Friday, December 26, 2014

မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်


မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည် အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်
ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း
အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်
ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။

(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။
(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင် လာပြီး သဘာဝ
မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကို
မျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
Ref - wellnessbin
ကျော်လင်းနိုင် (ရိုးရာလေး)

ကားသွင်းခွင့် ပါမစ် ခေတ္တဆိုင်းငံ့ခြင်းကြောင့် ဈေးစတင်တက်

ကားတင်သွင်းခွင့်ပါမစ် ကို လက်ရှိမူဝါဒဖြင့် ဒီဇင်ဘာ ၂၄ ရက်မှစ၍ ရပ်နားလိုက်ပြီဖြစ် သောကြောင့် ပြည်တွင်း ကားဈေးကွက်အတွင်း ဈေးတက်လာ ကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့ မနက်ပိုင်းဈေးတက် လာတယ်။ တစ်စီးကို ပျမ်းမျှငါး သိန်းကျော်လောက် တက်သွားတယ်’’ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးမင်းသူ က ပြောသည်။
ဈေးတက်သွားသည်ဟု ဆို သော်လည်း အများစုက ရောင်း မှား၊ ၀ယ်မှားဖြစ်မည် စိုးသော ကြောင့် အရောင်းအ၀ယ်မလုပ် ကြ’’ဟု ကားဝယ်ရောင်း အချို့က ဆိုသည်။
အထူးသဖြင့် တစ်နိုင်တစ် ပိုင် တင်သွင်းလာသည့် ကားများ ဖြစ်သည့် ၁၃၀၀ စီစီ အင်ဂျင်ပါဝါ နိမ့်ကားများမှာ ဈေးနှုန်းအားဖြင့် ကျပ်သုံးသိန်းမှ လေးသိန်းအထိ မြင့်တက်နိုင်ပြီး အများစုက ဈေးခေါ် ရောင်းချနေခြင်းဖြစ်၍ အရောင်းအ၀ယ်မဖြစ်ကြောင်း ကားဝယ်ရောင်းတစ်ဦးက ဆိုသည်။
စလစ်ကပ်တင်သွင်းရသည့် အင်ဂျင်ပါဝါနိမ့်ကားများမှာမူ ဈေးနှုန်းမြင့်တက်ခြင်း မရှိသော်  လည်း စလစ်ဈေး ဆက်တိုက် မြင့်တက်လာကြောင်း အထက်ပါ ၀ယ်ရောင်းက ဆိုသည်။
‘‘စလစ်ဈေးက ထပ်တက်ဖို့ ပဲ ရှိတော့တယ်။ အခုတောင် တစ်စောင်ကို ၄၅ သိန်းနဲ့ ၄၈ သိန်း ဖြစ်နေပြီ’’ဟု ၎င်းကဆိုသည်။
ဇန်န၀ါရီ ၁ ရက်မှ စတင် မည့် ကားတင်သွင်းခွင့် မူဝါဒသစ် အတွက် အများစုက ရန်ကုန်တွင် ကားဝယ်ယူရန် ခက်ခဲသွားပြီး နယ်လိုင်စင်အမည်ပေါက်ကား များမှာမူ ဈေးသက်သာလာနိုင် ကြောင်း ကားတင်သွင်းသူအချို့ က ဆိုသည်။
ကားပါကင်ရှိမှ ကားတင် သွင်းခွင့်ရမည်ဆိုသည့် မူဝါဒသစ် ကြောင့်လည်း ကားအရောင်းစင်တာသမားများသာ အကျိုးဖြစ်ထွန်းနိုင်ကြောင်း   ကားဝယ်ရောင်းများက ခန့်မှန်းပြောကြားသည်။ ကားပါကင်ရှိကြောင်း ထောက်ခံချက်ရရှိရန် ဌာနကြီး လေးခုကို ဖြတ်သန်းရမည်ဖြစ်ပြီး ဌာနတစ်ခုတွင် ထောက်ခံချက် တစ်ခုရရန် တစ်ရက်မှ နှစ်ရက်အ ထိ အချိန်ပေးနေရသဖြင့် များစွာခက်ခဲနေရကြောင်း ကားတင်သွင်းသူများက ဝေဖန်သည်။
ဇန်န၀ါရီ ၁ ရက်တွင် စတင် မည့် မူဝါဒသစ်ကြောင့် ကားတင် သွင်းရာတွင် ဌာနသုံးခုနှင့် များစွာ ရှုပ်ထွေးနိုင်ပြီး ကားဈေးကွက်က လည်း ၀ယ်ယူမည့်သူများကို လှန့်၍ ဈေးတက်နိုင်ကြောင်း မော်တော်ယာဉ် သုံးသပ်ဆောင်းပါးများ ရေးသားနေသူ ဆောင်းပါးရှင် ကိုအရည်ကျိုက ခန့်မှန်းသည်။
7Day

လက်ပံတောင်းအရေး ပထမဆုံးစတေးခဲ့ရသူ၏ နောက်ဆုံးခရီး

အညာနေပူပူ ဖုန်တထောင်းထောင်းကြားတွင် လူစုလူဝေးကြီး တစ်ခု။ အစိမ်းရောင်ဝမ်းဆက်ဝတ်ဆင်ထားပြီး ပြုံးနေသည့် မျက်နှာထားပိုင်ရှင် အမျိုးသမီး၏ဓာတ်ပုံကိုင်ဆောင်ထားသူတစ်ဦးရှေ့ဆုံးမှ  ၀င်ရောက်လာသည်။ ၎င်းနောက်တွင် ပခုံးထမ်းသယ်ယူလာသည့် ခေါင်းတလားတစ်ခု၊ ငိုကြွေးနေသော အမျိုးသမီးများအပါအ၀င် ညှိုးချုံးသည့် မျက်နှာကိုယ်စီဖြင့် ရာနှင့်ချီသော ဒေသခံများတန်းစီ၍ လျှောက်လှမ်းလာကြသည်။
 တစ်ကျော့ပြန် လက်ပံ တောင်းပဋိပက္ခအတွင်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မိုး ကြိုးပြင်ဒေသခံဒေါ်ခင်ဝင်း၏ ဈာ ပနကို ဒီဇင်ဘာ ၂၅ ရက်ကပြု လုပ်သည့် မြင်ကွင်းဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်က လက် ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသ လိပ်ခွံတောင်အနီးတွင် လျော်ကြေးငွေမယူထားသည့် မြေယာများကို ခြံစည်းရိုးကာရံရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့များအ ကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြ သည်။ ယင်းပဋိပက္ခများအတွင်း အသက် (၅၆) နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဦးခေါင်းတွင် သေနတ်ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့သည်။ ထို့အပြင် ဒေသခံ ကိုးဦးနှင့်ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီမိုကရေစီ အစိုးရလက် ထက်တွင် မီးလောင်ဗုံးအသုံးပြု ၍ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ထိုင်သပိတ်စခန်းဖွင့် ကာ ဆန့်ကျင်ဆန္ဒပြသော သံဃာ တော်များအပါအ၀င် ဒေသခံများ ကို အကြမ်းဖက်နှိမ်နင်းခဲ့မှု ကြောင့် နောက်ကြောင်းပြန်လှည့် တော့မလားဟု စိုးရိမ်ပူပန်မှုများရှိ ခဲ့သည်။ ထို့နောက်တွင်လည်း ပဋိပက္ခများ မကြာခဏဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင်မူ တစ် ကျော့ပြန်လက်ပံတောင်းတောင် ပဋိပက္ခတွင် ပထမဆုံးအကြိမ် ပြည်သူတစ်ဦးသေဆုံးခဲ့သည်။
ဗြဟ္မာ့ဦးခေါင်းနှင့် ခိုင်းနှိုင်း ထားသည့် လက်ပံတောင်းတောင်   ပြဿနာမှာ ၂ နှစ်ကျော်လာသော်လည်း ပြေလည်နိုင်ခြင်းမရှိသေး ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်သော စုံစမ်းစစ် ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်သွင်းပြီး ယင်းအစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေ သည်ဟုဆိုသော်လည်း ပဋိပက္ခ များဆက်လက်ဖြစ်ပွားနေဆဲဖြစ် သည်။
ယင်းအတွက်ကြောင့်ပင် မပြီးစီးနိုင်သေးသည့် လက်ပံ တောင်းတောင်ပြဿနာကို မေး ခွန်းထုတ်ရန် လိုအပ်လာသည်။
‘‘အကောင်အထည်ဖော်ရေး ကော်မတီရဲ့ စွမ်းဆောင်ချက်တွေ က နှောင့်နှေးနေတယ်။ အစီရင် ခံစာအတိုင်း လိုက်နာဆောင်ရွက် မယ်ဆိုရင် ဒီပြဿနာတွေဖြစ် လာမှာ မဟုတ်ဘူး’’ဟု မုံရွာခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်သီတာဝင်းက ဆိုသည်။
၂၀၁၀ ပြည့်နှစ်အတွင်းက စတင်အကောင်အထည်ဖော်ခဲ့ သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အတွင်း တည်ရှိသည်။ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ-၀မ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး ရင်း နှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ခန့် ရှိသည်။ ၂၀၁၃ ဇူလိုင် ၂၄ ရက်က စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အကြံ ပြုချက်အရ အသစ်ပြင်ဆင်ချုပ် ဆိုခဲ့သော စာချုပ်တွင် သတ္တုတွင်းဝန်ကြီးဌာနက အခွန်အပါအ၀င် ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်က ၁၉ ရာခိုင် နှုန်းနှင့်  မြန်မာ-၀မ်ပေါင်ကုမ္ပဏီက၃၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရှိ မည်ဖြစ်သည်။
စီမံကိန်းအကောင်အထည် ဖော်ရာတွင် မြေဧက ခုနစ်ထောင် ကျော်ကို သိမ်းဆည်းထားရာမှ ပို လျှံသောမြေဧကအချို့ကို ဒေသခံတောင်သူများအား ပြန်လည်ပေး အပ်ခဲ့ပြီး စီမံကိန်းဧရိယာအဖြစ် မြေဧက ၆၉၀၀ ကျော် အသုံး ပြုသွားမည်ဖြစ်သည်။ မြေယာ လျော်ကြေးငွေ ပေးအပ်ရာတွင် ၃၀ ရာခိုင်နှုန်းခန့်မှာ ထုတ်ယူ ခြင်းမရှိသေးပေ။ ဘိုးဘွားပိုင်မြေ ယာများပေါ်တွင် မိရိုးဖလာ လယ် ယာလုပ်ငန်းများဆက်လက်လုပ် ကိုင်လိုခြင်းကြောင့် မြေယာ လျော်ကြေးရယူလိုခြင်းမရှိကြောင်း လျော်ကြေးငွေရယူခြင်းမရှိသော လက်ပံတောင်းတောင် ဒေသခံ များကဆိုသည်။
လက်ပံတောင်းတောင်စီမံ ကိန်းရပ်ဆိုင်းရေးအတွက် အထွေ ထွေသပိတ်စခန်းဖွင့်တောင်းဆိုခဲ့ ကြသော သံဃာတော်နှင့် ပြည်သူ များကို ၂၀၁၂ နိုဝင်ဘာ ၂၉ ရက် တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြို ခွင်းခဲ့သည်။ ယင်းပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ဒီဇင်ဘာ ၁ ရက်တွင် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းပြန်လည် သုံးသပ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလိုအပ်ချက်၊ အားနည်းချက်များကို ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်၍ စီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံတင်သွင်းခဲ့သည်။
ကော်မရှင်၏ အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို လည်း ၂၀၁၃ မတ်လက ဖွဲ့စည်း ခဲ့သည်။ သို့ရာတွင် လက်ရှိအချိန် အထိ ယင်းအကောင်အထည် ဖော်ရေးကော်မတီ၏ ဆောင်ရွက် ချက်များ နှောင့်နှေးနေကြောင်း ဝေဖန်မှုများလည်းရှိသည်။ ထို့ အပြင် လက်ပံတောင်းတောင်စီမံ ကိန်းကိုကန့်ကွက်သည့် ဆန္ဒဖော် ထုတ်မှုများမှာ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည်။
၂၀၁၃ မတ်လမှ လက်ရှိ အချိန်အထိ ဆန္ဒဖော်ထုတ်မှု အ ကြိမ်ရေစုစုပေါင်း ၁၀၀ နီးပါး ဖြစ်ပွားခဲ့သည်။ ၂၀၁၂ နိုဝင်ဘာ နောက်ပိုင်းမှစတင်၍ ဒေသခံများ နှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခ ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ဒေသခံတစ်ဦး သေဆုံး၍ ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ လိပ်ခဲတည်းလည်း ဖြစ်နေသောလက်ပံတောင်း ပြဿနာဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်ရန် များစွာရှိနေသည်။
‘‘အကောင်အထည်ဖော်ရေး ကော်မတီက ၀မ်ပေါင်ကုမ္ပဏီရဲ့ အကျိုးစီးပွားကိုသာ အကောင် အထည်ဖော်နေတယ်။ အစီရင်ခံ စာကိုတော့ ထင်သာမြင်သာ အောင် အကောင်အထည်ဖော် တာ မရှိဘူး။ ဒေသခံရွာသားတွေ ကိုလည်း နားလည်အောင် ရှင်းပြ ပြီးမှ ဆောင်ရွက်ဖို့သင့်တယ်’’ဟု လက်ပံတောင်းအရေး စောင့် ကြည့်လေ့လာသူတစ်ဦးက သုံး သပ်ပြောကြားသည်။
ယခုဖြစ်ပွားလျက်ရှိသော ပဋိပက္ခများမှာ ကော်မရှင်၏ အကြံပြုချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်မှု မရှိခြင်း၊ ရုန်းရင်းဆန်ခတ်မှုများ ကို ဖြေရှင်းရန် နည်းလမ်းများ အတိအကျရှိသော်လည်း လိုက် နာမှုမရှိခြင်းတို့ကြောင့် နိုင်ငံသား တို့၏ အသက်အန္တရာယ်ကို ထိ ခိုက်စေသည့် အဖြစ်များ ဖြစ်ပျက် ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာထား သည်။
မီးလောင်ဗုံးဟု ယူဆထား သည့် လက်နက်များဖြင့် နှိမ်နင်း ခဲ့မှုကြောင့် ဒဏ်ရာရရှိသူများပါ ထည့်တွက်ပါက ၂ နှစ်ကျော် လက်ပံတောင်းပဋိပက္ခအတွင်း သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၇၀ ခန့်အထိ ရှိလာပြီဖြစ်သည်။
စီမံကိန်းကို ကန့်ကွက်နေသော ဒေသခံပြည်သူများက သက်ဆိုင်ရာမှ ပွင့်လင်းမြင်သာမှုရှိစွာ၊ တာဝန်ယူမှုရှိစွာဖြင့် ညှိနှိုင်းဆွေးနွေးအဖြေရှာရန် လိုလားနေကြသည်။
‘‘ဒီစီမံကိန်းကြီးပေါ်လာမှ ပြဿနာပေါင်းစုံ ဖြစ်လာတယ်။ ဘာမှလည်း သေချာမသိရဘူး။ ကိုယ့်မြေ ပါသွားမယ်ဆိုတော့ ဘယ်သူက လက်ခံမှာလဲ’’ဟု မိုး ကြိုးပြင်အလယ်ရွာဒေသခံတစ် ဦးကပြောသည်။
မြန်မာ-၀မ်ပေါင် ကုမ္ပဏီိ လီမိတက်ကမူ လက်ပံတောင်း တောင်စီမံကိန်းကို အများစုက လက်ခံထားပြီး ကန့်ကွက်ရာတွင် နိုင်ငံရေးအမြတ်ထွက်မှုများပါဝင် နေကာ ယင်းကန့်ကွက်နေသူများ ကိုလည်း အိမ်တိုင်ရာရောက် အကူအညီများ ပေးလိုကြောင်း ဆိုသည်။
‘‘နိုင်ငံရေးအရ ဖယ်ထုတ်ပြီး ဒေသခံတွေက ကိုယ့်သဘော ထားအရ တွေ့ချင်တယ်ဆိုရင် ကျွန်တော်တို့က အချိန်မရွေးတွေ့ ချင်ပါတယ်’’ဟု မြန်မာ-၀မ်ပေါင် ကုမ္ပဏီရန်ကုန်ရုံးခွဲ မန်နေဂျာ Mr.Dong Yon Fei ကပြောသည်။
မိုးကြိုးပြင်ဒေသခံဒေါ်ခင် ၀င်းကတော့ မပြေလည်နိုင်သေး သည့် လက်ပံတောင်းအရေးတွင် ပထမဆုံးသေဆုံးသူအဖြစ် မှတ် တမ်းဝင်ခဲ့သည်။ သူမ၏ ရုပ် အလောင်းကို မိုးကြိုးပြင်ရွာ သုသာန်ရှိ ‘‘မြေယာစနစ်ဆိုးကို အသက်စွန့်တိုက်ပွဲဝင်ခဲ့သော သူရဲကောင်း ဒေါ်ခင်ဝင်း’’ဟု ရေး ထိုးထားသော အုတ်ဂူ၌ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ထည့် သွင်းသင်္ဂြိုဟ်ခဲ့သည်။ ပဋိပက္ခ ဖြစ်ပွားမှု သုံးရက်ကြာသည့်တိုင် အစိုးရက ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ တိကျရှင်းလင်းစွာ သတင်းထုတ်ပြန်မှုမရှိသေးပေ။
အကြမ်းဖက်နှိမ်နင်းမှုများ ကြောင့် စိုးရိမ်ဖွယ်ကောင်းနေ သော လက်ပံတောင်းအရေး ပြေ လည်စွာ ဖြေရှင်းရန်အတွက် အစိုးရအပါအ၀င် သက်ဆိုင်ရာ အားလုံးက အရေးတကြီးကိုင် တွယ်ဖြေရှင်းဆောင်ရွက်ရန် လို အပ်နေပြီဖြစ်သည်။
7Day

Thursday, December 25, 2014

၁၁၅မိုင် Feel စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ် ခရီးသည် (၁၀) ဦးဒဏ်ရာရ


နေပြည်တော်၊ ဒီဇင်ဘာ ၂၅

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဒိုင်းတစ်ရွာအနီး၊ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၁၅)၊ ဖြူးအမြန်လမ်း ယာဉ်ရပ်နားဝင်း အတွင်းရှိ Feel စားသောက်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ ယင်းနေ့ ည ၈ နာရီခွဲအချိန် Feel စားသောက်ဆိုင်သို့ လာရောက် ရောင်းချသည့် ဂက်စ်အိုးများအား ဆိုင်ဝန်ထမ်းများက ဆိုင်အတွင်းရှိ ဂက်စ်အိုးများ ထားသည့် နေရာသို့ သယ်ဆောင်စဉ် သန့်စင်ခန်းအနီး အရောက် ဆိုင်အလုပ်သမား ဝင်းကို(၂၇)နှစ် သယ်ဆောင်လာသည့် ဂက်စ်အိုးပြုတ်ကျရာမှ ဂက်(စ်)များ ယိုစိမ့်ထွက်ကာ အနီးရှိ မီးဖိုမီးအပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် Feel စားသောက်ဆိုင်တွင် ရပ်နားနေသော ခရီးသည်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ မအိရွှေစင်မြင့်(၃၂)နှစ်၊ ELite ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသော နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နေ ဒေါ်အေးအေးလှိုင်(၅၈)နှစ်၊ Feel စားသောက်ဆိုင်မှ အလုပ်သမားဝင်းကို(၂၇)နှစ်၊ မောင်စိုးထက်ကို(၂ဝ)နှစ်၊ မောင်ရဲမင်းပိုင်(၂၁)နှစ်၊ မောင်အောင်မိုးဇော်(၁၈)
နှစ်၊ မောင်စောစောထွေး(၂၁)နှစ်၊ မမြသဇင်လွင်(၁၈)နှစ်၊ မအေးသီတာ(၂ဝ)နှစ်နှင့် မသန်းသန်းလှိုင် (၂၃)နှစ်တို့ ၁ဝ ဦးတွင် မီးလောင်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ဝင်းကိုအား ဖြူးမြို့မရဲစခန်း(ပ)၅၉၂/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Wednesday, December 24, 2014

အဆိုးကျော့သံသရာထဲက ၀န်ထမ်းလစာ

ဝန်ထမ်းတစ်ယောက်၏ အခြေခံလစာ မည်မျှရှိသင့်သနည်းဆိုသည့် မေးခွန်းသည် ၀န်ထမ်းလောကတွင် အငြင်းပွားမှုအများဆုံး မေးခွန်းတစ်ခုဖြစ်သည်။

သို့သော်လည်း အငြင်းမပွားသူမရှိ၊ တညီတညွတ်တည်း သဘောတူကြသည်က လက်ရှိလစာများနှင့် ၀န်ထမ်းများ ရပ်တည်ရန်မဖြစ်နိုင်တော့ပါဆိုသည့် အချက်ပင်ဖြစ်သည်။
မလောက်မငလစာဖြင့် ကြံဖန်ရပ်တည်နေရသည့် နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်ခလစာတိုးမည်ဆိုသည့် စိတ်ကူးယဉ်စရာကောင်းသော သတင်းက ၀န်ထမ်းများအတွက် တစ်ကျော့ပြန်လာပြန်သည်။
လစာတိုးရေးသတင်းများက ၀န်ထမ်းများအတွက် စိတ်ကူးယဉ်စရာကောင်းသည်ဟု ဆိုသော်လည်း အခြားတစ်ဖက်တွင်တော့ ၀န်ထမ်းလစာတိုးလာတိုင်းဖြစ်လာသည့် နောက်ဆက်တွဲပြဿနာများကို စိုးထိတ်မှုများလည်းရှိနေသည်။
နိုင်ငံ့ဝန်ထမ်းများလစာတိုးရေးအတွက် အစိုးရကို အစဉ်တစိုက် ဖိအားပေးခဲ့ကြသူများမှာ လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်များဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ်သိန်းနှစ်သောင်းမှ ကျပ်နှစ်သိန်းအတွင်း ဖြစ်သင့်ကြောင်း အစိုးရ၀န်ကြီးဌာနများအား တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါပမာဏသည် လက်ရှိရရှိနေသည့် ရာထူးအနိမ့်ဆုံးဝန်ထမ်းဝင်ငွေဖြစ်သော ကျပ် ၁၀၅,၀၀၀ ၏ ၁၄ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိမည့် သဘောဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ အလှမ်းဝေးနေဆဲဖြစ်သည်။
‘‘နှစ်သိန်းပေးမယ်ဆိုလည်း ဒေါ်လာနဲ့တွက်ရင် နှစ်ရာပဲရှိမယ်။ ဒေါ်လာနှစ်ရာဆိုတာ သူများနိုင်ငံနဲ့တွက်ရင် မုန့်ဖိုးပဲရှိမယ်။ သူတို့ဆီမှာက တစ်နှစ်လုပ်ပြီးရင် ကမ္ဘာတစ်ပတ်ပတ်နိုင်တယ်။ မြန်မာပြည်မှာက ၁၀ နှစ် လုပ်ပြီးတာတောင် မသေချာဘူး’’ဟု မြောက်ဥက္ကလာပစက်မှုဇုန်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကပြောသည်။
လက်ရှိရရှိသည့် အနိမ့်ဆုံးလစာ ကျပ် ၁၀၅,၀၀၀(လစာ+အပိုထောက်ပံ့ကြေး)သည်ပင် အစိုးရသစ်လက်ထက်ရောက်မှ ၀န်ထမ်းများခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများအား လစာနှင့် ထောက်ပံ့ကြေးတိုးပေးမှု သုံးကြိမ်ခန့်ပြုလုပ်ခဲ့ပြီး စုစုပေါင်းကျပ်ခုနစ်သောင်းအထိ အသားတင်တိုးမြှင့်ပေးခဲ့သည်။
အစိုးရသက်တမ်းလေးနှစ်ခန့်အတွင်း ၀န်ထမ်းလစာများ တိုးတက်လာသည်ဟုဆိုသော်လည်း တစ်ချိန်တည်းတွင် ကုန်ဈေးနှုန်းများသည်လည်း တိုးမြင့်လာခဲ့သည်။
ပြီးခဲ့သည့်လေးနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ၏ အနည်းဆုံးလစာနှင့် အခြားစရိတ်များရရှိသည့် ပမာဏသည် သုံးဆအထိ တက်လာခဲ့ပြီး အခြားတစ်ဖက်တွင်လည်း ပြီးခဲ့သည့်နှစ်များအတွင်း အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများက တိုးမြှင့်လာခဲ့သည်။
အစိုးရသစ်တက်ခါစ ၂၀၁၁ တွင် ဆန်တစ်ပြည်၏ အနိမ့်ဆုံးလက်လီဈေးမှာ ကျပ်ခြောက်ရာခန့်ရှိခဲ့ရာမှ နောက်လေးနှစ်ခန့်အကြာတွင် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
လွန်ခဲ့သည့်လေးနှစ်ခန့်က စားသုံးမှုများပြားသည့် မွေးမြူရေးကြက်သား တစ်ပိဿာဈေးနှုန်းသည် ငါးထောင်ကျပ်ခန့်ရှိခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ကြက်သားဈေးနှုန်းသည် လွန်ခဲ့သည့်လေးနှစ်ကထက် တစ်ပိဿာလျှင် ၄ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။
သူရဦးရွှေမန်း တိုက်တွန်းသည့်အတိုင်းသာ အမှန်တကယ်ဖြစ်လာမည်ဆိုပါက ပျော်ရွှင်ရမည့်သူများရှိသကဲ့သို့ လစာတိုးခြင်းကြောင့် နောက်ဆက်တွဲအကျိုးဆက်များကို စိုးရိမ်သူများလည်းရှိသည်။
ထိုသူများထဲတွင် စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များလည်း အပါအ၀င်ဖြစ်သည်။
စက်ရုံနေရာအတွက် မြေဈေးကြီးမြင့်မှုများ၊ လျှပ်စစ်မီးလုံလောက်စွာမရရှိမှုများအကြားတွင် ရုန်းကန်နေရသည့် မြန်မာနိုင်ငံမှ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များက အစိုးရ၀န်ထမ်းများ လစာတိုးမြင့်ပေးချိန်တွင် အလုပ်သမားများကလည်း လုပ်ခလစာတိုးတောင်းမည့်အရေးကို စိုးရိမ်လျက်ရှိသည်။
‘‘ဘာမှမတတ်တဲ့သူကို အခြေခံလစာနှစ်သိန်းပေးမယ်ဆိုရင် ဘယ်လိုအလုပ်သွားလုပ်မလဲ။ လုပ်ငန်းခွင်ပညာလည်း မတတ်သေးဘူး။ အဲဒီလိုလူတွေကို ဒီလောက်ပေးရမယ်ဆိုရင် ပုဂ္ဂလိကစက်ရုံတွေ ပိတ်သွားနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်အတွင်းမှ အမည်မဖော်လိုသူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အထည်ချုပ်စက်ရုံများရှိ ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏လစာသည်ပင် ကျပ် ၁၈,၀၀၀၀ ၀န်းကျင်သာ ပေးချေနေရကြောင်း လုပ်ငန်းရှင်များကပြောသည်။
လက်ရှိအချိန်တွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား အနည်းဆုံးအခကြေးငွေနှုန်းထားအတွက် ဘုံသဘောတူညီချက်မရဘဲ အကြိတ်အနယ်ငြင်းခုံနေကြဆဲဖြစ်သည်။
အလုပ်သမားကိုယ်စားလှယ်များက အလုပ်ချိန် ၈ နာရီအတွက် တစ်ရက်လျှင် ငွေကျပ်သုံးထောင်မှ ကျပ်ခုနစ်ထောင်အထိ လုပ်ငန်းအလိုက် သတ်မှတ်ကာ အနိမ့်ဆုံးလစာအဖြစ်ပေးရန် တောင်းဆိုထားသည်။
သို့သော်လည်း အလုပ်ရှင်ဘက်မှ ကုန်ထုတ်စွမ်းအား၊ အမှာစာအတက်အကျနှင့် လုပ်သားများကျွမ်းကျင်မှု အားနည်းခြင်းတို့ကြောင့် အလုပ်သမားများဘက်က တောင်းဆိုသည့်နှုန်းထားအတိုင်းပေးရန် ခက်ခဲကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ထိုအချိန်တွင် နိုင်ငံ့ဝန်ထမ်းများ လစာတက်လာခဲ့ပါက စက်မှုဇုန်များမှ အလုပ်သမားများလည်း လစာတိုးတောင်းလာနိုင်သည့် ယင်းအချိန်တွင် ညှိနှိုင်းမှုများမပြေလည်ပါက အလုပ်သမားသပိတ်များ တစ်ဖန်ပြန်လည်ထွက်ပေါ်လာမည်ကိုလည်း စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များက စိုးရိမ်လျက်ရှိသည်။
‘‘အခုပေးထားတဲ့ဟာနဲ့ မလောက်နိုင်ဘူးဆိုတာ လူတိုင်းလည်းသိတယ်။ တစ်ဖက်ကလည်း လစာမြင့်လာရင် စက်ရုံ၊ အလုပ်ရုံတွေဘက်က ပေးနိုင်၊ မပေးနိုင်ဆိုတာလည်း ရှိသေးတယ်။ ဒါပေမဲ့ ဒါတွေကြောက်နေပြီး တိုးမပေးရင် မဖြစ်နိုင်ပြန်ဘူး’’ ဟု မြောက်ဥက္ကလာပစက်မှုဇုန်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကပြောသည်။
အစိုးရ၏ လစာတိုးပေးရေးစီမံချက်၏ နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ပြဿနာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် လာမည့် ၂၀၁၅ ဧပြီနောက်ဆုံးပတ်နှင့် မေလပထမပတ်တွင် ရင်ဆိုင်ရနိုင်ကြောင်း ခန့်မှန်းထားကြသည်။
အကြောင်းက ၁၉၄၈မှ ၂၀၁၄ အတွင်း အစိုးရ၏ နိုင်ငံ့ဝန်ထမ်းများအပေါ် လုပ်ခလစာတိုးပေးခဲ့သည့် ၁၃ ကြိမ်တွင် ရှစ်ကြိမ်သည် ဧပြီလကုန်လစာငွေများတွင် ထည့်သွင်းပေးထားခြင်းကြောင့်ဖြစ်သည်။ ယင်းကဲ့သို့ အစိုးရ၀န်ထမ်းများ လစာတိုးပြီး နောက်တစ်ရက်ဖြစ်သည့် မေလ ၁ ရက်သည် နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)ဖြစ်သောကြောင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများလည်း ပြင်းထန်နေချိန်နှင့် တိုက်ဆိုင်နေသည်။
‘‘မေလလောက်ဆိုရင် တောင်းဆိုမှုတွေ တက်လာနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။
အလုပ်သမားလှုပ်ရှားမှုများ ပြင်းထန်လာပါက နောက်ဆက်တွဲအဖြစ် နိုင်ငံခြားမှ လာရောက်သည့် စက်ရုံ၊ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားမည့်အရေး စိုးရိမ်နေသူများလည်း ရှိကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်းက မြန်မာနိုင်ငံတွင်း အလုပ်သမားအရေး မတည်မငြိမ်မှုများကြောင့် စက်ရုံ၊ အလုပ်ရုံအချို့ ပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များကပြောသည်။
လက်ရှိအခြေအနေအရ စက်မှုဇုန်များရှိ အလုပ်သမားများ၏ လုပ်ခလစာမှာ ဘ၀ရှင်သန်ရေးအတွက် အကျပ်အတည်းများဖြစ်နေပြီး စက်မှုဇုန်များအတွင်း အလုပ်သမားများ ဆန္ဒပြသည့် အဓိကအကြောင်းရင်းများမှာလည်း လုပ်ခလစာပြဿနာများပင်ဖြစ်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ဒေါ်မျိုးမျိုးအေးကပြောသည်။
အစိုးရ၀န်ထမ်းများ လစာတိုးပေးရေးအတွက် စဉ်းစားမည်ဆိုပါက အစိုးရမဟုတ်သည့် ၀န်ထမ်းများအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း ၎င်းကပြောသည်။
 ‘‘လုပ်ခလစာပြဿနာက အရမ်းအရေးကြီးတယ်။ မငြိမ်သက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ နိုင်ငံရေးကစားကွက်လည်း ဖြစ်လာနိုင်တယ်’’ဟု ဒေါ်မျိုးမျိုးအေးကပြောသည်။
အစိုးရ၀န်ထမ်းအဖြစ် ၃၂ နှစ်ကျော်ကြာ အမှုထမ်းခဲ့သည့် ဦးအောင်ကျော်နိုင်ကတော့ အစိုးရ၀န်ထမ်းများသည် ခက်ခဲစွာရုန်းကန်နေရပြီး ၎င်းတို့၏လစာကို လုံလောက်သည့်ပမာဏ တိုးပေးသင့်သည်ဟု ဆိုသည်။
‘‘၀န်ထမ်းတွေ လာဘ်စားတာပဲ ပြောတယ်။ လစာမလောက်တာကျတော့ လူတွေသိပ်စိတ်မ၀င်စားကြဘူး’’ဟု ဦးအောင်ကျော်နိုင်ကဆိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှုအများဆုံးနှင့် လာဘ်ပေးလာဘ်ယူအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံနေရခြင်းကို ၀န်ထမ်းများ လုပ်ခလစာတိုးပေးခြင်းဖြင့် အဆုံးသတ်နိုင်ကြောင်း ၎င်းကပြောသည်။
သို့သော်လည်း အကျင့်ပျက်ခြစားမှုမှာ လုပ်ခလစာတိုးပေးခြင်းကို ကုစားရန်မဖြစ်နိုင်ဘဲ အရိုးစွဲနေသည့် အကျင့်များကိုလည်း နှိမ်နင်းရန်လိုအပ်ကြောင်း အလုပ်သမားများအရေး ကူညီလုပ်ဆောင်ပေးနေသည့် ဒေါ်မျိုးမျိုးအေးကပြောသည်။
နိုင်ငံ့ဝန်ထမ်းများ လုံလောက်သည့် လစာတိုးရေး၊ မတိုးရေး အငြင်းအခုံဖြစ်နေကြသော်လည်း အမှန်တကယ်လုံလောက်သည့် လစာတိုးတက်ရရှိရန် အနီးစပ်ဆုံးရှိနေသူများမှာ လွှတ်တော်များအတွင်းမှ ကိုယ်စားလှယ်များပင်ဖြစ်သည်။
 ‘‘ပြီးခဲ့တဲ့နှစ်တွေမှာ လွှတ်တော်အမတ်တစ်ယောက်ကို မကျေနပ်လို့ ပြန်ဖြုတ်ချလို့ရတဲ့ ပြန်ခေါ်လို့ရတဲ့ဥပဒေကိုကျတော့ အကောင်အထည်ဖော်ကြဘူး။ အဲဒီအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက လစာတွေတိုးသွားတယ်’’ဟု ဒေါ်မျိုးမျိုးအေးကဝေဖန်သည်။
အစိုးရသစ်၏ နှစ်စဉ်ဧပြီကုန်တိုင်း ၀န်ထမ်းများကို လစာတိုးပေးရေးအစီအစဉ်သည် ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ဆွေးနွေးမှုသတင်းများ ထွက်ပေါ်နေခဲ့သည်။ ၀န်ထမ်းများ၏ လစာမည်မျှတိုးမည်မှာ မသေချာသေးသော်လည်း လစာတိုးရေးနှင့် ပတ်သက်သည့် အကောင်းမြင်မျှော်လင့်မှုများ၊ စိုးရိမ်မှုများကလည်း ယခင်နှစ်များအတိုင်း ဖြစ်ပေါ်နေဆဲ။ လစာတိုးမည့်သတင်းများကြောင့် ကုန်ဈေးနှုန်းများသည်လည်း တက်လာဆဲဖြစ်သည်။
7Day

ရွှေမှုန်ရတီနဲ့ကိစ္စ ဇေရဲထက်ရှင်းပြီ


အခုနောက်ပိုင်း တီဗွီဖန်သားပြင်ပေါ်မှာ ပရိသတ်မြင်တွေ့မှု များလာသူကတော့ သရုပ်ဆောင်
ဇေရဲထက်ပါ။ ဇာတ်ကားတစ်ကားချင်းတိုင်းမှာ မတူညီ တဲ့ ဖက်ရှင်တွေ၊ အိုက်တင်တွေကြောင့် ပရိသတ်စိတ်ဝင်စားမှု ရခဲ့တဲ့ ဇေရဲထက်က ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူး ပုံဖော်ထားတဲ့ 'Online ပေါ် က ဝိညာဉ်'ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာ သူ့အတွက် ပထမဆုံး ရုံတင်ဇာတ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။ အဆို ပါ ဇာတ်ကားရဲ့ Press Show မှာ ဇေရဲထက်ကို တွေ့ ဆုံခဲ့တာကြောင့် လတ်တလောထွက်ပေါ်နေတဲ့ ကောလာဟလနဲ့ပတ်သက်
လို့လည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

'Online ပေါ်က ဝိညာဉ်'ဇာတ်ကား က ဇေရဲထက်အတွက် ပထမဆုံးရုံတင်ဇာတ် ကားဆိုတော့ ခံစားချက်လေးကို ပြောပြပါဦး။

စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာဖြစ်နေပါတယ်။ ကျွန်တော် ဒီဇာတ်ကားမှာ အခန်း နည်းပေမယ့် ဦးညီညီထွန်းလွင်က အကောင်းဆုံးသရုပ်ဆောင်ခိုင်းတဲ့အတွက် ပါတဲ့အခန်းတွေမှာ အကောင်းဆုံးလုပ်နိုင်
ခဲ့တယ်။ အဲဒီအတွက် ကျေနပ်ပါတယ်။ အဲဒီဇာတ်ကားအတွက် ပြင်ဆင်မှု ထွေထွေထူးထူးတော့ မလုပ်ခဲ့ပါဘူး။ ဦးညီကတော့ သင်ပေးပါတယ်။ 

ကြားနေရတဲ့သတင်းတွေကလည်း ဒါရိုက်တာတွေနဲ့ ဇေရဲထက်နဲ့ အဆင်မပြေဘူးဆိုပြီးတော့ပေါ့။ အဲဒီအပေါ်ကိုရော ဘာပြောချင်လဲ။

ကျွန်တော့်ဘက်ကတော့ ဒါရိုက်တာတွေနဲ့ အဆင်ပြေပါတယ်။ ပြေအောင်လည်း နေပါတယ်။ ကျွန်တော် ဘယ်သောအခါမှ မင်းသားဆိုပြီး ထည်ထည်ဝါဝါ မနေခဲ့ဘူး။ အောက်ကနေ ရိုရိုကျိုးကျိုး နေခဲ့ပါတယ်။
အောက်ကနေလို့လားလည်း မသိပါဘူး။ ဖိကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဝမ်းနည်းမိတာပေါ့ဗျာ။

အခုဆိုရင် ရွှေမှုန်ရတီနဲ့ကြိုက်နေတယ်ဆိုပြီး သတင်းတွေ ထွက်တယ်နော်။

ကြားရပါတယ်ဗျာ။ မင်းသမီးတစ်လက်နဲ့ တွဲရိုက်တာ များသွားရင် ချစ်ပြီ၊ ကြိုက်ပြီဆိုပြီး ပြောကြတယ်။ အနုပညာအသိုင်းအဝိုင်းက ကျဉ်းကျဉ်းလေး ရယ်။ မင်းသမီးရော၊ မင်းသားရော လက်ချိုးရေလို့ရတယ်။ ကျွန်တော်နဲ့ ရွှေမှုန်ရတီ ဇာတ်ကားရိုက်တယ်။ ပေါက်တယ်။ အဲဒီအခါ ထုတ်လုပ်ရေး ဘက်က ကျွန်တော်တို့ နှစ်ယောက်ကို ပိုပြီး ကားရိုက်ငှားမယ်။ အဲဒီအခါ ကြိုက်နေကြတယ်လို့ ထင်သွားကြရော။ မင်းသားတွေအတွက်ကတော့ အဲဒီလိုသတင်းထွက်တာ ကိစ္စမရှိဘူး။ မင်းသမီးတွေအတွက်ကျတော့ အရမ်းနစ် နာတယ်လေ။ ကျွန်တော်ကိုယ်တိုင်ကတော့ ငြင်းချင်ပါတယ်။ မဟုတ်ပါဘူး။ အနုပညာမောင်နှမတွေပါလို့။ 

ဇေရဲထက် မဖြစ်ခင်က အချိန်နဲ့ အခုရော ဘာတွေကွာ သွားပြီလဲ။

ဇေရဲထက်မဖြစ်ခင်ကတော့ စိတ်ဓာတ် အရမ်းမာတယ်။ အခု ဇေရဲထက်ဖြစ်သွားတော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ပြီး ဝမ်းနည်းသလိုခံစားရတယ်။ ဘာဖြစ်မှန်းမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရမ်း တိုက်ခိုက်တာတွေခံရတော့ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အားငယ်သလို ခံစားရတာပေါ့။

တိုက်ခိုက်မှုတွေက အောင်မြင်မှုဘက်ကိုတွန်း ပို့နေတယ်လို့ရော မြင်မိလား။ 

ကျွန်တော် အဲဒါတော့မသိဘူးဗျာ။ အခုချိန်မှာ အိမ်နဲ့ရှုတင်၊ ရှုတင်နဲ့အိမ်ပဲသွား
နေတယ်။ ခေါင်းထဲမှာလည်း အလုပ်တွေ အပြည့်ထည့်ထားတယ်။ အရမ်းစိတ်ဓာတ်ကျ လာရင်တော့ သီချင်းတွေဖွင့်ပြီးပေါက် ကွဲပစ်လိုက်တယ်။ ကလေးတွေနဲ့ဆော့နေလိုက်တယ်။ တစ်ခါတလေ စကားမပြော ချင်လောက်အောင်ကို ဖြစ်သွားပြန်ရော။ အဓိကကတော့ ကြုံရတာ ကိုယ်မပြောခဲ့တဲ့ စကားကို ပြောပါတယ်ဆိုပြီး လှည့် တိုက်တာကြီးကတော့ အဆိုးရွားဆုံးပဲ။ ကျွန်တော်လည်း ဘယ်လိုဖြေရှင်းရမှန်းကို မသိဘူးဖြစ်နေတယ်။

အနုပညာရှင်တစ်ယောက် မဖြစ်ခင်ကတည်းက ဒီ လောကရဲ့ အရှုပ်အထွေးကို သိခဲ့လား။ 

သိတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ ခံစားရတော့မှ ပေါက်ကွဲရတာပေါ့ဗျာ။ ဆရာဖြစ်တဲ့ ဒါရိုက်တာ ညီ ညီထွန်းလွင်နဲ့ရော ဇာတ်ကားရိုက်ကူးဖို့ရှိလား။ 

ကျွန်တော့်ဘက်ကတော့ အရမ်းရိုက်ချင်တာပေါ့ဗျာ။ ဆရာ လည်း ရိုက်ချင်မယ်လို့ မျှော်လင့် ပါတယ်။ 

#TheFlowerNews

ကားတင်သွင်းရန် ဆိပ်ကမ်းအရောက်တန်ဖိုး မသတ်မှတ်ဘဲ အထောက်အထားကိုသာ စစ်ဆေးခွင့်ပြုမည်ဟုဆို


ကားတင်သွင်းရာတွင် အသုံးပြုသည့် ဆိပ်ကမ်းအရောက် စီအိုင်အက်ဖ်တန်ဖိုးကို အစိုးရက သတ်မှတ်ပေးတော့မည်မဟုတ် ဘဲ တင်သွင်းမည့်သူ၏ ကားဝယ် ယူလာသည့် ဘောက်ချာ (သို့ မဟုတ်) အထောက်အထားကို သာ စစ်ဆေးပြီး တင်သွင်းခွင့်ပြု မည်ဟု မော်တော်ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါစနစ်ကို ၂၀၁၅ ဇန်နဝါရီ ၁ ရက်တွင် စတင်ကျင့် သုံးမည်ဖြစ်ပြီး တစ်ဦးချင်းတစ်နိုင် တစ်ပိုင်တင်သွင်းသူများ၊ ယာဉ် အိုယာဉ်ဟောင်းအစားထိုးအပ်နှံ ပါမစ်ရှိသူများအားလုံး အကျုံးဝင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကားတင်သွင်းရာတွင် သွင်း ကုန်လိုင်စင်  ပါမစ်လျှောက်ထား မှုကို ဒီဇင်ဘာ ၂၄ ရက် နောက် ဆုံးထားလျှောက်ထားရမည်ဖြစ် ကြောင်း ကြီးကြပ်ရေးကော်မတီ က သတင်းထုတ်ပြန်ပြီးနောက် ငါးရက်အကြာတွင် ကြေညာချက် တစ်ခုထပ်မံထွက်လာခြင်းဖြစ် သည်။
‘‘အခုလုပ်လိုက်တဲ့စနစ်က နိုင်ငံခြားကဝယ်လာတဲ့ စာရွက် ပေါ်မှာ အခွန်ကိုလျော့အောင် မသမာမှုတွေလုပ်လာလို့ရတယ်။ ကိုယ်ဝယ်လာတဲ့ဈေးနဲ့   မတူ အောင်လျှော့ပြီး Invoice မှာ ရေး ခိုင်းပြီးသွင်းလို့ရနိုင်တဲ့ သဘောရှိ လာပြီ’’ဟု မော်တော်ယာဉ်နှင့် ပတ်သက်သော ဆောင်းပါးများ ရေးသားနေသူ ကိုအရည်ကျိုက သုံးသပ်သည်။
ယခုစနစ်ကြောင့်     ပါမစ် လျှောက်ထားရာမှ   စတင်တင် သွင်းလာသည်အထိ    ဌာနကြီး သုံးခုဖြစ်သည့် စီးပွားကူးသန်း၊ အကောက်ခွန်နှင့် ကညနတို့တွင် ရှုပ်ထွေးမှုများ   ဖြစ်ပေါ်လာနိုင် ကြောင်း ၎င်းက သုံးသပ်သည်။
ထို့ကြောင့်    ယခုကဲ့သို့ ပြောင်းလဲလိုက်သည့်စနစ်မှာ ဌာနတွင်း ပွင့်လင်းမြင်သာမှုမရှိနိုင် ကြောင်း ကားတင်သွင်းသူများက ဝေဖန်သည်။
အရင်လို ကားတစ်စီးသွင်း ချင်ရင် လွယ်လွယ်သွင်းလို့ မရ တော့မယ့် အနေအထားတွေဖြစ်ကုန်ပြီ’’ဟု ကားတင်သွင်းသူ ဦး ဝင်းမင်းစိုးက ဆိုသည်။
ဘောက်ချာ   အထောက် အထား Invoice ကို စီးပွားကူး သန်းသို့ တင်ပြရာတွင် ယခင်ကဲ့ သို့ ဆိပ်ကမ်းအရောက်တန်ဖိုးဖြင့် မသတ်မှတ်ပေးသဖြင့် လျှောက် ထားသူတိုင်း ကားတင်သွင်းခွင့်ရ ရန် မသေချာနိုင်ကြောင်း ၎င်းက ပြောသည်။
ဌာနမှ      တင်ပြလာသည့် Invoice သည် အကျိုးအကြောင်း မခိုင်လုံဟု    အကြောင်းပြကာ သွင်းကုန်လိုင်စင်ကိုမထုတ်ပေး လျှင်လည်း တင်သွင်းလာသူများ သာ နစ်နာနိုင်ကြောင်း ၎င်းက ဝေ ဖန်သည်။
လက်ရှိတွင် ကားလောက အတွင်း CIF တန်ဖိုးကိုမထုတ်ပြန် တော့ခြင်း၊ အကောက်ခွန်ဦးစီး ဌာနက တင်သွင်းလာသည့် ကား အပေါ်တန်ဖိုးတစ်ခုသတ်မှတ် မည်ဆိုခြင်း၊ သွင်းကုန်ပါမစ်ကိုသုံးလအထိသာခွင့်ပြုမည်ဆို ခြင်း၊ ကားပါကင်ရှိမှသာ တင် သွင်းခွင့်ပြုတော့မည်ဆိုခြင်းတို့ ကြောင့် အများစုက ယခင်သတ် မှတ်ချက်များအတိုင်း နှစ်မကုန်မီ တင်သွင်းရန်ကြိုးစားနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၅ နှစ်သစ် တွင်ပြောင်းလဲလာနိုင်သည့် မူဝါဒ အသစ်များကြောင့် ကားဈေး အနည်းငယ်တက်လာနိုင်သည် ဟု   ပြည်တွင်းကားဈေးကွက်အတွင်း  အရောင်းအဝယ်ပြုလုပ် မည့်သူများက ဆိုကြသည်။
7Day

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ