Thursday, October 22, 2015

အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင်တိုင်း တွင် တာဝန်ရှိသည်



မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သောနိုင်ငံဖြစ်သည်။အရှေ့တောင်အာရှဒေသတွင် တည်ရှိပြီး GEO:POLITICSနှင့်ကြည့်ကြည့်၊ ECO:POLITICS နှင့်ကြည့်ကြည့်အချက်အချာကျသော နေရာဒေသတွင်တည်ရှိနေသည်။ ကမ္ဘာပေါ်တွင်လူဦးရေ အများဆုံးသောနိုင်ငံကြီး နှစ်နိုင်ငံနှင့်နယ်နိမိတ် ထိစပ်လျက်လည်းရှိနေသည်။ တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်သောနိုင်ငံလည်းဖြစ်သည်။မိမိနှစ် သက်ယုံကြည်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသောနိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အများ စုဖြစ်သည်။ တိုင်းရင်းသားဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ရခိုင်၊ရှမ်းတည်းဟူသော တိုင်းရင်းသားများစုပေါင်းနေထိုင်ကြသည်။အားလုံးကိုပေါင်းစု၍ 'မြန်မာ'ဟုခေါ်ဆိုသည်။ တိုင်းရင်းသား မျိုးနွယ်ရှစ်မျိုးတို့ကို မြန်မာအက္ခရာစဉ်အတိုင်း ကချင်ကအစပြုထားခြင်းဖြစ်သည်။ သူကရှေ့ဆုံးရောက်နေ သည်။ ငါကနောက်ဘက်ရောက်နေသည်ဟု ဝိဝါဒမကွဲပြားစေရန် အမြော်အမြင်ကြီးစွာစီစဉ်ထား ခြင်းဖြစ်သည်။ ကချင်ကလည်း ကကြီးအက္ခရာနှင့် စသည်။ ကယားကလည်း ကကြီးအက္ခရာနှင့် စသည်။ သို့သော် ကယားက ဒုတိယနေရာတွင်ရှိနေသည်။ ကချင်တွင် ကကြီးအက္ခရာနှင့်ကပ်လျက် 'ချင်'ဟူသည့် စာလုံးမှာ ခခွေးအက္ခရာ ဖြစ်၍ ကယားတွင် 'ယား'ဟူသောစာလုံးမှာ ယပက်လက်အက္ခရာဖြစ် သော ကြောင့် ကချင်ကိုရှေ့တွင်ထားခြင်း ဖြစ်သည်။ မြန်မာအက္ခရာစဉ်အတိုင်း ခေါ်ဝေါ်သုံးစွဲခဲ့ရာ ရှမ်းမှာ နောက်ဆုံး တွင်ရှိနေခြင်း ဖြစ်သည်။
တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီတွင် ချစ်မြတ်နိုးဖွယ်ဂုဏ်ဒြပ်များရှိနေပြန်သည်။ကချင်တိုင်းရင်းသားများ က ဇွဲရှိသည်။ ကယားတိုင်းရင်းသားများက ရိုးသားသည်။ ကရင်တိုင်းရင်းသားများက ဖော်ရွေပျူငှာ သည်။ ချင်းတိုင်းရင်းသား များက သတ္တိရှိသည်။ ဗမာများက သွက်လက် ဖျတ်လတ်သည်။ မွန်တိုင်းရင်းသားများက ဘာသာ တရားကိုင်းရှိုင်းသည်။ ရခိုင်တိုင်းရင်းသားများက မျိုးနွယ်ကိုစောင့်ထိန်းသည်။ ရှမ်းတိုင်းရင်းသား များက အလှူဒါန ရက်ရောသည် စသည်ဖြင့် ကိုယ်စီကောင်းမြတ်သော ဂုဏ်ပုဒ်အသီးသီးရှိကြ သည်။ အားလုံးကိုပေါင်းစု၍ 'မြန်မာ'ဟုခေါ်ဆို ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော်လည်း ဘာသာပေါင်းစုံ၊ ကိုးကွယ်မှုပေါင်းစုံရောပြွမ်း နေသည်ကိုလည်းတွေ့ရသည်။ ယခုလက်ရှိကလေးငယ်များ၏ရင်ထဲတွင် မြတ်ဗုဒ္ဓ၏အဆုံးအမများ ကိန်းဝပ် နေမှ အနာဂတ် မြန်မာနိုင်ငံတော်သည် အေးအေးချမ်းချမ်းရှိလိမ့် မည်ဖြစ်သည်။ မိဘအုပ်ထိန်းသူများသည် မိမိတို့၏ ရင်သွေးငယ်များကို အတန်းပညာကျူရှင်များသို့ တက်ရောက်စေသည့်နည်းတူ ဘာသာရေး သင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မစကူးလ်များလည်း အလေးထားတက်ရောက်စေသင့်သည်။ မိဘအုပ်ထိန်းသူများကဘာသာရေးကို အလေးဂရုမပြုခြင်းကြောင့်ကလေးငယ်များမှာဘာသာရေး လျော့နည်းလျက် အမျိုးဘာသာသာ သနာအပေါ် အသက်နှင့်အမျှထိန်းသိမ်းစောင့် ရှောက်လိုစိတ်များ လျော့ပါး သွားနိုင်သည်ကိုသတိ ပြုရပေမည်။

လွန်ခဲ့သောနှစ်နှစ်ခန့်က ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများဘာသာရေးပဋိ ပက္ခဖြစ် ခဲ့သည်။ ထိုသို့ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘာသာရေး၊ အမျိုးသား ရေးများ နိုးကြားလာခဲ့သည်။ ဘာသာရေး၊ အမျိုးသားရေးသတိပေးသည့် တေးသီချင်းများလည်း ရေးစပ်သီကုံးလာကြသည်။ ဓမ္မပူဇာ တရားပွဲများတွင် ကြားလာရသည်။
''တခြားဘာသာတိုးတက်ရေးကို တခြားလူများဆောင်ရွက်သည်။ ဗုဒ္ဓဘာသာရှင်လူ အများ သွေးအေးလို့ မနေသင့်ပြီ။ သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ကြုံလိမ့်မည်။ အကျိုးမျှော်ကာရည် နှိုးဆော်ပါသည်''စသည့် တေးသွားအပြင် ''ဘာသာတူရာဆိုင်မှာသာ ဈေးဝယ်ယူပါမည်။ ဘာသာတူရာ သူကိုသာ ဖူးစာပြုပါမည်'' နောက်တစ်ပုဒ်မှာ ဝီရရသ ပါလွန်းလှသည်။
''ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်ရင်ကာရမည်''စသည့်တေးသွားများသည် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် တပ်လှန့်သတိပေးသည့်တေးသွားများဖြစ်သည်။ရခိုင်ဒေသ၌ ဘင်္ဂါလီများ ကိစ္စဖြစ်ပွားပြီးနောက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ မျိုးစောင့်ဥပဒေလေးမျိုးကိုလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးခဲ့သည်။ မျိုးစောင့်ဥပဒေလေးမျိုးတွင်-
(၁) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင် ရာကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ (၂ဝ၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၈)
(၂) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ။ (၂ဝ၁၅ ခုနှစ် ပြည်ထောင် စုလွှတ်တော်ဥပဒေ အမှတ်-၄၈)
(၃) မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာဥပဒေ။ (၂ဝ၁၅ ခုနှစ်ပြည်ထောင်စုလွှတ် တော်ဥပဒေ အမှတ်-၅ဝ)
(၄) တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ၊(၂ဝ၁၅ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၅၄)တို့ ပါဝင်ပါသည်။
အထက်ဖော်ပြပါမျိုးစောင့်ဥပဒေ၌
(၁) ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ မည်သူနှင့်လက်မထပ်ရဟု ကန့်သတ် ချုပ်ချယ်ခြင်းမရှိပါ။
(၂) မျိုးစောင့်ဥပေဒသည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက်ကန့်သတ် ချုပ်ချယ်သည့် ဥပဒေမဟုတ်အကာ အကွယ်ပေးသည့်ဥပဒေသာဖြစ်သည်။
(၃) မျိုးစောင့်ဥပဒေမရှိလျှင် ဘာသာခြားများ၏ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံနေရသောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများ အခွင့်အရေးဆုံးရှုံး နစ်နာခဲ့ရသည်။
(၄) မျိုးစောင့်ဥပဒေသည် ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကို ကာကွယ်ပေးခြင်း သာဖြစ်သည်။ အခြားဘာသာ၊ အခြား လူမျိုးများကို နှောင့်ယှက်ဟန့်တားခြင်းမရှိ။
(၅) အတင်းအကျပ် ဘာသာကူးပြောင်းခြင်းမျိုးမရှိတော့ဘဲ မိမိတို့ယုံကြည်ချက်ဖြင့် လွတ်လပ်စွာကိုးကွယ် ခွင့်ရှိ သည်။
(၆) မြန်မာနိုင်ငံတွင် လူဦးရေထိန်းညှိပေးခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကျပ်တည်းမှုများပါ လျှော့ချနိုင်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ကာ လူမျိုးရေးဝါဒ ဝါးမျိုမှုကိုပါ လျော့ကျစေနိုင်သည့် အတွက် မျိုးစောင့်ဥပဒေ သည် ညီညွတ်ခြင်း၊ မျှတခြင်းနှင့်အတူ ငြိမ်းချမ်းမှုကိုပါ ဖော်ဆောင်ပေးသည့် ဥပဒေပင်ဖြစ်ပါသည်။

မျိုးစောင့်ဥပဒေလေးမျိုးသည် မြန်မာ မိန်းကလေးများအတွက် သင့်မြတ်ကောင်းမွန်ပါလျက် လူအချို့က ကန့်ကွက်နေသည်ကိုလည်း ကြားနေရသည်။ မြန်မာမိန်းကလေးများကို အကာအကွယ်ပေးထားသည့် ဥပဒေဖြစ်ပါလျက် အဘယ့်ကြောင့် ကန့်ကွက်သည်ကို မရွေးတတ်အောင်ပင် ဖြစ်ရသည်။ ထိုမျိုးစောင့် ဥပဒေကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဗဟိုကဦးဆောင်ကျင်းပသော ထောက်ခံ ပွဲများကိုလည်း တွေ့မြင်နေရသည်။ ထိုအမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို မျိုးချစ် ဘာသာ ချစ်ဆရာတော်များက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၇-၆-၂ဝ၁၃ ရက်နေ့တွင်စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့ မြန်မာတစ် နိုင်ငံလုံးတွင် မဘသအဖွဲ့ပေါင်း ၂၅ဝ ကျော် ဖွဲ့စည်းခဲ့ပြီးကြောင်း သိရှိရ သည်။ မဘသအဖွဲ့ ကြီးသည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မဘသသည်မည်သည့်ပါတီ၊မည်သည့်အဖွဲ့ အစည်းကိုမျှကိုယ်စားမပြု၊မိမိတို့၏တိုင်းပြည်နှင့် လူမျိုး အတွက်သာ ကိုယ်စားပြုသည့်အသင်း ကြီးဖြစ်သည်။
မဘသအဖွဲ့ကြီးသည် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးကချမှတ်ထားသည့် သာသနာ တော် သန့်ရှင်း တည် တံ့ပြန့်ပွားရေးတာဝန်ကြီး သုံးရပ်တွင် တည်တံ့ရေး၊ ပြန့်ပွားရေးတာဝန်များ ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းဖြစ်သည်။ တည်တံ့ပြန့်ပွားရေးတာဝန်ထမ်းဆောင်ရန်မှာ-
၁။ သာသနာတော်ကို မကြည်ညိုသူများ ကြည်ညိုလာစေရန်။
၂။ ကြည်ညိုပြီးသူများ ပိုမိုသဒ္ဓါတရား ပွားများရန်။ ဆောင်ရွက်ရမည်မှာ ဘာသနာ့ဝန်ထမ်းများ၏တာဝန်ပင် ဖြစ်သည်။ သာသနာတော်တည်တံ့ပြန့် ပွားရေးအတွက်-
၁။ မိမိအတွက်သာမက သူတစ်ပါး အတွက်ပါ ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့တာဝန်များကိုထမ်းဆောင်ရ မည်။
၂။ သာသနာတော်ကို အားပေးကူညီ ထောက်ပံ့မည့် ဒကာ၊ ဒကာမများ ကိုလည်း ပိုမိုကြည်ညိုသဒ္ဓါ တရားပွား များရန် ဓမ္မဝိနယနှင့်အညီ စည်းရုံး သိမ်းသွင်း၍ဟောပြောရမည်။ ဖြန့်ဝေ ရမည်။
၃။ သာသနာ့လုပ်ရပ်များ၊ သာသနာ့ဝန်ထမ်းများနှင့်အားပေးကူညီသူများအပေါ်ကျရောက်နိုင်သည့် အန္တရာယ်များကိုလည်း ကာကွယ်စောင့်ရှောက် ပေးရမည်။
အထက်ဖော်ပြပါ တာဝန်များကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးက စွမ်းဆောင်နိုင်သမျှ ဆောင်ရွက်နေခြင်းဖြစ်သည်။

                                                                                     မောင်မောင်မိုးအောင်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ