Monday, October 5, 2015

ယာဉ်တိုက်မှုမှာ ဇက်ကျိုးသွားတဲ့ကလေးငယ်ကို ဆရာဝန်တွေပြန်ဆက်ပေးပြီး ထူးဆန်းစွာ အသက်ဆက်ရှင်နိုင်ခဲ့


အသက် ၁၆ လသားအရွယ်ကလေးငယ်လေးဟာ ယာဉ်တိုက်မှုတစ်ခုမှာ ဇက်ကျိုးသွားခဲ့ပြီးနောက် ဆေးပညာသမိုင်းမှာ ထူးဆန်းစွာ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။
အမေဖြစ်သူ Rylea ၊ Jaxon နဲ့  အသက် ကိုးနှစ်အရွယ် အစ်မ Shayne တို့ ရဲ့ ကားဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မှာ တစ်နာရီ မိုင် ၇၀ နှုန်းမောင်းလာတဲ့ယာဉ်တစ်စီးနဲ့ အပြင်းအထန် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကနေ Brisbane မြို့ မှာရှိတဲ့ ဆေးရုံဆီ ကလေးငယ်ကို ရဟတ်ယာဉ်နဲ့ ပို့ ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုက အရှိန်ဟာ အလွန်ပြင်းထန်တာကြောင့် ဦးခေါင်းအတွင်းပိုင်း ပြတ်တောက်မှု (internal decapitation) အဖြစ် Jaxon ရဲ့ ဦးခေါင်းဟာ လည်ပင်းရိုးကနေ အထက်ကို ဆွဲဟသွားတယ်လို့  ကျောရိုးခွဲစိတ်အထူးကုဆရာဝန် Dr Geoff Askin က ပြောကြားခဲ့ပါတယ်။
မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ၊ ဆရာဝန်တွေဟာ ကလေးရဲ့ခေါင်းကို အခုအခါ ပြန်တွဲဆက် နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ခြောက်နာရီကြာခဲ့တဲ့ခွဲစိတ်မှုမှာ Dr Asin နဲ့ အဖွဲ့ ဟာ ဟေလိုအထိန်းစက်တစ်ခုကို Jackson ရဲ့ ဦးခေါင်းခွံရိုးမှာ ခွဲစိတ်မှုပြုစဉ် လုံးဝမလှုပ်မယှက်ဖြစ်အောင်လို့တပ်ဆင်ကာ အလွန်သေးငယ်တဲ့ ၀ိုင်ယာကြိုးစလေးတစ်ခုကို အသုံးပြုပြီး ပြုတ်သွားတဲ့ ကျောရိုးအဆစ်ကို ပြန်လည်တွဲဆက်ပေးနိုင်ခဲ့ပါတယ်။
“ပထမဦးဆုံးအနေနဲ့ ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာမျိုးမှာ ကလေးငယ်တော်တော်များများဟာ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ ရှင်ခဲ့ပြီး သတိပြန်လည်လာအောင် ကုသပေးခဲ့ရင်တောင် မလှုပ်မရှားနိုင်၊အသက်မရှူနိုင်ဖြစ်နေမှာပါ” လို့ Dr Askin က ပြောကြားခဲ့ပါတယ်။
Jaxon ရဲ့ အခြေအနေဟာ သူကြုံဖူးသမျှထဲမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ Dr Askin က ပြောကြားခဲ့ပါတယ်။
Jaxon လေးဟာ ခန္ဓာကိုယ်ကို ထိန်းထားပေးဖို့အတွက် ဟေလိုစက်ကို ယခုအခါတပ်ဆင်ထားရပြီး နောက်ရှစ်ပတ်အကြာမှာ ဖြုတ်ပေးမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ Jaxon ဟာ သာမန်လိုပဲ ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်နေထိုင်နိုင်မှာဖြစ်ပါတယ်။
အသက်ကိုးနှစ်အရွယ် အစ်မဖြစ်သူ Shayne ဟာလည်း အတွင်းပိုင်းသွေးယိုစိမ့်မှုကို ရပ်တန်ဖို့ အတွက် ခွဲစိတ်မှုခံယူခဲ့ရပြီး အခုအခါ ခန္ဓာကိုယ် မလှုပ်နိုင်အောင်ထိန်းထားပေးတဲ့ဖရိန်မှာ ရှစ်ပတ်ကြာနေရဦးမှာ ဖြစ်ပါတယ်။ အမေဖြစ်သူ Rylea ကတော့ လေအိတ်ကြောင့် ဆိုးရွားတဲ့ဒဏ်ရာမရဘဲ အသက်ရှင်နိုင်ခဲ့ပါတယ်။ 
( Ye Wint )
#သစ်ထူးလွင်(ကျန်းမာရေး)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ