Tuesday, March 10, 2015

ဖုန်ကြားရှင်းအဆက်ဟုဆိုကာ ရန်ကုန်ရောက် ကိုးကန့်စီးပွားရေးသမား တစ်ဦးအသတ်ခံရ


မတ်ခ်ျလ ၁၁ ရက် ၂၀၁၅

ရန်ကုန်မြို့နေ စီးပွားရေးလုပ်ငန်းရှင် ဦးလှဝင်း ဆိုသူအား စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖ ကခေါ်ယူ စစ်ဆေးရာမှ သေဆုံးသွားသည်ဟု သိရသည်။

ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က မင်္ဂလာဆောင်ပွဲမှအပြန် ၎င်းအားရုံးသို့ ခေတ္တလိုက်ရန် စရဖ တပ်ဖွဲ့က ခေါ်ဆောင်သွားပြီးနောက်ပိုင်းမိသားစု နှင့် ၁၁ ရက်ကြာ အဆက်သွယ်ပြတ်သွား ခဲ့သည်ဟုဆိုသည်။

မတ်ခ်ျလ ၅ ရက်နံနက်ပိုင်းမှ စရဖ တပ်ဖွဲ့က ၎င်းမိသားစုထံ မင်္ဂလာဒုံစစ်ဆေးရုံ၌ ဦးလှဝင်း သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားသည်ဟု အမည်မဖ်ါလိုသူ ရန်ကုန်မြို့ နေ တရုတ်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ဦးလှဝင်းဟာ ဖုန်ကြားရှင်းအဖွဲ့ရဲ့ စီးပွားရေး တာဝန်ခံ။ လျှို့ဝှက်ထောက်ပံ့မှုတွေ ပေးနေ တယ် စသဖြင့် စရဖ ဖက်ကစွပ်စွဲတယ်။ ဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်။ မျက်နှာက စုတ်ပြတ် နေတယ်။ ဝမ်းဗိုက်မှာလည်း ဒဏ်ရာ ဒဏ်ချက်တွေနဲ့။ မတ်ခ်ျလ ၄ ရက်နေ့မှာ ဆုံးတယ်လို့သူတို့ပြောတယ်” - ဟု အဆိုပါတရုတ်ကြီးက ပြောသည်။

ဦးလှဝင်းအား မတ်ခ်ျ ၆ ရက်နေ့က မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း၊ မိသားစုဝင်များအား လည်း အသုဘသို့ ဝင်ရောက်ခွင့်မပေးကြောင်း၊ ကိုးကန့်ယဉ်ကျေးမှု အသင်းမှ ၃ ဦး သာ တက်ခွင့်ပြုကြောင်း ကိုးကန့်ယဉ် ကျေးမှု အသင်းဝင် တဦးက ပြောသည်။

“ဦးလှဝင်းက ကျနော်တို့ နဲ့ မသက်ဆိုင်ဘူး။ နိုင်ငံရေးကအစ စီးပွားရေးအဆုံး ဘာတခုမှ သက်ဆိုင်တာ မရှိဘူး၊ သူ့ဟာသူဘဲစီးပွားရေးလုပ်နေတယ်။ ဒီသတ်ဖြတ်မှုက မတရားမှုပဲ။ မြို့ပေါ်မှာ သတ်ဖြတ်ခံရတဲ့ ကိစ္စ၊ လောက်ကိုင်မှာ သတ်ဖြတ်ခံရတဲ့ကိစ္စတွေ။ စုံစမ်းစစ်ဆေး ပေးဖို့ လိုအပ်ပါတယ်” - ဟု ဖုန်ကြားရှင်း တပ်ဖွဲ့ အမည်ရ MNDAA ပြောခွင့်ရ ဦးထွန်းမြတ် လင်းကပြောသည်။

ဦးလှဝင်း ခေါ် လီကော်ကွန်း (Li Guoquan) သည် ကိုးကန့်ယဉ်ကျေးမှုအသင်း ဒုတိယ ဥက္ကဌ (ဟောင်း) ဖြစ်ခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အသင်းတွင်လည်း ပါဝင်သည်။

ဦးလှဝင်းတွင် ဇနီးသည်နှင့် သား တဦး၊ သမီး နှစ်ဦး၊ အသက် ၈၀ ကျော် မိခင်တို့ ကျန်ရစ်သည်ဟု သိရသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Thursday, February 19, 2015

ကိုးကန့်ဒေသအရေးအခင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်

-၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၉ရက်နေ့မှာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ဝင်ရောက် တိုက်ခိုက်မှုမှ တစ်ဆင့်ကိုးကန့်ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ပြည်သူများနေအိမ်စွန့်ခွာထွက်ပြေး ခဲ့ကြရပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့ တပ်မတော်သားများစွာနဲ့ ရဲတပ်ဖွဲ့ဝင်များကျဆုံး၊ ထိခိုက်ဒဏ်ရာရှရိမှုများဖြစ်ခဲ့ရပါတယ်။ 

- တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ကြိုးပမ်းနေတဲ့ ယနေ့အချိန်အခါမျိုးမှာ ကိုးကန့်အရေးအခင်းဖြစ်ပေါ်လာခြင်း ဟာလွန်စွာဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်။ဘယိုပဲဖြစ်ဖြစ်၊ မိမိအနေနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆက်လက် ဦးတည် ဆောင်ရွက်သွားမှာဖြစ်တယ်။ 

-ကိုးကန့်ဒေသစစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့စစ်သည်များအားလုံးနဲ့ ကျန်ရစ်သူမိသားစုများ အတွက် လွန်စွာဝမ်းနည်းထိခိုက်ရသကဲ့သို့ ဒေသတွင်းပြည်သူများ အတိဒုက္ခရောက်မှုအတွက် လည်း စိတ်မကောင်းဖြစ်ရပါတယ်. 

-လောလောဆယ်အခြေအနေမှာ တည်ငြိမ်မှုပျက်ပြားသွားတဲ့ ကိုးကန့်ဒေသနဲ့ ဘ၀လုံခြုံမှု ကင်းမဲ့ သွားတဲ့ကိုးကန့်ဒေသပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးအတွက်မိမိကိုယ်တိုင်အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ပါတီအကြီးအကဲတစ်ဦးအနေဖြင့်အစွမ်းကုန်ကြိုးစားဆောင်ရွက်သွား မှာဖြစ်တယ်။ 

Wednesday, February 18, 2015

လောက်ကိုင်တွင်ပြောက်ကျားတိုက်ခိုက်မှုများဆက်လက်ဖြစ်ပေါ်

 လောက်ကိုင်မြို့တွင် ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ပြီး ယခုအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ် ပေါ် နေပြီး  ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့်  မြန်မာ့တပ်မတော်တို့ ဆက်တိုက်တိုက်ပွဲ များဖြစ်ပေါ်နေပြီး ယခုလ၁၈ရက်နေ့မွန်းလွဲပိုင်းအထိ ပြောက်ကျားတိုက်ခိုင်မှုများဖြစ်ပေါ်နေကြောင်းသိရ သည်။
““လွန်ခဲ့တဲ့ တစ်နာရီစပြီးတိုက်နေတာခုထိပဲ။ ချင်းရွှေဟော်မြို့နယ်သုံးမိုင်နားမှာ တိုက်နေတာ။ မနေ့က တည်းက ချုံခိုတိုကိုင်နေကြတာ။ခုတောင်သေနတ်သံတွေကြားနေရတယ် ””ဟု သုံးမိုင်တွင်ရောက်ရှိ နေသော ပြည်ထောင်စုနေ့စဉ်သတင်းထောက်က ယနေ့ညနေ ၃နာရီတွင် သတင်းပေး ပို့သည်။ 
 ယမန်နေ့ကစစ်ဘေးရှောင်လာသော အရပ်သားနှစ်ဦးနှင့်တပ်မတော်သားငါးဦး အပစ်ခံရပြီး အရပ်သား တစ်ဦးသေဆုံးကာ ကျန်လူများမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ယမန်နေ့ကအဖြစ်အပျက်ကို၎င်းက ဆက်ပြောသည်။
“အခုက ယူနီဖောင်းတွေဝတ်ပြီးတိုက်တာမဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့တိုက်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
   လောက်ကိုင်တွင် စစ်ဘေးရှောက်ဒုက္ခသည်များ တစ်သုတ်ပြီးတစ်သုတ်ပြန်ဆင်းလာနေပြီး ၁၅ယောက် တစ်စု၊ အယောက်၂၀တစ်စုစသည်ဖြင့်လည်းကောင်း၊ ကူညီစောင့်ရှောက်ရေးအဖွဲ့များဖြင့်လည်းကောင်း၊ ဆက်တိုက်ဆင်းလာကြောင်း လောက်ကိုင်ဒေသခံများကဆိုသည်။
 “ယခုလ၁၁ရက်မှ ၁၇ရက်အထိကြက်ခြေနီတပ်ဖွဲ့ဝင်ပေါင်း၅၀ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်လူ မှုရေးအသင်းအဖွဲ့များနှင့်လက်တွဲကာ မော်တော်ယာဉ်များဖြင့်လောက်ကိုင်မှ ကွမ်းလုံ၊ကွမ်းလုံမှလားရှိုးမြို့ အထိယာဉ်ခေါက်ရေပေါင်း၃၀၊ စစ်ပြေးရှောင်ဒုက္ခသည်၃၁၆၃ဦး စစ်ဘေးတိမ်းရှောင်စဉ်ယာဉ်တိမ်းမှောက် မှုဖြစ်စဉ်နှစ်ခုမှ အရေးပေါ်လူနာ ၅၅ဦး၊ သေဆုံးသူ ၇ဦးအား ကယ်ဆယ်စုဆောင်းပေးခဲ့ပါတယ် ”ဟု ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌကပြောသည်။
                                                                    ပြည်ထောင်စုနေ့စဉ်မှဖော်ပြသည်။

Tuesday, February 10, 2015

KIA, TNLA,MNDAA ပူးပေါင်းတပ်ဖွဲ့များကလောက်ကိုင်မြို့အားဝင်ရောက်တိုက်ခိုက်နေ


ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၌ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှစ၍ပူးပေါင်းတပ်ဖွဲ့များမှ လောက်ကိုင် မြို့ ၏ အနောက်မြောက်ဘက်၊ အရှေ့မြောက်ဘက် နှင့် အနောက်တောင်ဘက်တို့အား ၀င်ရောက်တိုက်ခိုက်သောကြောင့် အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပူးပေါင်းတပ်ဖွဲ့များတွင် ဖုန်ကြားရှင်၏ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ တအောင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) တို့ပါဝင်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“မနေ့က မနက်ပိုင်းလောက်မှာ စဖြစ်တာ။ သူတို့အဖွဲ့က မြို့ကို ၀င်တိုက်တာဖြစ်မယ်။ အစိုးရတပ်ရှိတဲ့နေရာကနေ စဖြစ်တာ။ နေရာတိုင်း မှာဖြစ်နေတာ။ သေနတ်သံတွေ တစ်နေကုန် ကြားနေရတယ်။ မြို့ကလူတွေလည်း အိမ်တွေ ပစ္စည်းတွေ ဒီအတိုင်းထားခဲ့ပြီး နယ်စပ်ထဲကို ခဏရှောင်နေကြရတယ်။ ဒီအဖွဲ့တွေက ဘယ်က ပြန်ပေါ်လာတာလဲမသိဘူး” ဟု လောက်ကိုင်မြို့ခံတစ်ဦးမှ ပြောသည်။

အဆိုပါ ဖုန်ကြားရှင်၏ ကိုးကန့်တပ်များသည် နယ်မြေမရှိသဖြင့် နယ်မြေရရှိရန် KIA နှင့် TNLA တပ်များနှင့် ပူးပေါင်းပြီး လောက်ကိုင်ဒေသရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် အစိုးရတပ် အခြေစိုက်စခန်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ရုတ်တရက် နေရာအနှံ့အပြားမှ စတင်ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလောက်ကိုင်မြို့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးမှ ဆိုသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ထွေအုပ် အရာရှိတစ်ဦးနဲ့ ကျောင်းဆရာမ ၂ ဦးကို ဖမ်းသွားတယ်” ဟု လောက်ကိုင် ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မကြာသေးခင်ကာလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ Global Times သတင်းစာတွင် ပါရှိသော ဖုန်ကြားရှင်နှင့် အင်တာဗျူးတွင် ဖုန်ကြားရှင်အနေဖြင့် KIA အဖွဲ့နှင့် ပူးပေါင်းကာ ကိုးကန့်နယ်မြေ ကို ပြန်တိုက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆောင်ရွက်နေ ချိန်တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့၏ ရည်ရွယ်ချက်ရှိရှိဖြင့် လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များနှင့် တပ်မတော်
နေရာများအား ပစ်ခတ်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေမည်ကို စိုးရိမ်ကြောင်း လောက်ကိုင်မြို့ခံ တစ်ဦးမှ ပြောကြား သွားသည်။

Credit : ယန်ဝေလျှံ(လောက်ကိုင်)

အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

တစ်ကျော့ပြန်လက်နက်ကိုင်လာသော ဖုန်ကြားရှင်၏ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် မြန်မာ့တပ်မတော်တို့ကြား ဖေဖော်ဝါရီ ၉ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်အဖွဲ့တို့ကြား လောက်ကိုင်မြို့ အနောက်မြောက်ဘက် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် နှစ်ကြိမ်၊ လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေကျေးရွာအနီးတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ထို့အပြင် မော်ထိုက်မြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းကို ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အင်အားစုအချို့သည် လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရသည်ဟုလည်း ဖော်ပြပါရှိသည်။
ဖုန်ကြားရှင်အဖွဲ့မှာ နယ်မြေမရှိသဖြင့် နယ်မြေရရှိရန် တပ်မတော် အခြေစိုက်စခန်းကို လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြန်မာ့တပ်မတော်မှ သတင်းရရှိသည်။
‘‘တိုက်ပွဲက လောက်ကိုင်နဲ့တော့ ဝေးပါတယ်။ သတင်းတွေက ကောလာဟလတွေများနေတယ်’’ဟု လောက်ကိုင်မြို့၊ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်နီနိုင်က ပြောကြားသည်။
တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖုန်ကြားရှင်အဖွဲ့က ဖမ်းဆီးသွားခဲ့သော်လည်း ညနေတွင် ပြန်လည်လွတ်မြောက်လာကြောင်း လောက်ကိုင်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက အတည်ပြုသည်။
ထို့အပြင်တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ နှစ်ဦး အဖမ်းခံထားရပြီး ဒေသတွင်း ပြည်သူ့စစ်၏ လက်နက်များကို ဖုန်ကြားရှင်အဖွဲ့က သိမ်းလိုက်ကြောင်း လောက်ကိုင်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦး၏အစ်ကိုဖြစ်သူ လားရှိုးမြို့ခံတစ်ဦးကပြောသည်။
တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော်ဘက်မှ အရာရှိတစ်ဦးကျဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး ဖုန်ကြားရှင်တပ်ဖွဲ့မှ လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိ သည်။
ဖုန်ကြားရှင်အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားစဉ် မြန်မာ့တပ်မတော်ကသိမ်းဆည်းရရှိခဲ့သော လက်နက်ငယ်များနှင့် ပတ်သက်၍ ‘‘M 22 တရုတ်လုပ်ပါ။ KIA ပလောင်၊ ကိုးကန့်၊ ၀ ကိုင်ပါတယ်။ AK 47 ကို အခြေခံထုတ်လုပ်တယ်။  ၅ ဒသမ ၅၆ မီလီမီတာကျည်ဆန်နဲ့ ပစ်လို့ရပါတယ်’’ဟု မြန်မာ့ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။
ဖုန်ကြားရှင်ဦးဆောင်သည့် MNDDA (မြန်မာ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်)ကို ၂၀၀၉ စက်တင်ဘာတွင် မြန်မာအစိုးရက မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးများ ထုတ်လုပ်နေသည်ဟုဆိုကာ ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် ခုခံသဖြင့် မြန်မာ့တပ်မတော်က တိုက်ခိုက်ဖြိုခွင်းခဲ့ရာ ကိုးကန့်ခေါင်းဆောင်ဟောင်းမှာ ထွက်ပြေးသွားခဲ့ရပြီး ‘‘၀’’ ဒေသတွင်း ခိုလှုံခဲ့သည်မှာ ငါးနှစ်တိုင်ခဲ့ပြီဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော Global Times သတင်းစာတွင် ပါရှိသော ဖုန်ကြားရှင်နှင့် အင်တာဗျူးတွင် ဖုန်ကြားရှင်အနေဖြင့် ကေအိုင်အိုအဖွဲ့နှင့်  ပေါင်းကာ ကိုးကန့်နယ်မြေကိုပြန်တိုက်မည်အကြောင်း ပြောကြားထားသည်။
ဖုန်ကြားရှင်၏ MNDAA ဘက်ကလည်း ဖေဖော်ဝါရီ ၉ ရက်ညတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ၎င်းတို့၏ နယ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်းအထူးဒေသ (၁)ကို မြန်မာအစိုးရက ၂၀၀၉ တွင် သိမ်းပိုက်လိုက်သောကြောင့် ကိုးကန့် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တော်လှန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ၎င်းတို့နှင့် မျိုးနွယ်တူသည့် တရုတ်လူမျိုးများနှင့် ၎င်းတို့ကို ထောက်ခံသည့် တိုင်းရင်းသားအဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။
7Day

ကျောင်းသား သပိတ်များ ရပ်တန့်ရန် အစိုးရ ကြေညာချက်ထုတ်


အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံရန် သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရကြား သဘောတူညီ ချက် ပြန်လည်ရရှိပြီးနောက် အစိုးရဘက်က ကျောင်းသားသပိတ်များကို ရပ်တန့်ရန် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက်တွင် ကျောင်းသားများ တောင်းဆိုသော အချက် ၁၁ ချက်ကို အခြေခံပြီး ကျင်းပမည့် လေးပွင့်ဆိုင် ဆွေးနွေးမှုအတွက် အကြိုဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၉ ရက်က ဆွေးနွေးခဲ့ကြောင်း၊ လေးပွင့်ဆိုင် ဆွေးနွေးမှုမှ ရရှိသည့် သဘောတူညီချက် များကို ပညာရေး ၀န်ကြီးဌာနမှ လွှတ်တော်သို့ ပြန်လည်တင်ပြမည့် ဥပဒေမူကြမ်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ထို့နောက် ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၈ ရက် နေပြည်တော်တွင် အစိုးရနှင့် သပိတ်မှောက် ကျောင်းသား ကိုယ် စားလှယ်များ တွေ့ဆုံမှုတွင် ကတိပေးထားသည့်အတိုင်း ဆန္ဒပြမှုများကို ရပ်ဆိုင်းပေးရန်လည်း အစိုးရ ကြေညာချက်၌ တိုက်တွန်းထားသည်။
“လေးပွင့်ဆိုင် ဆွေးနွေးပွဲကနေ အချက် ၁၁ ချက်မှာ ဘယ်နှချက် သဘောတူညီချက် ရမလဲ မသိဘဲ ကျနော်တို့ကို သပိတ်ရပ်ခိုင်း တယ်။ မနေ့က အကြိုဆွေးနွေးပွဲမှာလည်း ကျောင်းသားသပိတ်ရပ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ ဆွေးနွေးသဘောတူထားတာ မရှိပါဘူး။ ကျနော်တို့ကတော့ ကျနော်တို့ တောင်းဆိုချက် အပြည့်မရမခြင်း သပိတ်မရပ်ပါဘူး”ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ် ရှားမှု ကော်မတီဝင် ကိုနန္ဒစစ်အောင်က ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော် တွေ့ဆုံမှုပြီးနောက် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် ကျောင်းသား၊ ပညာ ရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၊ လွှတ်တော်၊ အစိုးရ ပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည် လုပ်ဆောင်နိုင်ရန် ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ စိန်ရတု ခန်းမတွင် အကြိုဆွေးနွေးခဲ့ကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်သည့်အခါ မည်သည့်အစီအစဉ်မျိုး ဆောင်ရွက်မည်၊ မည်သူများ ဆွေးနွေးမည် ဆိုသည့် ဆွေးနွေးပွဲ အစီအစဉ်ကို ညှိနှိုင်း သည့် သဘောသာ ဖြစ်ကြောင်း ဆိုသည်။
မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မ သပိတ်လမ်းကြောင်းသည် ယနေ့ဆိုလျှင် ပြည်မြို့တွင် လှည့်လည် ဆန္ဒပြနေပြီး ပြည်မြို့တွင်ပင် တရက် ဆက်နားမည်ဟု သိရသည်။
မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ရေနံချောင်းမှ စုပေါင်းပြီး ထွက်ပေါ်လာသည့် မြေလတ်ကျောင်းသားများ သပိတ်သည် ယနေ့တွင် ပြည်မြို့ကို ကားဖြင့် တက်လာမည် ဖြစ်ပြီး ညပိုင်း၌ ပြည်မြို့ရှိ ဘုန်းကြီးကျောင်း တခုတွင် အနားယူမည် ဖြစ်သည်။
ယင်းမြေလတ်ကျောင်းသားများ သပိတ်သည် ပြည်မြို့တွင် ရောက်ရှိနေသည့် ပင်မသပိတ်နှင့် ပူးပေါင်းချီတက်မည် မဟုတ်ဘဲ ပြည်မြို့မှ တဆင့် မော်လမြိုင်ကို ဆက်လက်ထွက်ခွာမည် ဖြစ်ပြီး မော်လမြိုင်တွင် လှည့်လည်ဆန္ဒပြနေသည့် မွန်၊ ထားဝယ် ကျောင်း သား သပိတ်နှင့် ပူးပေါင်းမည် ဖြစ်ကြောင်း မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုဝေမိုးနိုင်က ပြောသည်။
အလားတူ ဧရာဝတီ ကျောင်းသားများ သပိတ်လမ်းကြောင်းသည် ယနေ့တွင် မအူပင်တက္ကသိုလ်၊ မအူပင်မြို့တွင်းသို့ လှည့်လည် ဆန္ဒပြနေပြီး မအူပင်မြို့တွင်ပင် ဆက်လက်နားမည် ဖြစ်သည်ဟု ဆိုသည်။
မကြာခင် ရန်ကုန်မြို့တွင် ပူးပေါင်းရန် စီစဉ်ထားသည့် မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မကျောင်းသားသပိတ်၊ ဧရာဝတီ ကျောင်းသားသပိတ်နှင့် မော်လမြိုင်တွင် စုပေါင်းထွက်ပေါ်လာမည့် ကျောင်းသားသပိတ် သုံးခုသည် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ပိုင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လေးပွင့်ဆိုင် ဆွေးနွေးမည့် ရက် အတွက် တရက်တာ သပိတ်ကို ရပ်နားမည် ဖြစ်ကြောင်း သိရသည်။


ယင်းကျောင်းသား သပိတ်လမ်းကြောင်းများ အားလုံးကို ရန်ကုန်မြို့ အ၀င်တွင် တားမြစ်ပိတ်ပင်ရန် ရန်ကုန်တိုင်း အစိုးရက အစီ အစဉ် များ ပြုလုပ်ထားသည်။
ဧရာဝတီ

ပညာရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရန်ကုန်တွင် ပြန်စမည်


ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော်တွင် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့သည့် ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ယနေ့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ သဘောတူလိုက်သည်ဟု သိရသည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လေးပွင့်ဆိုင် ဆက်လက် ဆွေးနွေးနိုင်ရန် ယနေ့ ညနေပိုင်း၌ ရန်ကုန်မြို့ရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ် ၃ ဦး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ကိုယ်စားလှယ် ၂ ဦး၊ ပညာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသန့်ရှင်း၊ ပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အောင်မင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ အကြိုတွေ့ဆုံရာတွင် ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့၊ စိန်ရတု ခန်းမတွင် ပြုလုပ်ခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံမှုတွင် ကျောင်းသားများ တောင်းဆိုသည့် အချက် ၉ ချက်ထဲမှ နှစ်ချက် ကျန်ရှိနေပြီး ကျန်ရှိနေသေးသည့် အချက် ၂ ချက် အပါအ၀င် အမျိုးသား ပညာရေး ဥပဒေတွင် ပြင်ဆင်ရန် တောင်းဆိုထားသည့် ၁၁ ချက်ကို ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆွေးနွေးပွဲ၌ ပညာရေး သပိတ်တွင် ပါဝင်သူ မည်သူ့ကိုမျှ သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရန် ဆိုသည့်အချက်ကို အစိုးရဘက်က လုံးဝ သဘောမတူခဲ့ပေ။
ယနေ့ ဆွေးနွေးပွဲသို့ တတ်ရောက်ခဲ့သည့် NNER ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါက်တာသိန်းလွင်က “ကျောင်းသားတွေဘက်က ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုနေစဉ်မှာ ဖမ်းဆီးတာတွေ၊ တားဆီးတာတွေ မလုပ်ဖို့ တင်ပြကြတယ်။ နယ်/လုံ ၀န်ကြီးကလည်း ရန်ကုန်မှာ အလုပ်သမား ဆန္ဒပြမှုတွေ၊ ကုန်ဈေးနှုန်း မြှင့်မှုတွေ ဖြစ်နေတဲ့အတွက် ကျောင်းသားတွေကို ရန်ကုန် မတက်လာစေချင်ဘူး။ အလုပ်သမားတွေနဲ့ ကျောင်းသားကိစ္စတွေ အားလုံးရှုပ်ကုန်ရင် ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ ပြောတယ်” ဟု ပြောဆိုသည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြနေသည့် သပိတ်မှောက် ကျောင်းသားများကို ရန်ကုန်တိုင်း အတွင်းသို့ မ၀င်စေလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရပိုင်းမှ ပြုပြင်ရေးဆွဲမည့် ဥပဒေမူကြမ်း ရရှိမှသာ ကျောင်းသားများ လိုလားသည့် အချက်များကို ပြင်ဆင်ရန် အစိုးရပိုင်းမှ တင်ပြခဲ့သည့်အတွက် ကျောင်းသားများ တောင်းဆိုချက်နှင့် ဆန့်ကျင်နေသည့်အတွက်  ယင်းအချက်ကိုလည်း ထပ်မံ ဆွေးနွေးရမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ