Monday, September 29, 2014

စက်တင်ဘာ ၂၇ ရက်၌ ရောင်းချသည့် Telenor ဆင်းမ်ကတ်များ နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည်

 
မန္တလေးမြို့၌ စက်တင်ဘာလ ၂၇ ရက်တွင် စတင်ရောင်းချသည့် Telenor ဆင်းမ်ကတ်များသည် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန်ခေါ်ဆိုမှု ပြုလုပ်နိုင်မည်ဟု Telenor Myanmar ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောသည်။
Roaming အနေဖြင့် ပြည်ပဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သည့် နိုင်ငံ ၅ နိုင်ငံနှင့် ပြည်ပခေါ်ဆိုမှုအတွက် ကျသင့်ငွေကို စတင်ရောင်းချသည့် နေ့၌ကြေညာပေးမည်ဟု Petter ကပြောဆိုခဲ့ပြီး ဆင်းမ်ကတ်များကိုမူ ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချမည်ဟု သိရသည်။
ဆင်းမ်ကတ်များကို မန္တလေးမြို့၌ ရောင်းချပြီး တစ်ပတ်ကြာ မြင့်သည့်အခါ နေပြည်တော်တွင် ရောင်းချမည်ဟု သိရသည်။ ရန်ကုန်မြို့ ၌ အောက်တိုဘာ လဆန်းပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ဧရာဝတီ၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်၊ မကွေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ မြို့နယ်တချို့၌ ရောင်းချပေးနိုင်မည်ဟု သိရသည်။
Telenor ၏အဓိက ပြိုင်ဘက်ဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းပြောဆိုခကို  အခြားသော အော်ပရေတာများ၏ မိုဘိုင်းနံပါတ်များကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် ကောက်ခံသော်လည်း Telenor သည် မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ်သာ ကောက်ခံမည်ဟုသတင်း ထုတ်ပြန်ခဲ့သည်။
ငွေဖြည့်ကတ်များကို ၁ ထောင်တန်၊ ၃ ထောင်တန်၊ ၅ ထောင် တန်၊ ၁ သောင်းကျပ်ဟူ၍ Telenor က ထုတ်လုပ်ထားပြီး အီလက်ထရွန်နစ်စနစ်ဖြင့် ငွေဖြည့်သွင်းနိုင်ရန်လည်း စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းစာတို ပို့စနစ်အတွက် အခြားသော အော်ပရေတာများက စာတစ်စောင်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံသော်လည်း Telenor သည် စာတစ်စောင်အတွက် ကျသင့်ငွေကို  ၁၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။
Telenor ၏ မိုဘိုင်းဆင်းမ် ကတ်များကို မန္တလေးမြို့၌စတင် ရောင်းချရသည်မှာ ကွန်ရက်တည်ဆောက်ရာတွင် လျင်မြန်စွာပြီးစီးသည့် အတွက်ဖြစ်ပြီး  လက်ရှိအချိန်၌ မန္တလေးမြို့တွင် တာဝါတိုင်ပေါင်း ၇၀ ခန့်ကို တည်ဆောက်ပြီးစီး ခဲ့သည်ဟု Petter ကပြောသည်။
ထို့အပြင် ဆင်းမ်ကတ်ရောင်းချရာ၌ ID ကတ်တစ်ခုလျှင် ဆင်းမ်ကတ် ၃ ကတ်ရောင်းချရန် ညွှန်ကြားထားသည်ဟုလည်း ၎င်းကပြောသည်။ Telenor မှပြည်ပသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည့် ၅ နိုင်ငံမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံတို့ဖြစ်သည်။
-မြင့်ကျော်လှိုင်

အစိုးရတပ်နှင့် ဒီကေဘီအေ သုံးရက်ဆက်တိုက်ပွဲဖြစ်


အစိုးရတပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကြား သုံးရက်ဆက်တိုက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
စက်တင်ဘာ  ၂၆ ရက်က ကျိုက်မရောမြို့နယ် ကလိုင်ကနိုင် ကျေးရွာတွင်   အစိုးရတပ်နှင့်DKBA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ၂၇ရက်တွင် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးဘေး၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ ထို့နောက် စက်တင်ဘာ၂၈ရက်တွင် ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာအနီး၌ အစိုးရတပ်နှင့် DKBA တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ဒီကေဘီအေဘက်မှ နှစ်ဦးကျသည်ဟု မြ၀တီရှေ့တန်းရုံးမှ တပ်မတော်အရာရှိတစ်ဦးကပြောသည်။  ထို့အပြင် မြ၀တီမြို့ ရှေ့တန်းရုံးသို့ ဒီကေဘီအေဘက်မှ တပ်ဖွဲ့ဝင်ခြောက်ဦး   လာရောက်   လက်နက်ချခဲ့သည်ဟု ၎င်းကဆိုသည်။
ထို့ကြောင့် ဗိုလ်မှူးတိုက်ဂါးမှာ တော ခိုသွားသည်ဟု ယူဆထား ကြောင်း  အထက်ပါဗိုလ်မှူးက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ DKBA သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘မနက် ၉ နာရီကျော် လောက်ကစဖြစ်တာ။ ကျွန်တော်တို့လည်း အလုပ်အရမ်းရှုပ်နေလို့ ပါ’’ဟု ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားခဲ့ပြီး အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။
‘‘DKBA က သူ့အဖွဲ့သူမနိုင်ပါဘူး။ အခုဖြစ်စဉ်က အပေါ်က လူတွေသိချင်မှ သိပါမယ်။ အောက်ခြေ အဆင့်တွေကနေ ငြိမ်းချမ်းရေးဗန်းပြ သေနတ်ကိုင် လုပ်စားနေကြတာပါ။ သူတို့မှာ အပေါ်နဲ့ အောက် မညီတဲ့အတွက် ဘယ်လိုမှ ကွပ်ကဲလို့ မရနိုင်ဘူး ဖြစ်နေတာပါ။ တကယ်ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် မလုပ်လောက်ပါဘူး’’ဟု တပ်မတော်အရာရှိတစ်ဦးက ဆိုသည်။
ကော့ကရိတ်မြို့ အနီးတစ်ဝိုက်တွင် နှစ်ဖက်တပ်များမှာ အခြေအနေတင်းမာနေကြောင်း ဒေသခံများက ပြောသည်။
‘‘မြို့လယ်ကောင်၊ တောင် ပေါ်ကျောင်း ပရိယတ္တိစာသင် တိုက်မှာ စက်တင်ဘာ ၂၇ ရက်တုံးက ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲလုပ်နေတုန်း တပ်ရင်း ၅၄၅ က စစ်ကား ခုနစ်စီးရောက် လာပြီးတော့ အားလုံးကို သိမ်းခိုင်းပြီးတော့ တပ်က နေရာယူ ထားလိုက်တယ်။ ကော့ကရိတ်နဲ့ တစ်မိုင်လောက်ဝေးတဲ့ တမိုင် ကုန်းရွာကနေ ဒီကေဘီအေက ပိတ်ထားပြီး ဒီဘက်ကို အ၀င်မခံ ဘူး။ အကူးအသန်းကို တားထား တာပေါ့။ ဟိုဘက်၊ ဒီဘက်လက် နက်ကြီးတွေနဲ့ ချိန်ထားတဲ့ပုံစံပါ။ သူတို့ပစ်မှတ်တွေက ရှိပြီးသားပဲဟာ။ အခုလိုဖြစ်နေတော့ ဆေးကုမယ့်လူတွေလည်း မလာဘူး။ နယ် လှည့်ပြီး ဈေးရောင်းနေသူတွေလည်း မလာဘူး။ ဒီကေဘီအေ ကလည်း မြို့ထဲသွားမယ့်လူတွေကို အ၀င်မခံဘူး’’ဟု ကော့ကရိတ် မြို့အနီး အစိုးရနှင့် ဒီကေဘီအေ အခြေအနေတင်းမာနေမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကပြောသည်။
ထို့အပြင်  မြ၀တီမြို့ မြေနီကုန်းရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညနေက  မြ၀တီရှေ့တန်းရုံးတပ်ရင်းမှူး ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၆၀ ခန့်သည် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သက်သော နေအိမ်များကို ၀င်ရောက်ရှာဖွေခဲ့သည်။ ထို့နောက် လက်နက်ခဲယမ်းနှင့် ပတ်သက်သော ပစ္စည်း၊ ယူနီဖောင်း ၀တ်စုံများကိုပါ သိမ်းဆည်းသွားကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောပြီး တစ်ဖက်ကလည်း အတည်ပြုပေးသည်။
အစိုးရတပ်နှင့် ပူးပေါင်းလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့်တပ် (BGF) မှ အရာရှိ တစ်ဦးကလည်း စက်တင်ဘာ ၂၇ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော မြ၀တီမြို့တွင် လုံခြုံရေးတိုးမြှင့်ထားပြီး အခြေအနေငြိမ်သက်နေကြောင်း ပြောသည်။
‘‘ပုံမှန်ထက် လုံခြုံရေးတိုးထားတယ်။ အခြေအနေကတော့ ကြောက်ဖို့ကောင်းလောက်အောင် ငြိမ်သက်နေတယ်’’ဟု BGF မှ ဗိုလ်မှူး သိန်းဇော်မင်းက ပြောသည်။
‘‘မနေ့က မြ၀တီမြို့ မင်းပဒုမ္မာဝင်းထဲမှာရှိတဲ့ ဂိမ်းဆိုင်ကို စစ်တပ်က ၀င်ရောက်ရှင်းလင်းတာ DKBA အဖွဲ့နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး DKBA အဖွဲ့ ဆုတ်ခွာသွားတဲ့အချိန်မှာ အဲဒီဂိမ်းဆိုင်ထဲကို ၀င်ရှာတော့ စိတ်ကြွဆေးပြားတွေမိတယ်။ နင်းမိုင်းထောင်ထားတာတွေလည်း ရှင်းခဲ့တယ်။ လက်ရှိတော့ အခြေအနေတည်ငြိမ်နေပါတယ်’’ဟု တပ်မ (၂၄) မှ တပ် မတော်အရာရှိတစ်ဦးက မြ၀တီမြို့တွင် စက်တင်ဘာ ၂၇ ရက်တွင်ဖြစ်ပွားခဲ့သော အခြေအနေနှင့်ပတ်သက်၍ ပြောသည်။
အဆိုပါ ဂိမ်းဆိုင်အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၄၀ နီးပါးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာက အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသော DKBA နှင့် အစိုးရတို့ကြား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အခြေအနေပြန်လည်တင်း မာလာခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်က မြ၀တီမြို့ပေါ်တွင် စည်းကမ်းမဲ့မောင်းနှင်လာသော DKBA  တပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့်ကားကို အစိုးရပူးပေါင်းလုံခြုံရေးတပ်ဖွဲ့မှ ဟန့်တားရာ လက်မခံဘဲ သေနတ်ဆွဲထုတ်သဖြင့် ပစ်ခတ်ရာမှ DKBA အရာရှိတစ်ဦးနှင့် ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် အစိုးရနှင့် DKBA တို့ကြား အခြေအနေ ပြန်လည်တင်းမာလာခဲ့ခြင်း ဖြစ်သည်။
လတ်တလော အခြေအနေများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက DKBA အနေဖြင့် လက်အောက်ခံတပ်များကို ထိန်းသိမ်းရန် သတိပေးစာပေးပို့ထားသည်။
တင်းမာမှုများဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်မှ စတင်ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွင်း ဆွေးနွေးရန် တင်ပြခဲ့သော်လည်း အစိုးရဘက်မှ ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
7Day

ဂျာမနီအခွန်စနစ်နှင့် ဘတ်ဂျက်လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲ ပြည်ထောင်စုလွှတ်တော်နာယကနှင့် ကော်မတီဥက္ကဋ္ဌများတက်ရောက်အားပေး




ဂျာမနီနိုင်ငံ University of Wuerzburg မှ Prof.Dr.Hans Fehr ၏ အခွန်စနစ်နှင့်ဘတ်ဂျက်လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိလွှတ်တော်ရုံး ရုံးအမှတ် (၂၀) ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက် ချီးမြှင့်သည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီနှင့် ပြည်သူ့လွှတ်တော် ကော်မတီတို့မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာ နှင့်ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် များ၊ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းနှင့် Friedrich – Ebert –Stiftungမှ မြန်မာနိုင်ငံဌာနနေကိုယ်စားလှယ် Mr. Konstantin Barwaldt တို့က အမှာစကားပြောကြားကြသည်။ ထို့နောက် ဂျာမနီနိုင်ငံ WUERZBURG တက္ကသိုလ်မှ ပြည်သူ့ဘဏ္ဍာ စီမံရေးတာဝန်ခံ Prof. Dr. Hans Fehr က ဂျာမနီနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်နှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ပြည်ထောင်စုလွှတ်တော်နာယကနှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကိုခေတ္တရပ်နားပြီး ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက ဂျာမနီနိုင်ငံ၏အခွန်ကောက်ခံမှုစနစ်နှင့်ဘဏ္ဍာရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကြရာ Prof. Dr.Hans Fehr နှင့် Friedrich-Ebert-Stiftung မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရပ်နားလိုက်ပြီးဆွေးနွေးပွဲ ဒုတိယနေ့ကို ယခုလ ၂၈ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MRTV

Sunday, September 28, 2014

၂၀၁၅မှာ NLD ပါတီ လုံးဝအပြတ်အသတ်နိုင်မယ်မထင်ဘူး



အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးလှဆွေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် ၁၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး လက်ရှိ အခြေအနေများအပေါ် သူ၏ ဝေဖန်တုံ့ပြန်ချက်များကြောင့် လူသိများလာသူ ဖြစ်သည်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင်လည်း သူ၏ ပြောဆို ရေးသားချက်များကြောင့် အများ၏ စောင့်ကြည့်ခြင်းကို ခံရသူတဦးဖြစ်သည်။ လွှတ်တော် အမတ် ဦးလှဆွေ၏ လတ်တလော လှုပ်ရှားမှုများ၊ လွှတ်တော်အမတ်တယောက် အနေဖြင့် ခံယူချက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား စသည်တို့ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါသည်။မေး ။ ။ ဦးလှဆွေ အခုတလော ဘာတွေ လုပ်နေလဲ။

ဖြေ ။ ။ အခု လွှတ်တော်မှာ ခွင့် ၂ ရက် ယူပြီး စနေ၊ တနင်္ဂနွေနဲ့ ပေါင်း ၄ ရက်ကို ကျနော့်ဒေသ ဆောမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်နေတယ်။ အခု ဆောနယ်မှာ သိန်း ၆၀၀၀ တန် စလင်းချောင်းကူး တံတားကြီး ပြီးစီးတဲ့အခြေအနေကို သွားကြည့်နေတာ။ ပြီးရင် ဒီဘက်က ဆောနဲ့ ဇီးကုန်းနဲ့ လောင်းရှည်ကြားက၊ လောင်းရှည်ဆိုတာ သီပေါမင်းရဲ့ မယ်တော်ကြီးနေခဲ့တဲ့ ရွာပေါ့ဗျာ။ ရာဇ၀င်ထဲကမြို့ပေါ့။ အဲဒီမှာ တံတား ၇ စင်း ထိုးနေတာကို ကျနော်သွားကြည့်တာ။ ကျနော် လုပ်ငန်းအခြေအနေတွေ ကွင်းဆင်း စစ်ဆေးတယ်။ အခုလည်း ဒေသခံတွေနဲ့ တွေ့ပြီး စကားပြောတော့မှာ။

င်္ဘဂါလီနိုင်ငံသားဖြစ်ခွင့်လုပ်ငန်းစဉ် ဘန်ကီမွန်းအလေးထားပြော



မြန်မာနိုင်ငံသည် စီးပွား ရေး၊ လူမှုရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍတို့တွင် အောင်မြင်မှုများ ရရှိထားသော် လည်း ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုများနှင့် နိုင်ငံပြုပြင် ပြောင်းလဲရေးကို ထိခိုက်စေနိုင်ပြီး ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် လုပ်ငန်းစဉ်များ ပြည့်စုံကောင်း မွန်အောင် ဆောင်ရွက်ရန်အထူး အလေးထားတိုက်တွန်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။


(၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးအဖြစ် စက်တင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့သော မြန်မာ့မိတ်ဖက်များဝန်ကြီးအဆင့်အစည်းအဝေးဖွင့်ပွဲတွင် မစ္စတာဘန်ကီမွန်းက မြန် မာ့အရေးနှင့်ပတ်သက်၍ သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖုန်းဆင်းကဒ်ဈေးပိုရောင်းရင် အရေးယူမည်



ငွေကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်တွေကို သတ်မှတ်နှုန်းထက်ပိုရောင်းတဲ့ အရောင်းဆိုင်တွေနဲ့ ကုမ္ပဏီ တွေ ကို ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက နိုင်ငံခြားကုမ္ပဏီ တွေက ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ ပြသာနာတွေပေါ်ပေါက်လာရင် ဖြေရှင်းပေးဖို့ အတွက် ကော်မတီ၊ ကော်မရှင်တွေဖွဲ့စည်းထားဖို့ မေးမြန်းချက် ကို ဒုတိယဝန်ကြီး ဦးဝင်းသန်းက အခုလို ဖြေကြားခဲ့ပါတယ်။


"ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့သက်ဆိုင်ရာတာဝန်ပေးထားတဲ့ ဖြန့်ချီရေးတွေ တိုက်ရိုက်ရောင်းချဖို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ တိတိကျကျနဲ့သက်မှတ်ထားတဲ့ နှုန်းထားနဲ့ပဲရောင်းပြီးတော့ တခြားသော မိမိကိုယ်ကျိုးအတွက် ငွေဖြည့်ကတ်တွေနဲ့ တွဲရောင်းတာ တန်ဖိုးမြှင့်ပြီးရောင်းတာ တယ်လီဖုန်းအခွံတွေနဲ့ တွဲပြီးရောင်းတာမျိုးမဖြစ်ဖို့အတွက် သတိပေးကြေညာထားပြီးဖြစ်ပါတယ်၊ တကယ်လို့ ဆက်လက်ပေါ်ပေါက်မယ်ဆိုလို့ရှိရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးအရေးယူဆောင်ရွက်မှာဖြစ်သလို တဖက်ကလည်း ဒီဆိုင်တွေ ဒီကုမ္ပဏီတွေကို ရောင်းချခွင့်ပိတ်သိမ်းသွားမှာဖြစ်ပါတယ်"

ဒါ့အပြင် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားဆက်သွယ်ရေးအကြံပေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်တို့ကိုဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ငွေကျပ် ၁၅၀၀ တန် ဆင်းကတ်တွေကို ဖုန်းဟန်းဆက်တွေ၊ ငွေဖြည့်ကဒ်တွေဝယ်မှ ရောင်းချတဲ့ ဆိုင်တွေ ရှိသလို ငွေကျပ်တစ်သောင်းနီးပါးနဲ့ ရောင်းချနေတဲ့ ဆိုင်တွေလည်း ရှိပါတယ်။

(RFA)

Saturday, September 27, 2014

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်


အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။
(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။
(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။
(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။
(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။
(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။
(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။
(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။
(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။
(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။
ဆောင်းပါးရှင် - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ