တဲ့လှလို့သာမပါရင်တော့ စိတ်ဆိုးမိမည်ထင်သည်။
ဒါကြောင့်မို့လဲကျောင်းပြီးကတည်းက အိမ်ထဲကအိမ်ပြင် ထွက်ခဲသည်။ဈေးဝယ်စရာလည်းမလို၊ အပျော်အပါး ပွဲလမ်း သဘင်ဆိုသည်က လည်းနဂိုကပင်ဝါသနာ မပါသူဖြစ်၍ တစ်လနေမှတစ်ခါမထွက်ဖြစ်။ အခုလည်း သူငယ်ချင်းအရင်းခေါက်ခေါက်မင်္ဂလာဆောင်ဖြစ် ၍ ထွက်လာ ခဲ့သည်။တွေ့သမျှဆုံသမျှသူငယ်ချင်းတွေက လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ရှာ သည်။သို့သော်နှုတ်ဆက် စကားများနှင့် အတူတွယ်ကပ်ပါ လာသော “၀”လို့ ဟူသော ၀ိသေသကြောင့်ကျွန်မအောင့် သက်သက်ဖြစ် ရသည်။အရင်တုန်းကကျွန်မ မ၀ပါ။Slim Bodyခေါ် ကိုယ်ဟန်သွယ်သွယ်နှင့်ပြေပြေပြစ်ပြစ်ရှိခဲ့ဘူးပါသည်။ အခုတော့…။

(ခ)
ရှစ်တန်းအောင်ကတည်းက မေမေ့ရင်ခွင်ကခွာခဲ့ရသည်ဟု ဆိုရမည်။အငယ်ဆုံး၊အထွေးဆုံးဖြစ်၍ ဖေဖေမေမေတို့
အပေါ်နွဲ့ကောင်းတုန်း၊အကိုအမတွေပေါ်ဆိုးကောင်းတုန်း ၊ဘော်ဒါဆောင်တွင်နေရသဖြင့်ငရံ့ပြာလူးဖြစ်ခဲ့ရဘူးပါသည်။
“မေမေလဲ ဘယ်ခွဲချင်ပါ့မလဲသမီးလေးရယ်၊ ခုဟာက သမီးလေး ပညာရေးအတွက်ပါ။ ကိုးတန်း ကတည်း က ဘော်ဒါမှာနေပြီးအကျင့်လုပ်ခဲ့ရင် ဆယ်တန်းမှာ အခက်အခဲ သိပ်မ၇ှိတော့ဘူးပေါ့ကွယ်။ဒါမှလည်း အမှတ်ကောင်းကောင်းနဲ့အောင်မှာသမီးလေးရဲ့”
“ဘော်ဒါမှာသွားနေရမယ်ဆိုပေမယ့် တစ်မြို့တစ်ရွာ ကိုသွားနေတာမှ မဟုတ်တာသမီးလေးရယ်၊တစ်မြို့ တည်းပဲဟာ……ဖေဖေနဲ့မေမေလည်းလာတွေ့ လို့ ရတယ်၊ပြန်ပတ်ကြုံရင်လည်း အချိန်မရွေးသမီးလေးပြန် လာလို့ရတာပဲဥစ္စာ၊ဘာများစိတ်အားငယ် စရာရှိလို့လဲ”
ဖေဖေမေမေကချော့တော့လည်း ဘော်ဒါတွင်နေဖြစ်သည်။ကိုးတန်း တစ်နှစ်၊ဆယ်တန်းတစ်နှစ်။ဇူလိုင်လတွင်အောင်စာရင်းထွက်ပြီး မကြာမီ တက္ကသိုလ်လျှောက်သည်။ တက်ရတာက နိုဝင်ဘာလ၊မေမေ့ရင်ခွင်မှာလေး လြ ပည့်အောင်ပင် မနားလိုက်ရပါ။မဉ္ဇူဆောင်တွင် ကွန်းခိုပြီးဘွဲ့ရခဲ့သည်။ ထိုစဉ်ကာလများကမှုကျွန်မ၏ကိုယ်နေဟန်ထားသည်Slim Body ကနည်းနည်းလေးမှမပျက်ခဲ့ပါ။

(ဂ)
“မေမေ..သမီးကိုဆေးဝယ်ပေးပါနော်..”
“ဘာဆေးလဲသမီးလေးရဲ့..”
“ညက တီဗွီမှာကြော်ငြာသွားတာလေ၊ ခန္ဓာကိုယ်သွယ်လျ အဆီကျပိန်ဆေးဆိုတာ”
“အေးအေး…သမီးလေး၊ဖေဖေအလုပ်သွားရင်ဆေးနာမည်ပြောပြီးမှလိုက်”
မေမေကတစ်ခါချွဲပဲရှိတယ်။ဖေဖေကလည်း မှာလိုက်သည့်ဆေးကို ဆိုင်တကာနှံအောင်လည်ပြီး မရမကရှာဝယ်ပေးတတ်သည်။ဆေးတစ်ဗူးမှ မကုန် တတ်သေး၊ပိန်ဆေးအသစ်အဆန်းတစ်မျိုးက ထပ်၍ပေါ် လာပြန်သည်။ပေါ်လာတိုင်းလည်းဝယ်ပေးဖို့ပူဆာတတ်သည် ချည်း။ပူဆာတိုင်းလည်းဝယ်၍မရတတိပေ။ရုပ်သံမှကြော်ငြာပြီးသည့်တိုင် နယ်မြို့လေးသို့ဆေးအသစ်ကမရောက်တတ်သေး
ဖေဖေပင်ညည်းယူရသည်။
“မေမေကြီးရေ..မင်းသမီးပူဆာတိုင်းဆေးတွေလိုက်ဝယ်ရတာ ကိုယ်တော့အရှုးဖြစ်တော့မယ်။အဲဒီဆေးနာမည်ကိုကြား တောင် မကြား ဖူးဘူးတဲ့ဗျာ။ညကTVမှာကြော်ငြာတာလေ ဆိုတော့ မှ တစ်ပတ်၊ ဆယ်ရက်လောက်စောင့်ပါဦးတဲ့။ ကဲ…သမီးလေးနောက်ဆိုဆေး သစ်ဝယ်ချင်ရင် TV မှာကြော်ငြာ တိုင်းစွတ်ဝယ် ခိုင်းမနေနဲ့၊ဆေးဆိုင်တွေ မှာဆေးရောက်အောင်စောင့်ပြီးမှဝယ်ခိုင်း။ဆေး သစ်ကြော်ငြာတိုင်းဝယ်ရတာ လူကိုအရှုးဖြစ်လို့…….”

(ဃ)
“ဟယ်….ညိုမ”
တစ်နေ့ မေမေအပြင်ထွက်ခိုက် ညိုမရောက်လာ သည်။ ညိုမသည်မေမေ၏ တူမအရင်းဖြစ် သည်။ကျွန်မနှင့်ဆိုပါ မူ ညီမ၀မ်း ကွဲတော်စပ်သူတည်း။ဆယ်တန်းတောင် နှစ်ချင်းပေါက်အောင်မနေ လင်နောက်ကောက်ကောက် ပါအောင် လိုက်သွားခဲ့သည်။ပညာတစ် ပိုင်းတစ်စ၊ ဥစ္စာဓနကချို့တဲ့ တူနှစ်ကိုယ်ချစ်တိုင်းပြည် ကိုစိတ်ကူး ယဉ်စွာ ည်ဆောက်ခဲ့မိသော ညိုမတစ်ယောက်တစ်နှစ် သားကလေးသာ ပွားစည်းလာသည်။ ဟိုယခင်က ညိုညို လုံးလုံး၊စိုစိုပြေပြေ၊ ၀၀ကစ်ကစ် ညိုမ၏အသွင်သဏ္ဍာန် သည် ယုံရခက်လောက်အောင်ပင်လုးံလုံးပြောင်းလဲ ခဲ့လေပြီ။လင့်ဝတ်၊သားသမီးဝတ်၊အိမ်ထောင့်ဝတ်များကို ချို့ငဲ့စွာထမ်းဆောင်နေရသော ညိုမ၏နဂိုရည် အလှ တို့ပြိုကျပျက်စီးခဲ့လေပြီကော။ ယခုလဲမပြေ မလည်ဖြစ်နေသော မိသားစုစားဝတ်နေရေး အတွက်မေ့မေ့ ထံ မှလက်ဖြန့်တောင်းခံ လာဖြင်းဖြစ် သည်။
“သစ္စာရယ်…နင်ကတော့တစ်နေ့တစ်ခြားပိုပိုပြီး လှလာတယ်။ဝတော့ဝလာတယ်နော်။ဝတော့တစ်မျိုးခန့် တာပေါ့ဟယ်။ညည်းဒီလိုသာတသက်လုံးနေ၊  ငါ့မှာတော့ မုဆိုးမအိမ်က လက်နှီးစုတ်လောက်တောင် မတောက်ပြောင်တော့ ပါဘူးအေရယ်။”
ညိုမကိုကြည့်ပြီး ကျွန်မတော်တော်မောသွား တယ်။တစ်နေ့ကပင်မေမေ ဇွတ်အတင်းခေါ် ၍ ဈေးလိုက်သွားမိသည်။ကုန်ဈေး တန်းအရောက် တွင်-
“ဟေ့.သစ္စာရေ၊သစ္စာ”
ဇွတ်အတင်းခေါ်သံကြောင့်ဝေ့၀ဲကြည့်မိသည်။မိမိနှင့်သိသူဟူ၍ တစ်ယောက်မှမမြင်မိ၊ချဉ်ပေါင်ရွက်တောင်း၊ခရမ်းချဉ်သီးတောင်း၊ ဘူးသီးတောင်းတို့ကြားမှတဘက်ပေါင်းထားသောအမျိုးသမီးတစ်ယောက် ကိုကြည့်မိသည်တွင် “ဟဲ့သစ္စာရဲ့ ငါပါဟဲ့…
သိမ့်သိမ့်လေ၊အမယ်ညည်းကဘွဲ့ရပညာတတ်ဆိုပြီးတော့ ငါ့ကိုတောင်အဖက်မလုပ်တော့ဘူးပေါ့လေ”
သူစကားနာထိုးတော့မှ စေ့စေ့ကြည့်မိသည်။ဟုတ်ပါရဲ့ မိသိမ့်မှမိသိမ့်။သူငယ်တန်းကနေ ဆယ်တန်းအထိ တန်းစဉ်မပျက်အခန်းထဲအတူနေခဲ့ရသည့် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး။ဟိုတုန်းက သိမ့်သိမ့်သည် ရုပ်ရှင်သရုပ်ဆောင်ရွှေလုံးနှင့် နင်လားငါလား။
ယခုမှုငါးကျည်းခြောက်ကျပ်တိုက်ထားသည့်အလား ပါးလျလျကိုယ်ခန္ဓာ၊နုပျိုစိုပြေခြင်းကင်းသည့်မျက်နှာ၊လောကဓံအထုအထောင်းအ
နှိပ်အစက်ဒဏ်တို့ကြောင့် သိမ့်သိမ့် အရှင်လတ်လတ် ဘ၀ပြောင်းခဲ့ရပြီ။
“ဒါပါပဲဟယ်….လင်ဆိုးမယားတဖားဖားဆိုတဲ့ စကားတွေပြောတုန်းကနားမထောင်ခဲ့ဘူးတာ၊ကိုယ်တွေ့ကြုံကာမှ တကယ်ပါလားလို့သိရတော့တယ်သူငယ်ချင်း ရယ်”
အိမ်ထောင်ရေးသာယာမှုကင်းသော သူငယ်ချင်းစကား ကို ကြားရသဖြင့်စိတ်မသက်မသာဖြစ်ရသည်။ အိမ်ပြန်ရောက်တော့မမကြီးဆီကဖုန်းလာသည်။ စကားစပ်မိ၍သိမ့်သိမ့် အကြောင်းပြောဖြစ်သည်။ “အဲ့ဒါပါပဲ ညီမလေးရယ် မိရိပ်ဖရိပ်လောက် ကောင်းတာ
ဘယ်မှာမှမရှိဘူး၊ကနေ့ခေတ်ယောက်ျားတွေက အတွက်အချက် သမားတွေ၊သူတို့ဘ၀ အဆင်ပြေချောမွေ့ဖို့ သင်္ချာပညာရှင်တွေထက်
တောင်တွက်တတ်သေးတယ်ညီမလေးရဲ့၊မိန်းမယူမယ်ဆိုရင် သူတို့ထက်သာတာကိုရွေးယူမယ်၊မိန်းမလုပ်စာကိုအမိန့်သားထိုင်စားကြ
မယ်။မတော်လို့ရလာတဲ့မိန်းမက သူတို့ထက်နိမ့် ကျနေပြီ ဆိုလို့ကတော့ နင်းချေပစ်ဖို့ဝန်မလေးတတ် ဘူး။သိမ့်သိမ့်လေးသနားပါတယ်ဟယ်”
သိမ့်သိမ့် အကြောင်းဆွေးတမြေ့မြေကပြောရင်းကပင် တစ်နေ့ကကြော်ငြာသွားသောပိန်ဆေးကို မှာဖြစ်အောင် မှာလိုက်ပါတယ်။ထိုဆေးက နယ်မှာဝယ်မရသဖြင့် တကူးတကမှာမိခြင်းပင်။
“ဘာလဲ ညီမလေးပိန်ဆေးတွေချည်းစားနေတော့မှာ လား၊မစားပါနဲ့ ညီမလေးရယ်၊ပိန်တာဝတာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှုနဲ့ဆိုင်တာလေ ၊အေးမြတဲ့ မိဘရဲ့ စေတနာမေတ္တာအောက်မှာနေရတော့ စိတ်ချမ်း သာတယ်။စိတ်ချမ်းသာတော့စားဝင်အိပ်ပျော်တယ်၊ စားဝင်အိပ်ပျော်တော့ ကိုယ်ခန္ဓာကဖွံ့ဖြိုးလာတာပေါ့ ဒါပေမယ့် ပျော်ရာမှာမနေရဘူးဆိုတဲ့စကားလိုပေါ့…မမကြီးဖြင့်ညီမ
လေးလို နေချင်စမ်းပါဘိ။
(င)
“သမီးလေးရေ…..ပိန်ဆေးကြော်ငြာအသစ်လာနေတယ်၊လာကြည့်အုံးလေ…တစ်ပတ်အတွင်းသိသိသာသာကိုယ်ရေစစ်
သွားမယ်တဲ့”
“မကြည့်ချင်တော့ပါဘူး မေမေရယ်……”

                            ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ