Tuesday, February 3, 2015

သပိတ်မှောက်ကျောင်းသားများကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈ နှင့် ငြိစွန်းကြောင်း ပြောကြား

သပိတ်မှောက်ကျောင်း သားများ မကွေးမြို့နယ်အတွင်းရှိ ဒေါင်းသေချောင်း (ဒေါင်းနေချောင်း)တံတားသို့ ရောက်ရှိချိန်တွင် မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက လူစုလူဝေးဖြင့် လမ်းလျှောက်ခြင်းသည် ပုဒ်မ ၁၈ ဖြင့် ငြိစွန်းသည်ဟု လာရောက် သတိပေး ပြောကြားခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်လံ သတင်းယူနေသော 7 Day Daily သတင်းထောက်က သတင်းပေးပို့သည်။
သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက်တွင်  ရေနံချောင်းမြို့မှ မကွေးမြို့သို့ လမ်းလျှောက် ချီတက်လာစဉ် ဒေါင်းသေချောင်း တံတားအ ရောက်၌ သတိပေးခံရခြင်းဖြစ် သည်။
‘‘လူအများကြီးနဲ့ လမ်း လျှောက်လာလို့ဥပဒေအရ ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ဆိုတာ လာ ပြောတာပါ။ အရေးယူဖို့မဟုတ်ပါ ဘူး’’ဟု ဦးစောထွန်းဦးကပြော သည်။ သပိတ်မှောက်ကျောင်းသား များသည် ဖေဖော်ဝါရီ ၂ ရက်က ရေနံချောင်းမြို့မှ ထွက်ခွာချိန် တွင် ယင်းမြို့ရှိ စက်မှုလက်မှု သိပ္ပံကျောင်းနှင့် ကောလိပ် ကျောင်းသို့ သွားရောက်မိန့်ခွန်းပြောကြားပြီး ကျောင်းသားများအား စည်းရုံးခဲ့ကြသည်။
ထို့ကြောင့် အဆိုပါကျောင်း နှစ်ကျောင်းမှ ကျောင်းသား ၇၀ ခန့်သည် ဖေဖော်ဝါရီ ၂ ရက်က သပိတ်မှောက်ကျောင်းသားများ တည်းခိုရန် ကံပြားကျေးရွာအထိ  လိုက်လံပို့ဆောင်ပေးသည်ကို တွေ့ရသည်။
ထို့အပြင်ရေနံချောင်းကော လိပ်မှ ဆရာမနှစ်ဦးသည် သပိတ် မှောက် ကျောင်းသားများအား မကွေးမြို့အ၀င်၌ တားဆီးခံရမည် ကို စိုးရိမ်သောကြောင့် ကံပြား ကျေးရွာအထိ ပို့ဆောင်ပေးသည် ကို တွေ့ရသည်။
‘‘ကျောင်းသားတွေ အတားခံရမှာကို စိုးရိမ်လို့ လိုက်ပို့ပေးတာပါ။ ကလေးတွေကို စိုးရိမ်တယ်။ သူတို့လုပ်တာ မှန်ပါတယ်’’ဟု ရေနံချောင်းကောလိပ်မှ ကထိက ဒေါက်တာ ဒေါ်အေးအေးသန့်က ပြောသည်။
မကွေးမြို့မှ NLD ပါတီဝင် များ၊ ၈၈ မျိုးဆက်ကျောင်းသား များ၊ ဒေသခံများသည် သပိတ် မှောက်ကျောင်းသားများအား ရေ နံချောင်းမြို့ထိလာရောက်ကြိုဆို ခဲ့သည်ကို တွေ့ရသည်။ သပိတ် မှောက် ကျောင်းသားများသည် မကွေးမြို့အ၀င်ရှိ ကံပြားကျေးရွာ သို့ ည ၈ နာရီတွင် ရောက်ရှိခဲ့ပြီး ယနေ့နံနက် ဖေဖော်ဝါရီ ၃ ရက်၌ မကွေးမြို့အတွင်း လှည့်လည်သွားမည်ဖြစ်ကာ မကွေးမြို့၌ တည်းခိုသွားမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသား များသည် လေးပွင့်ဆိုင်ဆွေးနွေး ပွဲကာလအတွင်း သပိတ်စစ် ကြောင်း ရပ်နားထားမည် မဟုတ်ဘဲ တောင်းဆိုသည့် အချက် ၁၁ ချက်ရသည်အထိ ဆက်လက်ချီတက်သွားမည်ဟု ဗကသကျောင်းသားဥက္ကဋ္ဌ ကျော်ကိုကိုက ပြောသည်။ အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ယနေ့ တွင် ဒုတိယအကြိမ်အဖြစ် နေ ပြည်တော်၌ ဆွေးနွေးသွားမည်ဖြစ်သည်။
7Day

ဘုရားရှင်တိုင်း မစွန့်အပ်သည့် တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့


တပို့တွဲလဟာ ဆောင်းရာသီဖြစ်လို့ ညပိုင်းမှာ အလွန်အေးမြတဲ့လ ဖြစ်တယ်။

ဒီတပို့တွဲလပြည့်နေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်ဗုဒ္ဓဘုရားရှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးပင့်လို့ မွေးရပ်ဌာနေအကြွ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရက ကြည်ညိုပြီး ဝေဠုဝန်ကျောင်းတော်ကို ပေးလှူလို့ သီတင်းသုံးနေချိန် ဖြစ်ပါတယ်။

ဒီအချိန်ကာလမှာ အဂ္ဂသာဝကလောင်းတွေဖြစ်တဲ့ ဥပတိဿနဲ့  ကောလိတဟာ သိဉ္စည်း ဆရာကြီးထံ အယူဝါဒရေးရာ၊ အကျင့်လမ်းစဉ်တွေ သင်ကြားတတ်မြောက်လို့ သူတို့ရှာဖွေတဲ့ သံသရာမှလွတ်ကြောင်း အမြိုက်နိဗ္ဗာန်တရား မတွေ့မြင်ကြလို့ ဆက်လက်ရှာဖွေနေတဲ့ အချိန်လည်း ဖြစ်တယ်။

နှင်းမှုန်တွေဖျန်း အေးချမ်းတဲ့ ဒီတပို့တွဲလဆန်းရဲ့ နံနက်ခင်းနေ့တစ်နေ့၊ ပဉ္စ၀ဂ္ဂီငါးပါး အပါအ၀င် အရှင်အဿဇိမထေရ်ဟာ သင်္ကန်းတော်ရုံ သပိတ်ပိုက်ကာ ကြည်ညိုဖွယ်ရာ အဆင်းနဲ့ ရာဇဂြိုဟ်မြို့ရဲ့ လမ်းမတော်မှာ ဆွမ်းခံကြွချီတော်မူရာ သာရိပုတ္တရာ အလောင်းဥပတိဿပရိဗိုဇ်အား မြင်တွေ့ရလို့ အကဲခတ်လိုက်ရာ “ဒီရဟန်းပုဂ္ဂိုလ်မှာ လောကရဲ့အဆုံး၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်သူမြတ် ဧကန်ဖြစ်ပေလိမ့်မယ်။ သူ့ထံ ချဉ်းကပ်မေးလျှောက်ထားရင် ကောင်းမယ်။ ဆွမ်းခံကြွနေဆဲမို့ အချိန်အခါ မသင့်သေး။ သူ့ဆီက တရားရဖို့ ထပ်ကြပ်မကွာ လိုက်ပါမှ ကောင်းမယ်” ဆိုပြီး မျက်ခြည်မပြတ် နောက်က လိုက်ခဲ့တယ်။

မြို့အပြင်တစ်နေရာ ရောက်တဲ့အခါ အပန်းဖြေ ထိုင်တော်မူလိုဟန်သိလို့ ဥပတိဿဟာ အရန်သင့်ပါလာတဲ့ အင်းပျဉ်ထိုင်ခုံလေး ချခင်းပေးလိုက်တဲ့အခါ မထေရ်က ထိုင်တော်မူကာ သပိတ်ဖွင့် ဆွမ်းဘုဉ်းပေးတော်မူတယ်။ ဆွမ်းစားပြီးလို့ ရေကပ်လှူကာ မိတ်ဆက်စကားပြောရင်း သူသိလိုတာတွေ လျှောက်တယ်။ အရှင်ဘုရားရဲ့ မျက်စိ၊ နား၊ နှာစတဲ့ ဣနြေ္ဒတွေ တည်ငြိမ်ပြီး ကြည်လင်လှတယ်။ ရုပ်ရည်သန့်ရှင်း အပြစ်ကင်းလှတယ်။ ဘယ်ဆီရည်မှန်း ရဟန်းပြုခဲ့တာလဲ။ ဆရာက ဘယ်သူလဲ။ အဲဒီဆရာ တရား နှစ်သက်ပါလား။ သိလိုတာတွေ ဆက်မေးလျှောက်လိုက်တော့ အရှင်အဿဇိက “ဒကာ၊ ငါဟာ သကျသာကီဝင်မင်းမျိုးက တောထွက်ရဟန်းပြုကာ မြတ်ဗုဒ္ဓကို ရည်မှန်း ရဟန်းပြုခဲ့တယ်။ သူဟာ ငါ့ရဲ့ဆရာ ဖြစ်ပေတယ်။ ငါဟာ သူ့တရားကို နှစ်သက်မြတ်နိုးသူဖြစ်တယ်။

“ဒါဆို အရှင်ရဲ့ဆရာ ဘုရားဟာ ဘာအယူဝါဒ ရှိသလဲ။ ဘယ်လိုတရားမျိုး ဟောလေ့ရှိသလဲ” လို့ မေးလျှောက်တော့ အဿဇိ မထေရ်က အကဲခတ်မိကာ ဒီပုရိဗိုဇ်ဟာ သာသနာရဲ့ ဆန့်ကျင်ဘက် အယူဝါဒ ရှိလိမ့်မယ်။ ဒီပုဂ္ဂိုလ်ကိုတော့ သာသနာတော်ရဲ့ နက်နဲသိမ်မွေ့တဲ့ တရားကို ထင်စွာပြမှ တော်မယ်ဆိုပြီး “ဒကာ ငါဟာ မနေ့တစ်နေ့ကပဲ ရဟန်းပြုလာတာ မကြာသေး။ သင့်ကို အကျယ်ချဲ့ကာ တရားကို မဟောနိုင်သေး။ ဒါပေမဲ့ သင့်ကို လိုရင်းသဘော အဓိပ္ပာယ်ပြည့်စုံတဲ့တရား ဟောပြမယ်” လို့ မိန့်တဲ့အခါ ဥပတိဿက  “ဒါဆိုရတယ် ဟောပါ။ တပည့်တော် နာမည်က ဥပတိဿ ခေါ်တယ်။ သုတေသီ ပညာရှင် တစ်ဦးပဲ။ အရှင်ဘုရား စွမ်းနိုင်သလို ဟောပြောပါ။ အရှင့်တရားကို ရာထောင်များစွာ နည်းတွေနဲ့ ချဲ့ထွင်သိမြင်ဖို့မှာ တပည့်တော်ရဲ့အရာ ပညာအလုပ်သာ ဖြစ်ပါတယ်” လျှောက်ထားတောင်းပန်လေတော့ အရှင်အဿဇိမထေရ်မြတ်က အောက်ပါဂါထာတော် ဟောကြားတော်မူပါတယ်။

ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။ တေသဉ္စယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော။ “ဒကာ ခန္ဓာငါးပါးဒုက္ခ သစ္စာတရားတွေဟာ သမုဒယတဏှာလောဘသာ အခြေခံ အကြောင်းရင်း ရှိတယ်။ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေရဲ့ အကြောင်း သမုဒယသစ္စာ တဏှာလောဘကို လည်းကောင်း၊ ဒီဒုက္ခနဲ့ သမုဒယ သစ္စာနှစ်ပါးတွေရဲ့ ချုပ်ရာချုပ်ကြောင်းဖြစ်တဲ့ နိရောဓသစ္စာ၊ မဂ္ဂသစ္စာနှစ်ပါး ရှိလေတယ်။ ဒီနိရောဓသစ္စာ၊ မဂ္ဂသစ္စာ နှစ်ပါးကို ငါတို့ဆရာ ဘုရားမြတ်စွာက စိတ်ဖြာခွဲခြား ဟောကြားတော်မူပေတယ်။ သုံးလူဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူတဲ့ ငါတို့ဆရာ မြတ်စွာဘုရားဟာ ဒီလိုသစ္စာတရား အမှန်တရားကို ခွဲခြားဖော်ပြ ၀ိဘဇ္ဇလို့ ၀ါဒစင်ဖြူ  အယူရှိတော် မူပါပေတယ်”

ဥပတိဿပရိဗိုဇ်ဟာ တရားဒေသနာ ဂါထာထက်ဝက်ကို ကြားနာလိုက်ရတဲ့အခါ သောတာပတ္တိဖိုလ်မှာ တည်ပါတယ်။ ဂါထာရဲ့ နောက်ထက်ဝက်ကျတော့ သောတာပန်ဖြစ်ပြီး နာယူပြီးဆုံး သွားတယ်။ ဒီအခါ သာရိပုတ္တရာအလောင်း ဥပတိဿက  ဂါထာတစ်ပုဒ် ရွတ်ပြကာ “အရှင်ဘုရား တပည့်တော် သောတ္တာပတ္တိဖိုလ်သို့ ကိုယ်တိုင်ဉာဏ်နဲ့ ဆိုက်ရောက်ပါပြီ။ တပည့်တော်တို့ သူငယ်ချင်းနှစ်ဦး နှစ်ပေါင်းများစွာ ရှာဖွေနေတဲ့ တရားမှာ အရှင်ဘုရားဟောတဲ့ တရားပါပဲ။ အရှင်ဘုရားတို့ဟာ စိုးရိမ်ခြင်းကင်းရာ နိဗ္ဗာန်တရားကို မျက်မှောက်ထင်ထင် သိမြင်နေကြတယ်။ တပည့်တော်တို့မှာက နိဗ္ဗာန်တရားကို မသိမမြင်ကြလို့ ကမ္ဘာပေါင်းများစွာ သံသရာလည်ပတ် အချိန်တွေကုန်လွန် အရှုံးကြီး ဆုံးရှုံးခဲ့ရပါပြီ ဘုရား”
ခန္တီပရမံတပေါ တိတိက္ခာစတဲ့ ဂါထာသုံးပုဒ်ကို ရဟန်းရှင်လူတိုင်း လေ့လာလိုက်စား ကျင့်ကြံအားထုတ်မယ် ဆိုပါက အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါး ပွင့်ဖွင့်ဝင်နိုင်တဲ့ သော့တံနဲ့ တူပါကြောင်း . . . . .
 
လျှောက်ထားပြီး အရှင်အဿဇိမထေရ်ကို “အရှင်ဘုရား တရားတော်ကို ဒီမှာ ရပ်ပါဦး။ ဆက်ပြီး မဟောကြားစေလိုပါ။ တပည့်တော်တို့ရဲ့ ဆရာဘုရား အခု ဘယ်အရပ်မှာ သီတင်းသုံးနေပါသလဲ” လို့ မေးရာ “ဒကာ မြတ်စွာဘုရား ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော် မူနေတယ်” ဖြေဆိုရာ “ဒါဆို အရှင်ဘုရား ရှေ့က သွားနှင့်ပါ၊ တပည့်တော်ရဲ့ သူငယ်ချင်းတစ်ယောက် ကျန်ရှိနေပါသေးတယ်။ အမြိုက်နိဗ္ဗာန်ကို လက်ဦးသိသူက ပြောကြစတမ်းဆိုပြီး ကတိက၀တ်ပြုထားလို့ သူ့ကိုပြေလည်အောင် ပြောဆိုပြီးမှ သူ့ကို ခေါ်ဆောင်ကာ လိုက်လာခဲ့ပါမယ် ဘုရား” လို့ လျှောက်တင်ကာ ခြေတော်ရင်း ၀ပ်စင်း ရှိခိုးပြီး ပရိဗိုဇ်ကျောင်း ပြန်လာခဲ့တယ်။

ကောလိတပရိဗိုဇ်ဟာ ကျောင်းအ၀င်ဝ ဥပတိဿပရိဗိုဇ်လာနေတာ မြင်လိုက်တော့ “ဒီကနေ့ သူငယ်ချင်းရဲ့မျက်နှာ အဆင်းတည်ငြိမ် ခန့်ညားလှချေပါလား။ မသေရာမှန် နိဗ္ဗာန်တရားကို ဧကန်ရခဲ့ပြီလား” လို့ ထင်ကြေးနဲ့ မေးလိုက်တဲ့အခါ “အေး...ဟုတ်စ၊ ငါ့မှာ မသေရာမှန် နိဗ္ဗာန်တရားကို ဧကန်ရခဲ့ပြီ” “ဒါဆို ဘယ်ပုံဘယ်နည်း ရခဲ့တာလဲ” ဒီအခါ ဥပတိဿက  အရှင်အဿဇိမထေရ်နဲ့ တွေ့ခဲ့ရပုံကို အကျယ်တ၀င့် ရှင်းပြပြီး ယေဓမ္မာ ဟေတုပ္ပဘ၀ါစတဲ့ ဂါထာကို ပြန်ဟောပြလို့ ဂါထာဆုံးတဲ့အခါ သူငယ်ချင်း ကောလိတဟာ သောတာပတ္တိဖိုလ်တည်ပြီး “အဆွေတော် ဥပတိဿ...  ငါတို့ဆရာဘုရား အခု ဘယ်အရပ်မှာ ရှိနေသလဲ” လို့ မေးတဲ့အခါ “ဘုရားမြတ်စွာ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေကြောင်း ငါတို့ဆရာ အဿဇိ မထေရ်က မိန့်ဆိုပြောတယ်။ ဒီအခါ ကောလိတက စိတ်မြန်သူပီပီ “ဒါဆို ဘုရားထံ အခု သွားကြစို့။ ဘုရားရှင်ဟာ ငါတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကြီး ဖြစ်ပါပေတယ်” ပြောဆိုလေတယ်။

ဥပတိဿနဲ့  ကောလိတဟာ တပည့်ပရိသတ် ၂၅၀ ကို ခေါ်ဆောင်ကာ သိဉ္စည်း ဆရာကြီးထံ သွားရောက်ပြီး သုံးကြိမ်တိုင်တိုင် ခေါ်ဆိုရာ နောက်ဆုံးမှာ “အမောင်တို့ ဒီလောကမှာ ပညာရှိ၊ ပညာမဲ့ ဘယ်သူက ပိုများသလဲ” လို့ ဆရာကြီးက မေးလိုက်ရာ “ဒီလောကမှာ ပညာမဲ့သူကများပြီး ပညာရှိသူက နည်းပါးပါကြောင်း” ဖြေလိုက်တော့ “ဒါဆို အမောင်တို့ ပညာရှိသူက ပညာရှိတဲ့ ရဟန်းဂေါတမထံ သွားလိမ့်မယ်။ ပညာမဲ့သူတွေက ပညာမဲ့တဲ့ ငါ့ထံ လာကြလိမ့်မယ်။ အမောင်တို့သာ သွားကြတော့၊ ငါ ဘယ်နည်းနဲ့မှ မလိုက်” လို့ ငြင်းဆိုလိုက်တာကြောင့် သူငယ်ချင်းနှစ်ယောက် တပည့် ၂၅၀ ကို ခေါ်ဆောင်ကာ ဝေဠုဝန်ကျောင်းသို့ လာခဲ့ကြတယ်။

ဒီအချိန် ဘုရားရှင်ဟာ ပရိသတ်အလယ် တင့်တယ်စွာ ထိုင်နေတော်မူပြီး တရားဟောနေရင်း ဥပတိဿနဲ့  ကောလိတ တပည့်တွေနဲ့အတူ ကျောင်းတော်သို့ ၀င်လာတာကို မြင်တော်မူလို့ ရဟန်းတော်တွေကို “ချစ်သား ရဟန်းတို့ ဟောဟိုမှာ ကောလိတနဲ့ ဥပတိဿ  သူငယ်ချင်းနှစ်ဦး ငါဘုရားထံ လာနေကြတယ်။ ဒီနှစ်ဦးဟာ ငါဘုရားရဲ့ လက်ဝဲရံ၊ လက်ယာရံ အဂ္ဂသာဝကအစုံ ဖြစ်ကြပေလိမ့်မယ်” လို့ မိန့်တော်မူတယ်။

သူငယ်ချင်းနှစ်ဦးသား တပည့် ၂၅၀ နဲ့အတူ ဘုရားထံ ချဉ်းကပ်လို့ ခြေတော်အစုံမှာ ညွတ်တွားရှိခိုးကာ “ဘုန်းတော်ကြီးမား မြတ်စွာဘုရား... တပည့်တော်များအား အရှင်ဘုရားထံမှာ ရှင်ရဟန်းအဖြစ် ရကြပါရစေ” လို့ တောင်းပန်လျှောက်ထားတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ လာကြလော့။ သင် ချစ်သားတို့ တောင်းပန်အပ်တဲ့ ရှင်ရဟန်းအဖြစ် ခံယူကြလော့။ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ။ သင်ချစ်သားတို့ဟာ ၀ဋ်ဆင်းရဲရဲ့ အဆုံးကို ပြုဖို့သုံး ပါးသိက္ခာသာသနာဆိုတဲ့ မြတ်တဲ့အကျင့်ကို ကျင့်ကြံအားထုတ်ကြလော့” လို့ ရွှေလက်တော်ဆန့်တန်းပြီး ဧဟိဘိက္ခု ခေါ်တော်မူလိုက်တာနဲ့ တစ်ခဏချင်း သူငယ်ချင်းနှစ်ဦးနဲ့ တပည့်အားလုံး ပရိက္ခရာ ဆင်ယင်ပြီးသား ၀ါတော် ၆၀ ရ မထေရ်တွေလို ဘုရားရှင်ကို ရှိခိုးကြရင်း ရဟန်းပြုပြီး ဖြစ်ကြပါတယ်။

ဘုရားရှင်က သင့်တော်တဲ့ တရားကို တိုးချဲ့ဟောကြားလေရာ အဂ္ဂသာဝက နှစ်ပါးကလွဲလို့ တပည့်ရဟန်း ၂၅၀ တို့ဟာ အရဟတ္တဖိုလ်ကို တစ်နေရာ၊ တစ်ထိုင်တည်း ရရှိသွားကြတယ်။ အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ်ပြီး ခုနစ်ရက်မြောက်နေ့မှာ ကာလ၀ါလပုတ္တရွာငယ်ကို ဂေါစဂံပြုတောအုပ်ထဲ ရဟန်းတရား အားထုတ်တဲ့အခါ ပင်ပန်းနွမ်းနယ်လို့ စင်္ကြံအစွန်းမှ ငိုက်မျဉ်းနေချိန် ဘုရားရှင်က တရားပြ ထိတ်လန့်စေတော့မှ ထိနမိဒ္ဓပယ်ကာ ဘုရားရှင်နည်းပေးတဲ့ ဓာတ်ကမ္မဋ္ဌာန်း ကြားနာရှုမှတ်လိုက်ရာ အထက်မဂ်သုံးပါးပြီးစေကာ သာဝကဉာဏ် ရတော်မူပါတယ်။

အရှင်သာရိပုတ္တရာမှာလည်း လခွဲ ၁၅ ရက်လွန်တဲ့နေ့ (တပို့တွဲလပြည့်နေ့)မှာ ဘုရားရှင်နဲ့အတူ ဂိဇ္ဈကုဋ်တောင် သူကရခတလိုဏ် (၀က်တူးလိုဏ်)မှာနေစဉ် တူဖြစ်သူ ဒီဃနာပရိဗိုဇ်အား ဝေဒနာ ပရိဂ္ဂဟသုတ္တန်ခေါ်တဲ့ ဒီဃနခသုတ်ကို ဘုရားရှင် ဟောတဲ့အခါ သုတ္တန်ကို အစဉ်လျှောက်လို့ မိမိဉာဏ်ကို စေလွှတ် ဝေဒနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူလို့ သာဝက ပါရမီဉာဏ် အထွတ်အထိပ်ပေါက် ရဟန္တာ ဖြစ်တော်မူပါတယ်။

မြတ်စွာဘုရားရှင် ဝေဒနာပရိဂ္ဂဟသုတ္တန်ကို နေမ၀င်မီ ပြီးဆုံးအောင် ဟောကာဂိဇ္ဈကုဋ်တောင်မှ ဆင်းခဲ့ပြီး ဝေဠုဝန်ကျောင်းတော်သို့ ၀င်ရောက်တော်မူတဲ့ အချိန်မှာ (၁) တပို့တွဲလပြည့်နေ့ ဖြစ်ခြင်း၊ (၂) ဘယ်သူတစ်ယောက်မှ ကြိုတင်ပင့်ဖိတ်မထားဘဲ မိမိတို့သဘော ဓမ္မတာအတိုင်း ရဟန်းပေါင်း ၁၂၅၀ (ဥရုဝေလ ကဿပညီနောင်ရဟန်း ၁၀၀၀ နဲ့ အဂ္ဂသာဝကကြီး နှစ်ပါးအဖွဲ့မှ ၂၅၀) တို့ စည်းဝေးမိခြင်း၊ (၃) ထို ၁၂၅၀ ရဟန်းတော်အားလုံး ဧဟိဘိက္ခုရဟန်းဖြစ်ခြင်း၊ (၄) ထိုရဟန်းအားလုံး ဆဠဘိည-အဘိညာဉ်ခြောက်ပါး ရရှိကြတဲ့ ရဟန္တာဖြစ်ခြင်း၊ ဒီအင်္ဂါလေးရပ်နဲ့ ပြည့်စုံတဲ့ သာဝကသန္နိပါတ (သာဝက အစည်းအဝေးကြီး) ပြုတော်မူပြီး အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်ကြီးနှစ်ပါးကို အဂ္ဂသာဝက ရာထူးအပ်နှင်း ပေးသနားတော်မူတယ်။ ဒီတပို့တွဲလပြည့်နေ့ ညနေချမ်း အချိန်မှာပဲ ဘုရားရှင်တိုင်း မစွန့်ရာ သြ၀ါဒပါတိမောက် ဒေသနာတော်ကို ပြတော်မူပါတယ်။ ကျွန်ုပ်တို့ ကိုးကွယ်ရာ သုံးလောကထွတ်ထား ဂေါတမမြတ်ဘုရားမှာ အင်္ဂါလေးရပ်နဲ့ ပြည့်စုံတဲ့ သာဝက သံဃာ့အစည်းအဝေးကြီးမှာ ထူးထူးခြားခြား တစ်ကြိမ်တစ်ခါသာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကြီးမှာ သြ၀ါဒပါတိမောက် ပထမဆုံး ပြတော်မူတယ်။ ထိန်းသိမ်းစောင့်ရှောက် လိုက်နာသူကို အပါယ်ဒုဂ္ဂတိဘေးစသည်မှ လွတ်မြောက်စေတတ်လို့ ဘုရားရှင်တို့ရဲ့ အကျဉ်းချုပ် အဆုံးအမ သြ၀ါဒနဲ့ ပညတ်တော်မူတဲ့ သိက္ခာပုဒ် ဥပဒေတွေကို ပါတိမောက်လို့ ခေါ်ပါတယ်။ ပါတိမောက်မှာ သြ၀ါဒပါတိမောက် အာဏာပါတိမောက်လို့ နှစ်မျိုးရှိတယ်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြတော်မူကြတယ်။

သြ၀ါဒပါတိမောက် ဒေသနာကတော့ ခန္တီပရမံတပေါ တိတိက္ခာစတဲ့ ဂါထာသုံးပုဒ်ကို ရဟန်းရှင်လူတိုင်း လေ့လာလိုက်စား ကျင့်ကြံအားထုတ်မယ် ဆိုပါက အပါယ်တံခါးပိတ်ကာ နိဗ္ဗာန်တံခါး ပွင့်ဖွင့်ဝင်နိုင်တဲ့ သော့တံနဲ့ တူပါကြောင်း တပို့တွဲလပြည့် သြ၀ါဒပါတိမောက် ဒေသနာတော်နေ့ အမှတ်ရကြစေဖို့ ရေးသားလိုက်ရပေသတည်း...။
Writer: 
ပြည်ရွှေဘို ဆရာတော် (ရန်ကုန်)
-

လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့၍ ဒေါက်တာသိန်းလွင်ကို ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံမှုတွင် NNER ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်သည် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်သဘောတူညီချက်မရရှိဘဲ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်အတွက် ပါတီ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂ ရက်က အဆိုပါကြေညာချက်မတိုင်မီ နာရီအနည်းငယ်ခြား၍ ဒီချုပ်က ဒေါက်တာသိန်းလွင်အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီး ထပ်မံထုတ်ပြန်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပါရှိခြင်းဖြစ်သည်။
ပထမ ကြေညာချက်တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အဆိုပါအစည်းအဝေးသို့ တက်ရောက်လျက်ရှိသော NNER (နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက်) ၏ ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်သည်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် မဟုတ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ အနေဖြင့် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်သဘောတူညီချက်မရှိဘဲ အခြားအဖွဲ့အစည်းတွင် ဦးဆောင်ပါဝင်ဆောင်ရွက်ခွင့်မရှိကြောင်း ဖော်ပြထားပြီး အဖွဲ့ချုပ်၏စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ဒီချုပ်က  ကြေညာချက်အမှတ် ၈/ ၀၂/၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအား ဆက်သွယ်မေးမြန်းရာတွင် ‘‘ကျွန်တော်အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဖြေဖို့ အဆင်သင့်မဖြစ်သေးပါဘူး’’ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဒီချုပ်က ဒုတိယအကြိမ်ထုတ်ပြန်ချက်တွင်မူ ဒေါက်တာသိန်းလွင်သည် ဒီချုပ်ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ဒီချုပ်အဖွဲ့ဝင်များအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းသော တာဝန်အရသာ ဆောင်ရွက်ခွင့်ရှိသည်။
ထို့ကြောင့် ဒီချုပ်က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြင်ဆင်ဖော်ပြထားသည်။
ဒီချုပ်၏ ပထမ ကြေညာချက်ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် NNER မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖေဖော်ဝါရီ ၂ ရက်က ပေးပို့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဒေါက်တာသိန်းလွင်သည် NLD ပါတီ၏ အဖွဲ့ဝင်ဖြစ်သော်လည်း NNER တွင် မိမိဆန္ဒအလျောက် ဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ၏ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု အရေးကြီးလှသော အချိန်တွင်မှ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းအပေါ် နားမလည်နိုင်ဖြစ်သဖြင့်  ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုထားသည်။
‘‘NLD က သူတို့ NLD ကို ကိုယ်စားမပြုပါဘူးဆိုပြီးတော့ ပြောတယ်။ ပါတီစည်းကမ်းတွေကို မလိုက်နာပါဘူးလို့ ပြောတယ်။ ဒီစည်းကမ်း၊ မူဝါဒတွေက လက်ရှိ ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲကို သွားလိုက်တဲ့အပေါ်မှာ ဘာတွေများ NLD ကို ဆိုးကျိုးဖြစ်သွားစေလဲဆိုတာ မေးခွန်းပြန်မေးချင်ပါတယ်’’ဟု NNER အဖွဲ့ဝင် ဒေါ်သူသူမာကပြောသည်။
ထို့အတူ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရန် သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသားများကို  ဦးဆောင်နေသည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်သည် လေးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုကို နှောင့်နှေးစေသည့်သဘော သွယ်ဝိုက်သက်ရောက်စေသည့်အတွက် ကြေညာချက်ကို အချိန်ကိုက်မထုတ်ပြန်သင့်ကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
‘‘ဒီလို ထုတ်ပြန်ချက်ထုတ်လိုက်တဲ့အတွက် ဆွေးနွေးပွဲကို ထိခိုက်မှုမျိုးတော့မရှိပါဘူး။ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုအပေါ်မှာတော့ ဒီလိုကြေညာချက်ထုတ်ပြန်ခြင်းမျိုးက အန္တရာယ်ရှိလာမှာကို စိတ်ပူမိတာတော့ အမှန်ပဲ’’ ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်ကပြော သည်။
ဒေါက်တာသိန်းလွင်သည် NNER  စတင်ဖွဲ့စည်းသော ၂၀၁၃ဇန်န၀ါရီလကတည်းက ပါဝင်ခဲ့သူဖြစ်ကာ မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်သည်။
7Day

ကျောင်းသားများစည်းကမ်းမဲ့လွန်း၍လေးပွင့်ဆိုင်ဆွေးနွေးပွဲပျက်


နေပြည်တော်၊ 

ပညာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော ပညာရေးဥပဒေပြင်ဆင်ရေး ဆိုင်ရာ လေးပွင့်ဆိုင်
ဆွေးနွေးပွဲတွင် ကျောင်းသားများဘက်က စည်းကမ်းမဲ့ ပြုမူခဲ့၍ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

“မနက်ကတည်းက ဖြစ်နေတာ။ အစိုးရက NNER ကိုယ်စားလှယ် ၁၅ ဦး၊ ကျောင်းသား ကိုယ်စားလှယ် ၁၅ ဦး အစည်းအဝေး ခန်းမထဲ ၀င်ခွင့်ပေးတယ်။ ကျောင်းသားတွေက ပျဉ်းမနား ဗကသ အပါအ၀င် လူပေါင်း ၁၀၀ ကျော် ၀င်ခွင့်တောင်းတယ်။ နောက် ကျောင်းသားတွေနဲ့ ပါလာတဲ့ မီဒီယာတွေကို ၀င်ခွင့်ပေးဖို့ တောင်းတယ်။ အစိုးရက ပြန်ပြောတာကတော့ မီဒီယာတွေက စိစစ်ပြီး ၀င်ခွင့် ကဒ်ပြားတွေ ထုတ်ပေးထားလို့ အစည်းအဝေးခန်းထဲတောင် ရောက်နေပြီ ဆိုပြီး ပြန်ရှင်းတယ်။ အဲဒါကတော့ အမှန်ပါပဲ။ ကျွန်တော်တို့ အထဲ ရောက်နေပြီ။ ကျောင်းသားတွေ ခေါ်လာတဲ့ မီဒီယာသမား ဆိုတာတွေ ကျွန်တော်တို့တော့ မသိဘူး” ဟု သတင်းသွားယူခဲ့သည့် သတင်းထောက်တစ်ဦးက ပြောသည်။

“ပထမတော့ ၁၅ ဦး၊ ကျောင်းသားတွေ တောင်းဆိုလို့ နောက်ထပ် ၅ ဦး ထပ်မံ ခွင့်ပြုပေးမယ်။ ကျန်တဲ့သူတွေကတော့ ဆွေးနွေးတာ သိအောင် ပရိုဂျက်တာနဲ့ ထိုးပေမယ် လို့ ညှိတယ်။ ဒါပေမယ့် ကျောင်းသားတွေက အကုန်လုံး ၀င်ခွင့် မရရင် ဆွေးနွေးပွဲ မတက်ဘူး ဆိုပြီး တောင်းဆိုတယ်။ ကျွန်တော်တို့ သေသေချာချာ ပြင်ဆင်ထားပါတယ်။ လေးပွင့်ဆိုင် ပုံစံ စားပွဲတွေ ပြင်ထားပါတယ်။ မီဒီယာတွေ ၀င်ခွင့် မပေးဘူး ဆိုတာ မဟုတ်ပါဘူး။ သူတို့အဖွဲ့နဲ့ ပါလာတဲ့ မီဒီယာဆိုတာက ဘယ်လိုလဲတော့ မသိဘူး။ ရုံးထဲမှာ မီဒီယာတွေ ရောက်နေပြီးသားပါ” ဟု ပညာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောတယ်။ မောင်ကျောင်းသားတွေ အချိန် မရှိဘူး။ ဒို့လည်း လွှတ်တော်ကိစ္စတွေ ရှိတယ်။ တွေ့ဆုံဆွေးနွေးတယ် ဆိုတာ ဒီလိုပဲ ကိုယ်စားလှယ်အရေးအတွက် ကန့်သတ်ပြီး ဆွေးနွေးကြရတာပဲ။ အဓိက မကျတဲ့သူတွေ အကုန်လုံးတော့ ၀င်လို့ ဘယ်ရမလဲ။ အစည်းအဝေးခန်းမရဲ့ အနေအထားလည်း ရှိသေးတယ် လို့ ပြောတယ်။ ဒါပေမယ့် ကျောင်းသားတွေက လက်မခံဘူး။ အကုန်လုံး အစည်းအဝေးခန်းထဲ မ၀င်ရရင် မတက်ဘူး ဆိုပြီး ပြောတယ်။ နောက်ဆုံးတော့ သမ္မတကြီးဆီက သဘောထား လာတယ်။ ၁၂ ရက်နောက်ပိုင်းကို ရွှေ့လိုက်တယ်ပေါ။ ပြီးတော့ ကျောင်းသားတွေအနေနဲ့ ဘယ်ကျောင်းသားထုကို ကိုယ်စားပြုတယ်၊ ဘယ်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တယ် ဆိုတာ အထောက်အထား ယူခဲ့ဖို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ကျောင်းသားများနှင့် အတူ လိုက်ပါလာသူများမှာ လူပေါင်း ၁၀၀ ကျော်ရှိပြီး ပျဉ်းမနား ဗကသ ဟု ပြောသည့် အဖွဲ့တစ်ခုတည်းပင်လျှင် ၅၀ ကျော် ရှိကြောင်း သတင်းရရှိသည်။
oppsiteeye

Monday, February 2, 2015

ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၃ ရက်တွင် ထပ်မံကျင်းပမည်

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ တွင် သပိတ်မှောက်ကျောင်းသားများ မူလတောင်းဆိုထားသည့်အချက် (၁၁)ချက်ကို မဆွေးနွေးနိုင်ခဲ့ဘဲ ကျောင်းသားများ ထပ်မံတင်ပြသောဆွေးနွေးပွဲမူဘောင်ကိုးချက်သာ  ဆွေးနွေးရင်း တစ်နေကုန်ခဲ့ကာ ဖေဖော်ဝါရီ ၃ရက်(အင်္ဂါနေ့)တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဆွေးနွေးပွဲထပ်မံကျင်းပမည်ဖြစ်သည်။
ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့ တွေ့ဆုံပွဲတွင် ကျောင်းသားများ ထပ်မံတင်ပြလာသည့် ဆွေးနွေးပွဲမူဘောင်ကိုးချက်ကို ၁၀ နာရီခန့်ကြာ ဆွေးနွေးခဲ့ပြီးနောက် ခုနစ်ချက်ကို ပြင်ဆင်ညှိနှိုင်းသဘောတူညီခဲ့ကြသည်။ ကျန်နှစ်ချက်ကို လာမည့် ဆွေး နွေးပွဲတွင် ထပ်မံညှိနှိုင်းမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသားများ တင်ပြသည့် ဆွေးနွေးပွဲမူ ဘောင်ကိုးချက်တွင် အချက်သုံး ချက်ကို မူရင်းအတိုင်း သဘောတူ ညီမှုရရှိခဲ့ပြီး အခြားအချက် လေးချက်ကို ပြင်ဆင်ညှိနှိုင်းသဘောတူညီခဲ့သည်။ ကျန်အချက်နှစ် ချက်ဖြစ်သော ဒီမိုကရေစီပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ကိုမှ သပိတ်နှင့် ပတ်သက်၍ အရေးယူခြင်းမပြုရေးကို သဘောတူညီမှု မရရှိခဲ့ဘဲ ကျောင်းသားသမဂ္ဂများ တရားဝင်အသိအမှတ်ပြုရေးဆိုသည့်အချက်ကို တစ်စိတ်တစ်ပိုင်းသဘောတူညီမှုရရှိခဲ့ သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဘက်က ဦးဆောင်တက်ရောက်သည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တွေ့ဆုံ ဆွေးနွေးပွဲ စတင်နေပြီဖြစ်သောကြောင့် သပိတ်ဖျက်သိမ်းပေးရန် နှင့် ပုပ္ပားအလွန်မှစ၍ လုံခြုံရေး တာဝန်ယူတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
‘‘တောင်သာ၊ ၀ဲလောင် ကိစ္စတွေကို အတတ်နိုင်ဆုံးညှိနှိုင်းပြီး တော့ ကျွန်တော် တာဝန်ယူမယ်ဆိုတာကို ပုပ္ပားအထိလို့ ကျွန်တော်ပြောခဲ့တယ်။ အခု ပုပ္ပားကျော်လာတဲ့အခါမှာ ကျွန်တော့်တာဝန် မရှိတော့ဘူး။ ကျွန်တော်က ပြန်တင်ပြပေးရမယ့် တာဝန်ပဲရှိတယ် ’’ဟု ၎င်းက ပြောသည်။
မန္တလေးမြို့မှ စတင်ချီတက်လာပြီး တောင်သာမြို့အရောက် တွင် အာဏာပိုင်များ၏ တားဆီးမှုနှင့်ကြုံတွေ့ခဲ့ရသော သပိတ်စစ်ကြောင်းသည် ယခုအခါရေနံချောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ တောင်းဆိုချက်များ မရမချင်း သပိတ်လာမည်မဟုတ်ဘဲ ဆက်လက်ချီတက်မှုများပြုလုပ်မည်ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင်များကဆိုသည်။
‘‘ကျွန်တော်တို့ တကသနဲ့ ဗကသ (မြေလတ်)ဦးဆောင်နေ တဲ့ ပခုက္ကူသပိတ်စစ်ကြောင်းက လာမယ့် အင်္ဂါနေ့ဆွေးနွေးပွဲထိ ရပ်တန့်ထားပါမယ်။ ဗကသဦးဆောင်တဲ့ သပိတ်စစ်ကြောင်း (တောင်သာတွင် တားဆီးမှုနှင့် ကြုံတွေ့ခဲ့သည့်)ကတော့ ဆက် လက်ချီတက်သွားမယ်’’ ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။
သပိတ်မှောက်ကျောင်းသား များအနေဖြင့် အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး အစိုးရဘက်က တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်မှုပျက်ပြားစေသည်ဆိုသည်မှာ အကြမ်းဖက်ဖြို ခွင်းသူများအပေါ် မူတည်ကြောင်း သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် မဖြိုးဖြိုးအောင်ကပြောသည်။
7Day

NLD (၁၀)ဦးခန့်ပြည်ခိုင်ဖြိုးပါတီသို့ကူးပြောင်း


ဇန်န၀ါရီလ ၃၁ ရက်၊ ၂၀၁၅

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ မြို့နယ် ကံပေါက် ကျေးရွာ အတွင်းရှိ NLD ပါတီဝင် (၁၀) ဦးခန့်သည် ယခုလ (၃၀) ရက် (ယမန်နေ့) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ တရားဝင် ကူးပြောင်း ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ ယင်းသို့ ကူးပြောင်းရာတွင် ရပ်ကျေး အဆင့် တောင်သူ လယ်သမားများ ညီလာခံ ကျင်းပကာ NLD ပါတီမှ တရားဝင် နုတ်ထွက် လိုက်ကြောင်းနှင့် ကြံ့ခိုင်ရေး ပါတီသို့ တရားဝင် ပြောင်းလိုက်ပြီး ဖြစ်ကြောင်းကို အသိပေး ကြေညာကာ နုတ်ထွက်မှုများ
ပြုလုပ်ခဲ့ကြောင်းကို အဆိုပါ ဒေသခံများ ထံမှ သိရသည်။


ဘာကြောင့်လဲ ဆိုတာ ကတော့ မပြောပြတော့ ပါဘူး။ မိမိတို့ စိတ်ကြိုက် ဖြစ်လို့ ပြောင်းလိုက် တာပါ။ တရားဝင်ကို အသိပေးလိုက် တာပါ။ ရပ်ကျေး အဆင့် တောင်သူ လယ်သမား ညီလာခံ ကိုလည်း ကျင်းပနေတော့ တစ်ခါတည်း လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့။ သေချာတာ ကတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်စေချင်တယ် ဆိုရင်တော့ အောက်ခြေဆင့် ပါတီဝင်တွေကို ပြောင်းလဲမှ ဖြစ်မှာပါ ဟု NLD ပါတီမှ ကြံ့ခိုင်ရေး ပါတီသို့ ပြောင်းလိုက်သည့် ကံပေါက် ကျေးရွာမှ ဒေသခံ တစ်ဦးက The Messenger Media သို့ ပြောသည်။

ယင်းသို့ ပါတီ ကူးပြောင်းရာတွင် ကံပေါက်ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ တချို့မှ ဒေသခံ (၁၀) ဦးက ပါတီတွင်း အောက်ခြေ အဆင့် ပါတီဝင်များ၏ လုပ်ရပ် များကို သဘော မကျသဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ ခြင်း ဖြစ်ပြီး အဆိုပါ ပြောင်းလဲမှုသည် မည်သူ တစ်ဦး တစ်ယောက် ကမျှ တိုက်တွန်းခြင်း ဖိအားပေးခြင်း မျိုးကြောင့် မဟုတ်ကြောင်းကို ၎င်းဒေသခံက ပြောသည်။ အဆိုပါ ကံပေါက် ကျေးရွာတွင် ယခုလ (၂၃) ရက်နေ့က ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ ပြီးနောက် ပါတီဝင် တချို့မှ ယခုကဲ့သို့ ပြောင်းလိုက် ကြကြောင်း ကိုလည်း သိရသည်။

တကယ်တမ်း ပြောင်းချင်ရင် နာမည် နဲ့သာ ပြောင်းလဲ လိုက်ပါ။ လက်ခံပါတယ်။ မကောင်းဘူးလို့ ပြောတယ် ဆိုလည်းဆက်လုပ်နေမှာပဲ။ကြိုက်တာမကြိုက်တာ သူတို့ကဏ္ဍပါ။ ဒီလို ကိစ္စတွေက ကိုယ့်စိတ်ကြိုက် ပြောင်းနိုင် ပါတယ်။ ဘာမှတော့ မပြောချင် ပါဘူးဟု ကံပေါက် ကျေးရွာ မှ NLD စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ကိုသိန်းကြိုင်က The Messenger Media သို့ ပြောသည်။ ယင်းပုလဲ မြို့နယ်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒပြု လက်မှတ် အပြတ်အသတ်ဖြင့် အနိုင်ရရှိ ထားခဲ့ကြောင်း သိရသည်။

Messenger

ကျောင်းသားများကို သပိတ်လှန် အိမ်ပြန်ရန် အစိုးရ ထပ်မံ တိုက်တွန်း


ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၅

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်နေသည့် သပိတ်မှောက် ကျောင်းသားများကို သပိတ်လှန်ပြီး နေရပ်ပြန်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မြို့ စိန်ရတုခန်းမတွင် ပြုလုပ်သော လေးပွင့်ဆိုင် တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ထပ်မံ ဖိအားပေး ပြောကြားလိုက်သည်။

“ကျနော်က သပိတ်ရပ်နားမည့်ကိစ္စကို ခင်ဗျားတို့ ဈေးဆစ်လို့ သပိတ်ရပ်နားမည်လို့ ရေးခဲ့တာပဲ။ ကျနော်က တော်တော်လေး ကြိုစားပြီး ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်။ ဒါကို လူကြီးတွေကလည်း စတင်တဲ့နေ့မှာ သပိတ်ရပ်ဆဲမည် ဆိုတာကို ဒီတိုင်းပဲ နားလည်ထားတယ်။ ကျနော့်ဘက်က ခိုင်ခိုင်မာမာ ပြောတာက ဒီနေ့ ဆွေးနွေးပွဲ စတင်ပြီ။ နောက်ထပ်လည်း ဆွေးနွေးပွဲ ဆက်လုပ်ဖို့လည်း ကျနော်တို့ ဆုံးဖြတ်ပြီးပြီ။ အဲဒါကြောင့်မလို့ သပိတ်လှန်ပါလို့ပဲ ကျနော်က ပြောချင်တယ်” ဟု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ကျောင်းသားများ ထပ်မံ တင်ပြတောင်းဆိုသော အချက် ၉ ချက်ထဲမှ သပိတ်မှောက်သူများကို သပိတ်နှင့် ပတ်သက်၍ အရေးမယူရန် တောင်းဆိုရာတွင် ၀န်ကြီး ဦးအောင်မင်းက တာဝန်မယူနိုင်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

“ကျနော် တာဝန်ယူမယ်ဆိုတာကို ပုပ္ပါးအထိ ပြောခဲ့ပါတယ်။ အဲဒီတော့ ပုပ္ပါး ကျော်တဲ့ကိစ္စကတော့ ကျနော့်ဆီမှာ တာဝန် မရှိတော့ပါဘူး။ ကျနော်က ပြန်တင်ပြပေးရမယ့် တာဝန်ပဲ ရှိတော့တယ်” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။

ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ NNER (ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) နှင့် ကျောင်းသားများ ပါဝင်သည့် လေးပွင့်
ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် သမ္မတ မှာကြားလိုက်သည့် စကား၌ ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်နေသည့် 
ကျောင်းသားများနှင့် မိဘများမှ သပိတ်ရပ်တန့်ရန် လိုလားကြောင်း၊ မြင်းခြံတက္ကသိုလ်တွင် ကျောင်း
သားများ နိုင်ငံတော် အလံကို ဖြုတ်ချပြီး ကျောင်းသားအလံ တင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အလံကိစ္စမျိုးကို သမ္မတအနေနှင့် တာဝန် မယူနိုင်ကြောင်း ပြောဆိုမှုများသည် သပိတ်မှောက် ကျောင်းသားများကို အရေးယူ ဖမ်းဆီးမည့် အရိပ်လက္ခဏာများ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဧရာဝတီ

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ